“ဗိုလ်ချုပ်ဈေး စနေနေ့ လည်လည်သွားကြ” ။ တစ်ချိန်ကတော့ စနေနေ့ မြို့ထဲသွားမယ် ဆိုရင် ဗိုလ်ချုပ်ဈေးသွားမှာလားလို့မေးကြတယ်။ အခုတော့ စနေ မှာ ဂျန်းရှင်းလား၊ တိုင်းမ်စီတီးလား။
ဒီတစ်ပတ်စနေမှာ မိုးမရွာဘူး။ စနေ မှာ စွေရွာမိုးလိုပဲ မစဲပဲတစ်စိမ့်စိမ့်ချစ်မယ် ဆိုတဲ့ သီချင်း ဆိုလို့မရဘူး။ မိုးမရွာ ရာသီဥတုကောင်းတော့ စနေမှာ ထမင်းကြော်စားဖို့ထွက်ခဲ့တယ်။
ကျွန်တော်စွဲမက်တဲ့ “ထမင်းကြော်” နှစ်မျိုးရှိတယ်။ မနက်စာ၊ ညလယ်စာ စားတဲ့ ထမင်းကြော် အတွက်ဆိုရင် နနွင်းဝါဝါ နဲ့ ၊ ဒါမှမဟုတ် ကြာညို့နိုင်နိုင်နဲ့ ကြော်ထားတဲ့ ထမင်း ကြော်၊ ကြက်ဥ ကို မွှေပြီးကြော်ထားပေမယ့် တစ်ဒယ်လုံးမှာ ကြက်ဥပါတယ်ဆိုတာသိနိုင်ရုံလောာက် လေးပဲ၊ ဆီ နည်းနည်း ၊ ခြောက်ခြောက်၊ မီးဖိုပေါ်မှာ အမြဲတင်ထားလို့ ဖြစ်ဖြစ် ဖြစ်ဖြစ် နဲ့ အသံမည်နေပြီး တစ်ခါ တစ်လေ ချိုးလေးကပ်နေတဲ့ ထမင်းကြော်။ အဲဒီထမင်းကြော်နဲ့ ငပိကြော်၊ ဒါမှမဟုတ် ဟင်း နဲ့ စားလိုက်လို့ကတော့ ဆွေမျိုးမေ့ပြီပေါ့။ ဒါက တပ်ထဲမှာရဲဘော်ကြော်တဲ့ထ မင်း ကြော်၊ ရန်ကုန်လမ်းဘေးဆိုင်တွေမှာ တွေ့ရတတ်တဲ့ ထမင်းကြော်ပေါ့။
နေ့လယ်စာအတွက်ဆိုရင်တော့ ဟိုတယ်ကြီးတွေ၊ စားသောက်ဆိုင်ကြီးတွေက နာမည်လှလှ ဆန်းဆန်းပေးထားတဲ့ ထမင်းကြော်မျိုးကို မကြိုက်ဘူး။ ဟိုးတစ်ချိန်က လေဟာပြင်ဈေးမှာ၊ နယ်မြို့တွေက တရုတ်စားသောက်ဆိုင်တွေမှာ စားရတဲ့ထမင်းကြော်မျိုး။ အသီးအရွက်တွေက မုန်လာဥနီ၊ ဂေါ်ဖီထုတ် စတာတွေကို သေးသေးလေးတွေ ထည့်ကြော်ထားတာ။ အသားက လည်း သီးခြားမဟုတ်ဘူး။ အကြော်ဆရာစားပွဲမှာ တန်းလန်းချိတ်ထားတဲ့ အသားကင် ၊ အခေါက်ကင်ထဲ လှီးထည့်ပေးလိုက်တာပဲ။ အချဉ်ပွဲဆိုတာကတော့ ကြက်သွန်နီ အကွင်းကြီးကြီးတွေပေါ်မှာ ငရုတ်ဆီ ဆမ်းပေးလိုက်တာ။ ထမင်းကြော်က ဆီတွေရွှဲအိနေတာမျိုးမဟုတ်ဘူး။ မီးပြင်းတိုက် ထားတဲ့ ဒယ်အိုးပေါ်မှာ ကြော်ထားလို့ မီးခိုးနံ့သင်းသင်း လေးနဲ့ ထွေးထွေးလေး စားလို့ကောင်း တယ်။
