ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗိုလ်မှူးချုပ်သန်းထွန်း

အခု ဖေ့စ်ဘွတ်ပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် အာဇာနည်နေ့ အခမ်းအနား မှာ ဖခင်ဖြစ်သူကို ကန်တော့ခွင့်မရဘူးဆိုပြီး ဗီဒီယိုဖိုင်တစ်ခုကို ကိုးကားပြီးပြောနေ ကြတယ်။ ( ပုံ ၁ ၊ ၂ နှင့် ၃) လွန်လွန် ကဲကဲဇတ်နာအောင် ပြောတတ်သူတွေကတော့

“ အမကြီး ကန်တော့ဖို့ အစီအစဉ်မရပါဘူး။ အခုပဲ ပန်းခွေချပြီး ပြန်ရပါမယ်” လို့ အစောင့်က အနားကပ်ပြောတယ် လို့တောင် ရေးကြသေးတယ်။ ရင်ပြင်ပေါ်မှာ နှစ်ယောက်တည်း ကပ်ပြော တဲ့စကားကို ဘယ်လိုကြားသလဲဆိုတာ စဉ်းစားစရာပဲ။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ပန်းခွေချတာမဟုတ်ပါဘူး။ ပန်းခြင်း တင်တာပါ။

အဲဒီဗီဒီယိုက ၂၀၁၆ အာဇာနည်နေ့ မတိုင်ခင်မှာလည်း ထွက်လာဖူးတယ်။ အဲဒီအချိန်တည်းက ဒေါ်အောင်ဆန်းစုကြည်ကို သူနဲ့အတူပါလာတဲ့ တပ်မတော်ထောက်လှမ်းရေးက ဗိုလ်မှူး သန်း ထွန်း အနေနဲ့ မကန်တော့ရဘူးလို့တားမယ်လို့မထင်ခဲ့ဘူး။ ဘာ့ကြောင့်လဲဆိုတော့

၁။ ဒေါ်အောင်ဆန်းစုကြည်ကို အဲဒီလို တားလို့မရဘူး။ တားရင်လည်း ဒေါ် အောင်ဆန်းစုကြည်က လက်မခံမှာမဟုတ်ဘူး။

၂။ ဖခင်ဖြစ်သူကို မကန်တော့စေချင်ဘူးဆိုရင် အစထဲက လုံခြုံရေးကို အကြောင်းပြပြီး ဂါရဝပြုခွင့် မပေးလို့ရတာပဲ။ ခေါ်လာပြီး လူကြားထဲရောက်မှ တားရင် ပြဿနာဖြစ်ဖို့ များတယ်ဆိုတာ ထောက်လှမ်းရေးဘက်ကလည်း စဉ်းစားမိမှာပဲ။

၃။ သူ့ကို ကန်တော့ဖို့တားမြစ်တယ်ဆိုတဲ့အကြောင်းကိုလည်း လက်လှမ်းမီသလောက် ရှာဖွေလေ့လာခဲ့တဲ့ ဒေါ်အောင်ဆန်းကြည်ရဲ့ မိန့်ခွန်းတွေ၊ ဆောင်းပါးတွေမှာ မတွေ့ဘူး။

၄။ ဗိုလ်မှူးချုပ်သန်းထွန်းကလည်း အဲဒီလိုလုပ်မယ့်သူမျိုးမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ စိတ်သဘောထားကို သိပြီး လေးလေးစားစားဆက်ဆံတဲ့အတွက် နှစ်ယောက်ကြားမှာ ဆက်ဆံ ရေးကောင်းပြီး ၁၉ ၈၉ ခုနှစ်ကနေ ၂၀၀၄ ခုနှစ် ထောက်လှမ်းရေးတပ်ဖွဲ့ကို ဖျက်သိမ်းတဲ့အချိန်ထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ ကြား မှာ ဆက်ဆံရေးတာဝန်ကို ယူခဲ့ရသူဖြစ်ပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဘာ့ကြောင့် မကန် တော့ပဲ ပြန်သွားသလဲဆိုတာတော့ စိတ်ဝင်စားတယ်။ ဒါကို ပြောနိုင်တာကလည်း ကာယကံရှင်ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗိုလ်မှူးချုပ်ဟောင်း သန်းထွန်း ( အဲဒီအချိန်က ဗိုလ်မှူးသန်းထွန်း ) ပဲရှိတယ်။

၂၀၁၈ ခုနှစ် စက်တင်ဘာလထဲရောက်တော့ ISEAS ရဲ့ မြန်မာ့နိုင်ငံရေး နှုတ်ပြောသမိုင်းမှတ်တမ်း ရယူမှုအစီအစဉ်ကနေ ဗိုလ်မှူးချုပ်ဟောင်းသန်းထွန်းကို မေးခွင့်ရတယ်။ သူ့မှတ်တမ်းက နှစ်ရက်ယူရတယ်။ ၇ နာရီ နီးပါးကြာတယ်။ အဓိကအားဖြင့်တော့ သူ့ထောက်လှမ်းရေးတပ်ဖွဲ့ဝင် ဘ၀ အတွေ့အကြုံတွေ ကို မှတ်တမ်းတင်ခဲ့တာပါ။ အဲဒီအထဲမှာ သူနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆက်ဆံရေးအကြောင်းတွေ အများကြီးပါပါတယ်။

