ပင်လောင်းရောက်တာစောနေသေးတော့ နေ့လယ်စာမစားတော့ဘူး။ ကလောကို ဆက်ထွက် တယ်။ လမ်းမှာ နောင်တရား၊ တီကျစ် ကို ဖြတ်ရတယ်။ နောင်တရားကတော့ မြို့နယ်ခွဲအဆင့် တောင်ဖြစ်နေပြီ။ နှစ်နေရာလုံးက သမိုင်းကြောင်းနဲ့နာမည်ကြီးတဲ့နေရာတွေပဲ။ လွိုင်ကော်၊ ပင်လောင်းလမ်းက သာစည်-တောင်ကြီးကားလမ်း ကလော နဲ့ အောင်ပန်းကြားကို သွားပေါက် တယ်။ လမ်းခွဲက ကလောနဲ့ ပိုနီးတယ်။ အောင်ပန်းဘက်နဲ့ဆို ခြောက်မိုင်လောက်ဝေးသေးတယ်။
ဒီလမ်းခွဲတရားဝင်အမည်က ပင်လောင်းလမ်းခွဲပေါ့။ ဒါပေမယ့် ကျွန်တော်တို့ ကလောမှာသင်တန်း တက်တဲ့အချိန်က တစ်ချို့က ဒီနေရာကို မာတင် ချော်လဲ လမ်းခွဲလို့ ခေါ်ကြတယ်။ နာမည်က ထူး ဆန်းနေလို့ သမိုင်းကို ပြန်ခြေရာကောက်ကြည့်တယ်။ မာတင်ဆိုတဲ့ လူကြီး ချော်လဲ လို့ ခေါ် တာမဟုတ်ဘူးတဲ့။ “ မာတင်” ဆိုတဲ့ အိန္ဒိယ နွယ်ဖွား အမျိုးသားကြီး ထမင်းဆိုင်ဖွင့်ခဲ့ဖူးတဲ့နေရာ၊ ချော်လဲ ဆိုတာက သူ့ဖခင် နာမည်။ ကြည့်ရတာတော့ သူတို့လူမျိုးအရခေါ်တဲ့ နာမည်ကို မြန်မာ မှု ပြုအသံထွက်ထားပုံရတယ်။ ဦးမာတင်တို့က ယင်းမာပင်လမ်းခွဲမှာလည်း ထမင်းဆိုင်ဖွင့်ဖူး တယ်။ နောက်မှ ပင်လောင်းလမ်းခွဲကို ရွှေ့လာတာလို့ပြောတယ်။ ဦးမာတင်ကတော့ ကွယ်လွန် သွားပြီ။ သူ့ညီမတွေကတော့ ကလောမြို့ထဲမှာ ရှိသေးတယ်၊ စားသောက်ဆိုင်ဖွင့် ထားတယ်လို့ လည်း ပြောတယ်။ ဒီတစ်ခေါက်တော့ အချိန်မရလို့ မရှာနိုင်ခဲ့ ဘူး။ နောက်တစ်ခါ ကလော ရောက် ရင်တော့ ရှာဖွေကြည့်ရဦးမယ်။
သာစည်-တောင်ကြီးလမ်းကို BOT ရထားတဲ့ ကုမ္ပဏီ က အကြီးအကျယ်ပြင်ထားတယ်။ လမ်း အကျယ်ရော၊ လမ်းသားရော နိုင်ငံတကာ စံချိန်မီပဲ။ အင်န်အယ်လ်ဒီ အစိုးရတာဝန်ယူချိန်ကာလ မှာ အဝေးပြေးလမ်းမကြီးတွေ အရည်အသွေးကောင်းလာတော့ တစ်ချို့ကလည်း အရင်က BOT ပေးခဲ့လို့ အခု ကောင်းလာတာလို့ ပြောတယ်။
ဒါပေမယ့် လက်ရှိ အစိုးရရဲ့ ကြီးကြပ်မှုနဲ့ တွန်း အားပေးမှုကြောင့်ဆိုတာကိုတော့ အသိ အမှတ်ပြုရမှာပဲ။ အင်န်အယ်လ်ဒီအစိုးရနဲ့ အင်န် အယ်လ်ဒီ ထောက်ခံသူတွေက ဒါကို ဂုဏ်ယူပြီးပြောတာကိုလည်း မင်းတို့ကြောင့်မဟုတ်ဘူးလို့ ပြောလို့မရဘူး။ ဒီမိုကရေစီ စနစ်မှာတော့ ရွေးကောက်ပွဲကြောင့် အစိုးရတွေပြောင်းသွားတဲ့အခါ နောက်လူက အရင်လူ ထက် ကောင်းအောင်လုပ်ဖို့ ကြိုးစားမယ်။ လူထု အသိအမှတ် ပြုခံရအောင်ပြောမယ်၊ဒါဓမ္မတာပဲ။ တစ်ခုတော့ရှိတယ်။ ကောင်း သွားရင် ငါ လုပ်တာ၊ မကောင်းရင် သူလုပ်တာလို့မပြောဖို့ တော့လိုတာပေါ့။