ဒီထမင်းကြော်ဟာ ငယ်ချစ်ဦး လို့ပြောနိုင်တယ်။ ကျွန်တော့်ဖခင်က ၁၉ ၆၇-၇၁ နှစ်ဆန်း အထိ ချင်းတွင်း မြစ်ဖျားက ခန္တီးမြို့လေးမှာ တာဝန်ထမ်းဆောင်ရတယ်။ အဲဒီအချိန်က ခန္တီးမြို့ဟာ ရွာကြီး သာသာပါ။ မြို့ရဲ့ တစ်ခုတည်းသော တရုတ်စားသောက်ဆိုင်က ဈေးနားက ဖိုးချန်း ခေါက်ဆွဲဆိုင်ပဲ။ မိသားစု မြို့ထဲရောက်လို့ ဖိုးချန်း ထမင်းဆိုင်မှာ ထမင်းကြော်၊ ခေါက်ဆွဲကြော် စားတယ်ဆိုတာ အလွန်ကြီးကျယ်ခမ်းနားတဲ့ ကိစ္စပဲ။
အဲဒီအချိန်က ခန္တီးမြို့ဟာ ဘယ်လောက်ခေါင်သလဲဆိုရင် ရုပ်ရှင်တောင်မှ မန္တလေးအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် ( အခုတော့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်) အစီအစဉ်နဲ့ လာပြမှာကြည့်ရတယ် အဲဒီလို လာပြရင် လေယာဉ်ကွင်းအစပ်မှာ ဒါမှမဟုတ် တပ်ထဲက ဘော်လုံး ကွင်းထဲမှာ ခုနှစ်ရက် ခုနှစ်လီ ဘုရားပွဲကျင်းပသလိုပြတာ။ အဲဒီအချိန်ဆိုရင် ဖိုးချန်းဆိုင်လည်း လာဖွင့်တယ်။
ဖိုးချန်းဆိုင်မှာ မီးပြင်းပြင်း ထိုးထား တဲ့ မီးဖိုပေါ် ကဒယ်အိုးကြီးတစ်လုံးရှိတယ်၊ အဲဒီဒယ်အိုးဟာ ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ အစိမ်း ကြော် စတဲ့ သူ့ဆိုင်က ရနိုင်တာ အားလုံး ကို ကြော်လှော်ချက်ပြုတ်တဲ့ တစ်ခုတည်း သော ပစ္စည်းပဲ။
ထမင်းကြော် ကြော်တော့မယ်ဆိုရင် ယောက်ချိုလို သစ်သားလက်ကိုင်ရိုးတပ် ခွက်ကြီးနဲ့ ရေပုံးထဲ ကရေကို ဒယ်ထဲ ခပ်ထည့်လိုက်တယ်။ ရှဲ ကနဲမြည်ပြီး အငွေ့တွေထောင်းထောင်းထသွားတယ်။ ပြီးရင် ဒယ်ချိုးတွေ၊ ဟင်းချိုးတွေနဲ့ မည်းညစ်နေတဲ့ အုန်းတံမျက်စည်းတိုလေးနဲ့ ရေကို ပက်ထုတ်ပစ် လိုက်တယ်။ ဒါဟာ ဟင်းလျာတစ်မျိုးအပြီး နောက်တစ်မျိုးချက်ဖို့အတွက် ပြင်ဆင်လိုက်တာပဲ။
