ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခြင်း
၂၀၂၀ ရွေးကောက်ပွဲ မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အခန်းကဏ္ဍကို ရေး မယ်ဆိုတော့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ တာဝန်ယူခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ နှိုင်းယှဉ်ဖို့လိုလာတယ်။ ၂၀၁၅ ရွေးကောက်ပွဲအကြိုကာလမှာတော့ ရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကို အစွဲပြုပြီး ဦးတင်အေးကော်မရှင်လို့ ခေါ်ခဲ့ကြတယ်။ ဒါ့ကြောင့် ကော်မရှင်နှစ်ခုကို နှိုင်းယှဉ်တဲ့အခါ မြင်သာအောင်လို့ ဥက္ကဋ္ဌအမည် တွေနဲ့ပဲ ခေါင်းစဉ်တပ်လိုက်ပါ တယ်။
အခုဆောင်းပါးမှာတော့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေနဲ့ပတ်သက်ပြီး ကော်မရှင် နှစ်ခုဆောင်ရွက်ချက်ကို နှိုင်းယှဉ်လေ့လာကြည့်ချင်တယ်။
ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူကို ပြည်တွင်း နဲ့ ပြည်ပ ဆိုပြီး နှစ်မျိုးခွဲခြားလို့ရတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ နယက အစိုးရက ပြည်တွင်း၊ ပြည်ပ လေ့လာစောင့်ကြည့်သူတွေကို ခွင့် မပြုခဲ့တဲ့အတွက် ဝေဖန်ခံခဲ့ရတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာတော့ ပြည်တွင်း၊ပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေကို ခွင့်ပြုခဲ့တယ်။ ဦးတင်အေးကော်မရှင်က ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူတွေ လိုက်နာ ရမယ့် ကျင့်ဝတ်၊ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို ထုတ်ပြန်ခဲ့တယ်။
အခု ဦးလှသိန်း ကော်မရှင်ကလည်း ဦးတင်အေး ကော်မရှင်နည်းတူ ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေ လိုက်နာ ရမယ့် ကျင့်ဝတ်၊ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို ထုတ်ပြန်ခဲ့တယ်။
ဒါပေမယ့် ဦးတင်အေး ကော်မရှင်နဲ့ ဦးလှသိန်း ကော်မရှင် နှစ်ခုရဲ့ ညွှန်ကြားချက်တွေမှာ ပြည်တွင်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေ စောင့်ကြည့်လေ့လာနိုင်တဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ် တွေကို သတ်မှတ်ရာမှာ ကွာခြားမှုရှိနေတာကို တွေ့ရတယ်။
ဦးတင်အေးကော်မရှင်က ၂၆ ဇွန် ၂၀၁၅ ရက်စွဲနဲ့ထုတ်ပြန်တဲ့ အမိန့် ကြော်ငြာစာ အမှတ် ( ၆/ ၂၀၁၅ ) မှာ စောင့်ကြည့်လေ့လာသူများ စောင့်ကြည့်နိုင်တဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ် (၁၃) ချက် ပါတယ်။ ပုံ (၁ နဲ့ ၂ )
ဒါပေမယ့် ဦးလှသိန်းကော်မရှင်က ၇ ဇူလိုင် ၂၀၂၀ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အမိန့်ကြော်ငြာစာ အမှတ် ( ၂၀/ ၂၀၂၀ ) မှာ ရွေးကောက်ပွဲလေ့လာသူများ လေ့လာနိုင်တဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ် (၁၀ ) ခုပဲရှိတော့တယ်။ ပုံ ( ၃ နဲ့၄)။ အသုံးအနှုန်းက လည်း“ စောင့်ကြည့် လေ့လာသူ” အစား “လေ့လာသူ” လို့ပဲ သုံးတော့တယ်။
၂၀၁၅ ရွေးကောက်ပွဲ နဲ့ နှိုင်းယှဉ်ရင် လေ့လာခွင့်ရတဲ့လုပ်ငန်းစဉ်တစ်ခုတိုးလာတယ်။ အဲဒါက “ ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးလုပ်ငန်းများ” ဖြစ်ပါတယ်။
ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူူတွေအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ လုပ်ဆောင်ခွင့်ရပြီး ၂၀၂၀ မှာ လုပ်ဆောင်ခွင့်မရတော့တဲ့ လုပ်ငန်းစဉ် (၃) ခုရှိတယ်။ အဲဒါတွေကတော့
၁။ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊အမိန့် နှင့် ညွှန်ကြားချက်များ။
၂။ မဲလက်မှတ်များရိုက်နှိပ်ခြင်း။
၃။ ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုများ စစ်ဆေးခြင်းနှင့် ဆုံးဖြတ်ခြင်း။
တို့ဖြစ်ပါတယ်။
ဒါ့ကြောင့် ဦးလှသိန်းကော်မရှင်လက်ထက်မှာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေဟာ တရားမ ျှတပြီး လွတ်လပ်တဲ့ရွေးကောက်ဖြစ်ရေးအတွက် အခြေခံအကျဆုံးဖြစ်တဲ့ ရွေးကောက် ပွဲ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နဲ့ ညွှန်ကြားချက်တွေကို လေ့လာသုံးသပ်ခွင့်မရှိ တဲ့ သဘော၊ ရွေးကောက်ပွဲ ကန့်ကွက်လွှာတွေနဲ့ ပတ်သက်ပြီး ကော်မရှင်က စစ်ဆေး၊ ဆုံးဖြတ် တာတွေကို လေ့လာသုံးသပ်ခွင့်မရှိတဲ့သဘောဖြစ်နေတယ်။
နောက်တစ်ခါ မဲလက်မှတ်တွေရိုက်နှိပ်တာနဲ့ပတ် သက်လို့ လည်း စောင့်ကြည့်ခွင့်မရှိတော့ဘူး။ ၂၀၁၅ ရွေးကောက်ပွဲ အတွက် မဲလက်မှတ် ရိုက်နှိပ် တဲ့အချိန်က ဆိုရင် ပြည်တွင်း၊ ပြည်ပ စောင့် ကြည့်လေ့လာသူတွေဟာ မဲလက်မှတ်ရိုက်နှိပ်မှု၊ ထိန်းသိမ်းထားရှိမှု၊ဖြန့်ဝေမှုတွေကို လေ့လာခွင့် ရခဲ့သလို ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ရှင်းပြခဲ့ရတယ်။ နေပြည်တော် မှာ မဲလက်မှတ် ပုံနှိပ်နေမှုကိုလာစောင့်ကြည့်တဲ့ ကာတာ စင်တာ က စောင့်ကြည့် လေ့လာသူတွေကို ဆိုရင် ကျွန်တော်ကိုယ်တိုင် ရှင်းပြခဲ့ရဖူးတယ်။
ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေကိုလည်းစောင့်ကြည့်ဝေဖန်လို့မရ၊ ရွေးကောက်ပွဲ ခုံရုံး ဘာ တွေလုပ်တယ်ဆိုတာလည်း သုံးသပ်လို့မရ၊ မဲလက်မှတ်ပုံနှိပ်တာကိုလည်း မမြင်ရ ဆိုတော့ ဦးလှသိန်းကော်မရှင်က “ ရွေးကောက်ပွဲလေ့လာသူ” လို့ နာမည်ပြောင်းခေါ်တာ မှားတော့ မမှား ဘူး။
လေ့လာသူ ဆိုတဲ့ စကားကြားတော့ ကျောင်းသားဘဝက စက်ရုံတွေ၊ ပြတိုက်တွေ လေ့လာရေးခရီးသွားရတာ သတိရမိတယ်။ အဲဒီတုန်းကတော့ ပြတာကြည့်၊ သိချင် တာလေးမေး၊ ဖြေတာတွေ မှန်လား၊ မှားလား မေးဖို့လည်း မဝံ့မရဲ၊ ဒီလိုနဲ့ ပြန်ခဲ့ရ တာပဲ။ ရွေးကောက်ပွဲလေ့လာတာကတော့ အများကြီးအဆင့်မြင့်မှာပါ။