နေ့လည်စာကို ကလောဈေးနားက အောင်ချမ်းသာလမ်းမှာရှိတဲ့ ဧဝရတ် နီပါလီ စားသောက်ဆိုင် မှာစားတယ်။ ချစ်တီး ထမင်းလည်း ရတယ်။ ကျွန်တော်ကတော့ ပူရီ နဲ့ဆိတ်သား စားတယ်။ အတော်ကောင်းတယ် ။ ဆိုင်အနေအထားကလည်း သန့်ရှင်းတယ်။ Tripadvisor ဝက်ဘ်ဆိုက်မှာ ဒီဆိုင်ကို ကလောမြို့က စားသောက်ဆိုင် ၃၀ အနက် အဆင့် ငါး ပေးထား တယ်။ နိုင်ငံခြားသား ခရီးသွားတွေလာတဲ့အချိန်ဆိုရင် လူ အတော်စည်မယ်။ အခုတော့ ကျွန်တော်တို့အပါအဝင် စားပွဲ ဝိုင်းနှစ်ဝိုင်းပဲလူရှိတယ်။
ကလောမှာ ဟိုတယ်တွေအများကြီးပဲ။ ကျွန်တော်တို့အတွက်ကတော့ ကြယ်သုံးပွင့်တွေ၊ လေးပွင့် တွေ၊ တောင်ထိပ်ကနေ ရှုခင်းကြည့်ဖို့တွေမလိုပါဘူး။ သင့်တော်တဲ့ ဈေးနှုန်းနဲ့ အေးအေး ဆေးဆေး နားလို့ရမယ့်နေရာ ဆိုရင် လုံလောက်ပြီ။
ဒီလိုနဲ့ မိတ်ဆွေတစ်ယောက်ရွေးချယ်ပေးတဲ့ Nature Land (1) ဆိုတဲ့ ဟိုတယ်လေး မှာတည်း ဖြစ်တယ်။ ဟိုတယ်က သာစည်ဘက်အထွက် ရပ်ကွက်ခြောက်ထဲမှာ။ သာစည်ဘက် ကလာရင် သုမောင်ထမင်းဆိုင်( အသစ်) နဲ့ မျက်နှာချင်းဆိုင်လောက်မှာ ညာဘက် တောင်ကုန်းပေါ် တက်သွားတဲ့လမ်းလေးအတိုင်းသွားရ တယ်။ လမ်းညွှန်ဆိုင်းဘုတ်တွေ ရှိ ပါတယ်။ ပါးစပ် GPS နဲ့လည်းသွားလို့ရတယ်။
ဟိုတယ်က အခန်းနှစ်ဆယ်ပဲရှိတယ်။ ဒါပေမယ့် လေးငါးထပ်ဆောက်ထားတာမျိုးမဟုတ်ဘူး။ ပန်းခြံလေးထဲမှာ ဘန်ဂလိုလေးတွေ ဆောက်ထားတာ။ တောင်ထိပ်ပေါ်က မြင်ရတဲ့ ရှုခင်းမျိုး ကြည့်ချင်လို့တော့မရဘူး။ ဒါပေမယ့် တစ်နေကုန် လေ ျှာက်သွား၊ ပြန်လာရင် အေးအေး ဆေး ဆေး သက်တောင့်သက်သာနားချင်တယ်ဆိုရင်တော့ ဒီဟိုတယ်လေးက သင့်တော် ပါတယ်။
ဒီဟိုတယ်က ဘတ်ဂျက်ခရီးသွားတွေအတွက်၊ မိသားစုလိုက်လာသူတွေအတွက်လည်း တွက်ခြေ ကိုက်တယ်။ ရှစ်ယောက်အထိ တည်းလို့ရတဲ့ လုံးချင်းနှစ်ထပ်ခွဲ ဘန်ဂလိုကနေ ၊ ခုနှစ်ယောက် တည်းလို့ရတဲ့ နှစ်ထပ် ဘန်ဂလို၊ နှစ်ယောက် / သုံး ယောက်နေလို့ရတဲ့လုံးချင်း ဘန်ဂလို၊ နှစ်ခန်းတွဲ ဘန်ဂလို၊ ငါးခန်းတွဲ အဆောင် ဆိုပြီး အမျိုးမျိုးခွဲထားတယ်။ လေအေးစက် ပါ နဲ့၊ လေအေးစက်မပါတဲ့အခန်းဆိုပြီးလည်း ခွဲထားတယ်။ လေအေးစက်ပါရင် တစ်ယောက်ကို သုံးသောင်းကနေ လေးသောင်း၊ မပါရင် နှစ်သောင်းကျော်လောက်ပဲကျတယ်။ သုံးယောက်တည်း ရင်၊ ခုနှစ်ယောက်တည်းရင် ပိုသက်သာတယ်လို့ပြောတယ်။ တကယ်တော့ ကလောမှာ လေအေး စက်မပါလည်း တည်းလို့ရပါတယ်။ ရေပူ၊ ရေအေးရဖို့ပဲလိုပါတယ်။
ကျွန်တော်က ဟိုတယ်အကြီးကြီးတွေမှာ တည်းရတာထက် ဟိုတယ်သေးသေးလေးတွေမှာတည်း ရတာကိုပိုကြိုက်တယ်။ နွေးထွေးတယ်။ မိသားစုဆန်တယ်။ အခု Nature Land ဟိုတယ်လေး မှာ ကျွန်တော် အလွန်သဘောကျတဲ့အချက်နှစ်ချက်ရှိတယ်။
ပထမတစ်ချက်က မနက်အစောကြီးရောက်လာတဲ့ ဧည့်သည်တွေ check in ဝင်လို့မရသေးရင် အိပ်ဖို့ ၊ နားဖို့ စီစဉ်ပေးတဲ့အပြင် နံနက်စာကိုပါ အခမဲ့ကျွေးတာပါပဲ။ ဟိုတယ်ဝင်း အဝင် ဘယ်ဘက်မှာ Morning Glory လို့အမည်ပေးထားတဲ့ အဆောင်လေးရှိတယ်။ အဲဒီအဆောင် ထဲမှာ ကုတင်ရှစ်လုံး၊ စောင်၊ ခေါင်းအုံးတွေရှိတယ်။ ရေချိုးခန်း၊အိမ်သာစီစဉ်ထားတယ်။ ဒီအစီ အစဉ်က အဝေးပြေးခရီးသည်တင်ယာဉ်နဲ့လိုက်လာပြီး မနက်အစောကြီးရောက်လာတဲ့ ခရီးသွား တွေအတွက် အတော်အဆင်ပြေတယ်။
နောက်တစ်ချက်ကတော့ စားသောက်ခန်းပဲ။ နံနက်စာက ဘူဖေးမဟုတ်ဘူး။ ရှမ်းအစား အစာ တွေကို ညထဲက ကြိုပြောထားတဲ့အတိုင်းလုပ်ပေးတယ်။ ကျွန်တော်ကတော့ တို့ဟူး နွေး စားခဲ့တယ်။ ညစာလည်း စားချင်တာကြိုပြောထားရင် ချက်ပေးတယ်။ သီးခြားစားသောက်ဆိုင် လို လုပ်မထားဘူး။
ဟိုတယ် နဲ့ ခရီးသွားလုပ်ငန်းဟာ ကလောမြို့ရဲ့ အဓိက စီးပွားရေးပဲ။ အခုတော့ ကိုဗစ်ကြောင့် ကလော ဟာ အတော်ဖျားနာနေပုံရတယ်။ ဒီခရီးမှာ ပင်းဒယဘက်က ပြန်လာတဲ့ နယ်သာလန် နိုင်ငံသား တစ် ယောက်နဲ့တွေ့တယ်။ သူက မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်းလာလုပ်နေတာ ဆယ်နှစ် နီးပါး ရှိနေပြီ။ နိုင်ငံခြားသားခရီးသွားတွေ မလာနိုင်တဲ့အချိန်မှာ ပြည်တွင်း ခရီးသွားတွေအတွက် ဘာတွေစီစဉ်လို့ရမလဲဆိုတာ လာကြည့်တာတဲ့။ ကလောမြို့လေး ဟာလည်း ကမ္ဘာလှည့်ခရီးသွားတွေ ပြန်မလာခင်တော့ ပြည်တွင်းခရီးသွားတွေ နဲ့ပဲ ရုန်းကန်နေရဦးမှာပဲ။