ပြီးရင်တော့ ထမင်းအိုးအဖုံးကို ဖွင့်ပြီး သူ့ယောက်ချိုကြီးနဲ့ ထမင်းယူတယ်။ ဖိုးချန်းလို တရုတ် ဆိုင်တွေမှာ ဒီယောက်ချိုကြီးက အတိုင်းအတာစံပြုကရိယာပဲ။ ထမင်းကြော်တစ်ပွဲဆိုရင် တစ်ဇွန်း၊ နှစ်ပွဲဆိုရင် နှစ်ဇွန်း၊ ဆီဆိုရင်လည်း အဲဒီယောက်ချိုနဲ့ ပါတယ်ဆိုရုံလေး၊ ကြက်ဥဆိုရင်လည်း လက်တစ်ဖက်တည်းနဲ့ ယောက်ချိုအဖျားမှာ ဖတ်ကနဲ ခွဲပြီးဖောက်ထည့်လိုက်၊ အသီးအရွက်တွေ လှီးထည့်ထားတဲ့ ဇလုံထဲကနေ လှမ်းယူတော့လည်း ဒီယောက်ချိုနဲ့ပဲ။ ပြီးရင် ချိတ်ထားတဲ့ အသားကင်၊ အခေါက် ကင်အတွဲတွေကို ဓားမကြီးနဲ့ လှီး၊ စဉ့်နီတုံးပေါ်မှာ လိုချင်တဲ့အရွယ် ရအောင်တောက်တောက်စင်း၊ ပြီးရင် ဓားနဲ့လက်နဲ့ အသားတွေကို ညှပ်ယူပြီး ဒယ်အိုးထဲထည့်။ ပဲငံပြာရည်တွေ၊ ဆား၊ အချိုမှုန့်တွေထည့် အားလုံးစုံပြီ ဆိုတော့မှ ယောက်ချိုကြီးနဲ့မွှေ၊ လက်တစ်ဖက်က ဒယ်အိုးကို မပြီး ရှေ့တိုး၊ နောက်ငင်လုပ် တဲ့အခါလုပ်တယ်။ စိတ်ကြိုက်ဖြစ်ပြီဆိုတော့ ယောက်ချို ကြီးနဲ့ ကော်ပြီး ပန်းကန်ပေါ်ပုံတင်ပေးလိုက်တယ်။ နှစ်ပွဲ၊ သုံးပွဲစာကြော်ရင် တစ်ပန်းကန် တစ်ဇွန်း ကွက်တိပဲ။
အဲဒီအချိန်က စားခဲ့ရတဲ့ ထမင်းကြော်ဟာ နောင်ဘယ်နေရာ၊ ဘယ်မြို့ရောက်ရောက် မမေ့နိုင် တဲ့ ထမင်းကြော်ပုံစံပဲပေါ့။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကျွန်တော်နဲ့ မိတ်ဆွေနှစ်ယောက် ကမ်းနားလမ်းဘက်ကနေ ၄၆ လမ်း အတိုင်း အနော်ရထာလမ်းဘက်ကို လေ ျှာက်လာတော့ လမ်းဘေးဆိုင်လေးက ထမင်းကြော် နံံ့ ရတယ်။ အဲဒီအနံ့ဟာ ကျွန်တော်အလွန်ကြိုက်တဲ့ ထမင်းကြော်နံ့ပဲ။ အဲဒီနေ့က ထမင်းကြော် ဝင်မစားဖြစ်ပေမယ့် စိတ်ထဲမှာ တသသ ဖြစ်နေတယ်။ ဒီလိုနဲ့ စနေမှာ ထမင်းကြော် စားဖြစ် အောင် စားမယ်ဆိုပြီး ဟိုနေ့က ထမင်းကြော်နံ့နဲ့ ဆွဲဆောင်လိုက်တဲ့ ဆိုင်ဘက်ကို ထွက်လာခဲ့တယ်။
ဆိုင်က အနော်ရထာလမ်းနဲ့ ၄၆ လမ်းထောင့်မှာ။ ၄၆ လမ်းထဲ ချိုးဝင်လိုက်ရင် မြန်မာထမင်းဆိုင် ပြီး နောက်တစ်ဆိုင်ပဲ။ ပြည့်၀ ထမင်းပေါင်းဆိုင် မှ ရနိုင်သောအစားအစာများလို့ ဆိုင်းဘုတ်ချိတ်ထားတယ်။ သိမ်ဖြူလမ်း ၊ လမ်းငါးဆယ် မှာဆယ်နှစ်ကျော်နေခဲ့ပေ မယ့် ဒီဆိုင်လေးမှာ တစ်ခါမှ မစားဖြစ်ဖူး။
ကျွန်တော်ရောက်သွားတော့ နေ့လယ် တစ်နာရီကျော်နေပြီ။ ဒါပေမယ့် စားတဲ့သူတွေရှိနေဆဲပဲ။ ထမင်းကြော်တစ်ပွဲနဲ့ အခေါက်ကင်တစ်ပွဲမှာလိုက်တယ်။ ထမင်းပေါင်းဆိုင်ဆိုတဲ့အတိုင်း ဒီဆိုင်ရဲ့ လူကြိုက်အများဆုံးအစား အစာ ကတော့ ထမင်းပေါင်းဖြစ်မယ်ထင်တယ်။ အရင်ရောက် နေတဲ့သူတွေရော၊ နောက်လာတဲ့သူတွေ ပါ ထမင်းပေါင်းပဲမှာစားနေတာတွေ့တယ်။ ထမင်းပေါင်းကို ရိုးရိုး၊ အပူ စသည်ဖြင့် ခွဲမှာနေတာကြားရလို့မေးကြည့်တော့ ထမင်းပေါင်း ရိုးရိုးကတော့ ထမင်းပေါ်မှာ အချိုရည်နဲ့ အသင့်ချက်ပြီး အသား၊ အသီးအရွက်ကြော်တွေဆမ်းပေး လိုက်တာပေါ့။ အပူပေါင်းဆိုတာကတော့ အသားနဲ့ အသီးအရွက်တွေကို ဒယ်အိုးထဲမှာ ထည့်ကြော်ပြီးမှ အပေါ်က ဆမ်းပေးလိုက်တာ။
အကြော်ဆရာက တစ်ယောက်ထဲ၊ အမျိုးသားတစ်ယောက်၊ အမျိုးသမီးတစ်ယောက်က ဟင်း မှာတာ၊ ဟင်းပွဲချတာလုပ်ပေးနေတယ်။ အကြော်ဆရာကတော့ ဖိုးချန်းဆိုင်က တရုတ်ကြီး လိုပဲ ဒယ်အိုးနှစ်လုံးနဲ့ အလုပ်ရှုပ်နေတယ်။ ကြော်လှော်ချက်ပြုတ်နေတာကို ငေးကြည့်ပြီး စားရတာက လမ်းဘေးဆိုင်တွေရဲ့ အရသာပဲ။ ဒါပေမယ့် ပန်းကန်ခွက်ယောက်တွေ ဆေးတဲ့နေရာကိုတော့ မကြည့်နဲ့ပေါ့။ ကျွန်တော်ကတော့ လမ်းဘေးဆိုင်မှာစားတဲ့အခါ ပန်းကန်ဆေးတဲ့ ကိစ္စကို မမြင် ချင်ယောင်ဆောင်ထားလိုက်တာပဲ။ အဲဒါမှ စားရတာ စိတ်ဖြောင့်တယ်။ အရသာရှိတယ်။
ထမင်းကြော်ရောက်လာတယ်။ ငရုတ်ဆီဆမ်းထားတဲ့ ကြက်သွန်နီတစ်ပွဲလာချတယ်။ ဟင်း ချို ကတော့ ဝက်ခြေထောက်စွတ်ပြုတ်အရည်ပဲ။ ထမင်းကြော်က အတော်ကောင်းတယ်။ ကောင်း တယ်ဆိုတာက ကျွန်တော်ချဉ်ခြင်းတပ်တဲ့ ထမင်းကြော်ပုံစံအပြည့်အဝရတယ်၊ နောက်တစ်ခါ နေ့လယ်စာ ထမင်းကြော်စားချင်တယ်ဆိုရင် ထပ်လာစားဖို့ ဆုံးဖြတ်တဲ့ အထိ ကောင်းတယ် လို့ ဆိုလိုတာပါ။ အခေါက်ကင်ကတော့ ထူးထူးခြားခြားမဟုတ်ပါဘူး။ ဒီလိုဆိုင်တွေမှာ ရနေ ကြပုံစံ ပါပဲ။
ထမင်းကြော်စားပြီးတော့ ပန်းဆိုးတန်းဘက်ကို လေ ျှာက်တယ်။ စာအုပ်ဆိုင်တွေမွှေတယ်။ “လူရှောက်ချီရဲ့ ကွန်မြူနစ်ကောင်းတစ်ယောက် ဖြစ်မြောက်ရေး” ဘာသာပြန်စာအုပ်တွေ့လို့ ဝယ်တယ်။ “ပါတီဝင်တစ်ချို့မှာ အထမြောက်မှုနဲ့ အောင်မြင်မှုတို့ရဲ့ အားပေးမှုများကို မခံနိုင်ဘဲ အောင်မြင်မှုနဲ့ ယစ်မူးကြတယ်၊ ဒ့ါကြောင့် ထင်ရာစိုင်း၊ မော်ကြွား၊ ဗြူရိုကရက် ဆန်သွား ကြတယ်၊ ဒါထက်မက ယိမ်းယိုင်၊ ပုတ်သိုး၊ ပျက်ပြားလာပြီး မူလရှိပြီးသား တော်လှန်တဲ့ လက္ခဏာ ဟာလုံးလုံးကုန်ဆုံးတဲ့အထိ ဖြစ်ကြတယ်” “ သမိုင်းအဆက်ဆက် တော်လှန်ရေးသမားတွေဟာ အုပ်စိုးသူလူတန်းစားဖြစ်လာပြီးနောက် သူတို့၏ တော်လှန်တဲ့လက္ခဏာများပျောက်ဆုံး ကုန် ကာ နောက်ပြန်လှည့်ပြီး သွေးစုပ်ခံလူထုကို နှိပ်ကွပ်ကြတော့တယ်” ဆိုတဲ့ စာသားကို ဖတ်ပြီး လူရှောက်ချီရဲ့ ကြေကွဲဖွယ်ရာနိဂုံးကို တွေးမိတယ်။ အာဏာရှင်စနစ်ကို ဖျက်သိမ်းမယ်ဆိုတဲ့ ခေါင်းဆောင်တွေကိုယ်တိုင် အာဏာရလာတော့ အာဏာရှင်ဖြစ်သွားတာ တရုတ်နိုင်ငံတစ်ခု တည်းတော့မဟုတ်ပါဘူး။
ကုန်းကျော်တံတားအောက်ရောက်တော့ မျက်မှန်းတန်းမိနေတဲ့ ခြေသည်း၊လက်သည်း လှီးတဲ့ သူတွေက နှုတ်ဆက်တယ်။ ကိုဗစ်ကိုက်ခံရတဲ့အထဲမှာ သူတို့လည်းပါတယ်။ ခြေသည်း မရှည်သေးပေမယ့် သူတို့ကို အားပေးတဲ့အနေနဲ့ လှီးလိုက်တယ်။ ဒီတစ်ခါခြေသည်းလှီးတဲ့ သူ က ဇနီးမောင်နှံနှစ်ယောက်၊ သူတို့သမီးလေးကလည်း ပညာသင်နေပြီတဲ့။ ဒလဘက်က လာလုပ် တာ။ ဒီတံတားအောက်နဲ့ ပန်းဆိုးတန်းလမ်းတစ်လေ ျှာက်မှာ ဒီအလုပ်လုပ်နေတဲ့သူ လေးဆယ် နီးပါးလောက်ရှိတယ်။ အားလုံးလိုလိုက သူ့အဆက်နဲ့ သူ ပညာဆက်သင်ပြီးလုပ်နေကြတာ။
တစ်ချို့သူတွေကတော့ တံတားအောက်မှာ ခုံတစ်လုံးနဲ့ ခြေသည်း၊ လက်သည်းလှီး၊ နားက လော် နေတဲ့သူတွေက အထင်မကြီးဘူး။ စိတ်မချဘူး။ ဒါပေမယ့် သူတို့မှာ သူ တို့ဖောက်သည်နဲ့ သူတို့အိမ်အထိ သွားလုပ်ပေးနေရတဲ့သူတွေလည်း မနည်းဘူး။ ကျွန် တော့် အတွေ့အကြုံအရတော့ ခြေစွယ်ငုတ်တာမျိုးဆိုရင်တော့ ဒီလူတွေလုပ်ပေးတာ စိတ်အချရဆုံး၊ ပျောက်တာအမြန်ဆုံးပဲ။ နားထဲပိုးကောင်ဝင်တာမျိုးဆိုရင်လည်း ဒီလူတွေ လုပ်ပေးတာ အဟုတ် ပဲ။ သူတို့နဲ့ စကားပြောရင် စိတ်ဝင်စားစရာ အဖြစ်အပျက်လေးတွေအများကြီးကြားရတယ်။
ခြေသည်းလှီးပြီးတော့ ကိုယ်ပိုင်ဓားတစ်ချောင်းထားဖို့ ဆုံးဖြတ်ပြီး အပ်လိုက်တယ်။ စရန် ပေး ထားလိုက်တယ်။ ဘယ်တော့လာယူမလဲလို့မေးတော့ လုပ်သာထားပါဗျာ။ ကြုံတဲ့အခါ ဝင်ယူ မယ်လို့ ပြောခဲ့တယ်။ ပြေစာမလိုဘူး။ ရက်ချိန်းမလိုဘူး။ စည်းကမ်းတွေ၊ အထောက် အထားတွေမပါရင် အလုပ်မဖြစ်တော့သလိုဖြစ်နေတဲ့လောကကြီးမှာ တစ်ခါတစ်လေ ကြုံ သလို လုပ်ရတာလည်း အရသာပဲ။
အိမ်ပြန်ရောက်တော့ နေပူထဲမှာ လမ်းလေ ျှာက်တာများလို့ ရေငတ်လိုက်တာ။ သံပုရာသီး ရှိ တယ်ဆိုလို့ သံပုရာရည် ချဉ်ချဉ်၊ ငံငံဖျော်ခိုင်းလိုက်တယ်။ တစ်ခွက် သောက်တယ်။ အာသာမပြေဘူး။ နောက်တစ်ခွက်ထပ်ဖျော်ခိုင်းရတယ်။ သံပုရာရည် သောက်ရင်း တွန်းလှည်းနဲ့ ရောင်းတဲ့ သံပုရာရည်ကို သတိရတယ်။
လှည်းပေါ်မှာ ရေခဲခြစ်တဲ့ခုံ ရှိတယ်။လှည်း ပတ်လည် မှာ အရောင်တောက်တောက် အချိုရည်ပုလင်းတွေတင်ထားတယ်။ လှည်းအောက်က အံထဲမှာ စပါးခွံတွေဖုံးထားတဲ့ ရေခဲတုံးတွေထည့်ထားတယ်။ သံပုရာ ရည်လို့ ပြောလိုက်ရင် သစ်သားညှပ်ကြီးနဲ့ သံပုရသီးခြမ်းကို ညှစ်၊ ညိုညစ်ညစ် သကြား ရည်ကို ဆီချင်တဲ့မှုတ်လေးနဲ့ခပ်ပြီးထည့်၊ ဆားခွက်ထဲက ဆားနည်းနည်းကို ဇွန်းဖျားလေးနဲ့ ကော်ထည့်။ ရေခဲခြစ်တဲ့ခုံမှာ ရေခဲတုံး ကို တင်ပြီးခြစ်ချ၊ ပလတ်စတစ်ပုံးထဲက ရေခတ်ထည့်၊ အားလုံးသမပြီးခလောက်၊ ပြီးရင် ကိုင်းခွက်ကြီး ထဲမှာထည့်ပေးတဲ့ သံပုရာရည်ကို သောက် ချင်တယ်။
ဘဝမှာ ချစ်ခင်စွဲလမ်းခဲ့တဲ့အရာတွေအများကြီးရှိတယ်။ တစ်ချို့ကို တမင်သက်သက် မေ့ထား လိုက်တယ်။ တစ်ချို့ကတော့ အကြောင်းကြောင်းကြောင့် အနေဝေးပြီးမေ့သွားခဲ့တယ်။ ဒါပေမယ့် တကယ်မေ့သွားတာမဟုတ်ဘူး။ တိုက်ဆိုင်မှုရှိလာတဲ့အခါ လွမ်းတသသ ဖြစ်ရပြန်ရော။ ဒီလိုနဲ့ လာမယ့်စနေမှာ တွန်းလှည်းနဲ့ သံပုရာရည် ရှာသောက်ရဦးမယ်ထင်ပါရဲ့။