အဲဒီလို မှတ်တမ်းရယူချိန်မှာ အာဇာနည်နေ့အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် မကန်တော့ ဘဲ ပြန်သွားတဲ့ ကိစ္စကိုလည်း ပြောပြခဲ့တယ်။ သူ့ပြောကြားချက် အကျဉ်းက အခုလိုဖြစ်ပါတယ်။

၁။ ဒေါ်အောင်ဆန်းစုကြည်က လှမ်းမေးလို့ အနားကို ကပ်ပြီးဖြေခဲ့တာ။ သူက သွားပြီး ကန်တော့လို့မရဘူးလို့ ပြောခဲ့တာမဟုတ်ဘူး။

၂။ အဲဒီလိုပြောရင်လည်း ဒေါ်အောင်ဆန်းစုကြည်က လက်ခံမှာမဟုတ်ဘူး။

၃။ အဲဒီနှစ်က ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးတက်တဲ့ နှစ်။ ခေါင်းဆောင်ကြီးတွေ ရဲ့ မိသားစု အချို့က လွမ်းသူ့ပန်းခွေချပြီးရင် ကန်တော့ကျတယ်ဆိုတာ သူသတိထားမိပုံမရဘူး။

၄။ အခမ်းအနားပြီးနောက်ပိုင်းမှာ အဲဒီလို ကန်တော့ကြလားလို့ မေးခဲ့တယ်။ နောက်နှစ်တွေ မှာ ကန်တော့တယ်။

၅။ အခြားသူကို အစောင့်မထည့်ဘဲ သူကိုယ်တိုင် ဝတ်စုံပြည့်နဲ့လိုက်သွားတာဟာ ဆက်ဆံရေး ကောင်းဖို့ ရည်ရွယ်လိုက်သွားတာဖြစ်တယ်။

ဗိုလ်မှူးချုပ်ဟောင်းသန်းထွန်းရဲ့ ဖြေကြားချက်အပြည့်အစုံ ကို ဓာတ်ပုံတွေမှာ ဖတ်ပါ။ ( ပုံ ၄ ၊ ၅ နဲ့ ၆)

ဒါကတော့ တပ်မတော်ထောက်လှမ်းရေးဘက်က လိုက်ပါလာသူရဲ့ ကိုယ်တိုင်ရှင်းလင်းချက်ပေါ့။ အခုလိုပြောတာ မှန် မမှန် ဆုံးဖြတ်ပေးနိုင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်ပဲရှိတယ်။ အာဇာနည်နေ့ဇာတ်လမ်းကို ဖြန့်ချိနေသူတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် အနားထိ သွားနေတဲ့ သူတွေလည်းပါနေတော့ ကာယကံရှင်ကို မေးပြီး ပြည်သူသိအောင် ပြောပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

မှတ်ချက်။ ဗိုလ်မှူးချုပ်ဟောင်း သန်းထွန်းရဲ့ နှုတ်ပြောသမိုင်း အပြည့်အစုံကို ဖတ်ချင်တယ်ဆိုရင် တော့ စင်္ကာပူ ISEAS စာကြည့်တိုက်မှာလေ ျှာက်လွှာတင်ပြီး အသံ ကို နားထောင်လို့ရသလို လုံးကောက်မှတ်တမ်းကိုလည်း ဖတ်လို့ရပါတယ်။

One thought on “ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗိုလ်မှူးချုပ်သန်းထွန်း

  1. ၁၉၉၅ ခုနှစ်၊ ဇူလိုင်လဆန်း။
    ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကလွတ်ပြီး၊ ပထမဆုံးအကြိမ် တက်ရောက်ခွင့်ရတဲ့ အာဇာနည်နေ့ပါ။
    ပန်းခြင်းချအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်က ဘာဆက်လုပ်ရမှန်းမသိဘဲ ဘေးနားနည်းနည်းကပ်ပြီး ရပ်နေတုန်း၊ ဗိုလ်မှူးသန်းထွန်းက အနားနားကပ်ပြီး တစ်ခုခုပြောတယ်။ အဲ့လိုပြောပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ခေါင်းညိတ်ပြီး ပြန်ထွက်သွားရတာကို ကျနော်တို့လည်း TV ကနေမြင်ပြီး စိတ်ဝင်စားခဲ့ကြတယ်။
    ၁၉၉၅ ခုနှစ်၊ ဩဂုတ်လကစပြီး ကျောင်းသားလူငယ်အဖွဲ့အစည်းတစ်ခုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ အကြိမ်ကြိမ်တွေ့ဆုံခွင့်ရခဲ့တယ်။ အာဇာနည်နေ့ကိစ္စကို စတွေ့ကတည်းက မေးချင်ခဲ့ပေမဲ့ အစပိုင်းမှာ မမေးရဲခဲ့ဘူး။ တတိယအကြိမ်(သို့မဟုတ်) စတုတ္ထအကြိမ်လောက်မှာ တွေ့တော့မှ မေးကြည့်ဖြစ်တယ်။ အန်တီကလည်း လိုလိုလားလား ရယ်ရယ်ပြုံးနဲ့ပဲ ပြန်ပြောပြပါတယ်။ စကားလုံးတွေ အတိအကျ မဟုတ်ပေမဲ့ အဓိပ္ပာယ်ကတော့ – ဗိုလ်မှူးသန်းထွန်းအနားကပ်ပြီးပြောတာက၊ နောက်မိသားစုဝင်တွေလည်း ကျန်နေသေးတဲ့အတွက် အစ်မကြီး ပြီးရင် ပြန်ပေးပါ ဆိုတာပါပဲ။

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: