ရွှေကြယ်၊ ငွေတောင် နဲ့ ကိုဇော်ကြီး
ကျွန်တော့် အစီအစဉ်နဲ့ ကျွန်တော်စိတ်ကြိုက်ခရီးသွားခွင့်ရတဲ့အခါ ဒေသခံဟိုတယ်လေးတွေ မှာ တည်းဖို့ကြိုးစားတယ်။ ဒေသခံတွေရဲ့ စားသောက်ဆိုင်လေးတွေမှာပဲ စားချင်တယ်။ ဒေသခံ ဆိုတာက ဒီဒေသ မှာပဲရင်းနှီးမြှပ်နှံ၊ ဒေသနဲ့ ကောင်းအတူ ၊ ဆိုးဘက်နေတဲ့သူတွေ။ အပြင်က လာတဲ့လုပ်ငန်းရှင် ဆိုတာက အကျိုးအမြတ်ရှိမယ်ဆိုရင်နေမယ်၊ မမြတ်ရင် ပြန်ပြေးမယ် ဆိုတဲ့သူတွေလေ။ နောက်ပြီး ဟိုတယ်သေးသေး၊ ဆိုင်သေးသေးလေးတွေမှာ လေ့ကျင့် ထားတဲ့အပြုံးတွေမမြင်ရဘူး၊ အလွတ်ကျက်ထားတဲ့ နှုတ်ဆက်သံမကြားရဘူး။ တူညီ ဝတ်စုံ တွေ မတွေ့ရဘူး။ နွေးထွေးတယ်၊ မိသားစုဆန်တယ်၊ ဒေသအကြောင်း၊ တောအကြောင်း၊ တောင် အကြောင်း စကားစမြည် ပြောလို့ရတယ်။
ပုဂံကိုလာမယ်ဆိုတော့ ညောင်ဦးမြို့ထဲမှာနေဖို့စဉ်းစားတယ်။ နိုင်ငံခြားခရီးသွားဝက်ဘ်ဆိုက်တွေ ကို ကြည့်ပြီး Gold Star ဆိုတဲ့ ဟိုတယ်လေးကို ရွေးလိုက်တယ်။ နိုင်ငံခြားသား ဘတ်ဂျက်ခရီး သွားတွေက ဒီဟိုတယ်ဝန်ထမ်းတွေရဲ့ ဆက်ဆံရေးကောင်းမွန်မှုကို ချီးကျူးထားတယ်။ နေရာ ကလည်း ရွှေစည်းခုံဘုရားနဲ့ရော၊ စားသောက်ဆိုင်တွေစုံတဲ့ သီရိပစ္စယာ(၄) လမ်းနဲ့ရော နီး တယ်။
ဖုန်းဆက်ပြီး အခန်းကြိုယူလိုက်တယ်။ နှစ်ယောက်ခန်းမှာ တစ်ယောက်ထဲနေရင် တစ်သောင်း ငါးထောင်၊ ခရီးသည် နည်းတဲ့အချိန်ဆိုတော့ Wave Money နဲ့ စရန်လွှဲပေးဖို့မလိုဘူး။ ကားဂိတ်ကိုလာကြိုခိုင်းရင် ကားခ ထပ်ပေးရတယ်။ အောင်မင်္ဂလာက မထွက်ခင် ဟိုတယ်က လှမ်းဖုန်းဆက်တယ်။ ထွက် လာပြီလားလို့မေးတယ်။ ကျောက်ပန်းတောင်းရောက်ရင် သူတို့ကို ဖုန်းဆက်ပါတဲ့။ ညောင် ဦး ဂိတ်ရောက်တော့ ပိုင်ရှင်က ခွေးဘီလူးကားလေးနဲ့လာကြိုတယ်။ ဟိုတယ်ပိုင်ရှင်ဇနီးမောင်နှံက ညောင်ဦးမြို့နယ်၊ သန့်စင်ကြယ်ရွာဇာတိတွေ။ ကျေးလက်ကနေ မြို့တက်လာပြီး ခရီးသွားလုပ်ငန်းလုပ်နေသူတွေပေါ့။
ဟိုတယ်က သေးသေးပဲ၊ ညောင်ဦးလမ်းမတော်လမ်း ကနေ တစ်ကွက်ငုတ် နေရာမှာရှိတယ်။ စည်ပင်ပန်းခြံဘေးလမ်းကဝင်ရတယ်။ ဟိုတယ်ဘေးလမ်းကြားနေသွားရင် ရွှေစည်းခုံ ဘုရား အရှေ့ဘက်စောင်းတန်းကို ငါးမိနစ်လောက်ပဲ လေ ျှာက်ရတယ်။ ဟိုတယ်က အခန်းနှစ်ဆယ် ပဲရှိတယ်။ အောက်ထပ်မှာ ခြောက်ခန်း ၊ ပထမထပ်နဲ့ ဒုတိယထပ်မှာ ခုနှစ်ခန်းစီ။ ဒုတိယထပ်နဲ့ တတိယထပ်က ၂၀၇၊ ၃၀၇ ဆိုတဲ့အခန်းတွေက သုံး ယောက်ခန်း၊ မျက်နှာစာ ဖြစ်လို့ ပြူတင်းပေါက်ကျယ်တယ်။ နှစ်ယောက်ထဲသွားပေမယ့် ကျယ် ကျယ်နေချင်တယ်၊ လေဝင် လေထွက်ကောင်းချင်တယ်ဆိုရင်တော့ အဲဒီအခန်းတွေမှာနေပေါ့။
နှစ်ယောက်ခန်းတွေကတော့ ကုတင်တစ်လုံး၊ စားပွဲတစ်လုံး အတိပဲ။ ရေချိုးခန်းတွဲရက်၊ လေအေး စက်ရှိတယ်။ ပန်ကာရှိတယ်။ မီးမလာလို့မီးစက်မောင်းပေးရင် လေအေးပေးစက်ဖွင့်လို့မရဘူး။ ပန် ကာပဲဖွင့်လို့ရမယ်။ သူ့ဈေးနဲ့ သူနေပျော်တဲ့အခန်းပါပဲ။ အရင်ကတော့ မနက်စာကို ခေါင်မိုး ပေါ်က စားသောက်ခန်းမှာကျွေးတယ်။ အခုတော့ ကိုဗစ်ကာလဖြစ်လို့ ဝန်ထမ်းတွေကို လစာ တစ်ဝက်နဲ့ နားခိုင်းထားရလို့ မကျွေးနိုင်ဘူး။ ဒါပေမယ့် အပြင်က ဝယ်လာရင်တော့ ပြင်ပေး ပါတယ်။ ကျွန်တော်ကတော့ ညစာကို အပြင်က ဝယ်လာပြီးခေါင်မိုးပေါ်မှာစားတယ်။
ပုဂံမှာ မြန်မာထမင်းဟင်း ဘူဖေးဆိုင်ကြီးတွေရှိပေမယ့် မစားဖြစ်ဘူး။ ကျွန်တော်က ဟိုတယ်တွေ မှာ ကျွေးသလို ဟင်းတွေခင်းထားပြီးစားနိုင်သလောက်ထည့်ယူရတဲ့ ဘူဖေးကို စားပေမယ့် ဟင်း တွေကို အကုန်လာချပေးတဲ့ ဘူဖေးစနစ်ကျတော့ အတွေးခေါင်ပြီး မစားဖြစ်ဘူး။ ဒါ့ကြောင့်တစ်ခါပြင် ဘယ်လောက် ဆိုတဲ့ ဆိုင်လေးတွေပဲ ပိုအာသီသရှိတယ်။
ပုဂံမှာတော့ မိတ်ဆွေတစ်ယောက်ထောက်ခံလိုက်တဲ့ ရွှေစည်းခုံဘုရားကွင်း ထဲက ငွေတောင်ဆို တဲ့ ဆိုင်လေးမှာစားဖြစ်တယ်။ ဆိုင်ပိုင်ရှင်အမျိုးသားက အဖျောက်ဘက်က ဆံထုံးနောက်ယောင် ပါလာတာ။ လူလတ်ပိုင်းပဲ။ ဆိုင်က ပြီးခဲ့တဲ့ ဒီဇင်ဘာကမှဖွင့်တာ။ ကိုဗစ်ကိုက်ကြောင့် သုံးလ လောက် နားထားပြီး ဒီလဆန်းရောက်မှ ပြန်ဖွင့်တာ။ ဆိုင်က အခိုင်အခန့်မဟုတ်ဘူး။ အိမ်မှာ ချက်၊ မနက် ကားနဲ့လာဖွင့်၊ ညဘက်ပြန်သိမ်းတဲ့ဆိုင်ပါ။
ပိုင်ရှင် ကိုငြိမ်းချမ်းစိုးဆိုတာ အရင်က နိုင်ငံခြားသင်္ဘောလိုင်းမှာ ချက်ကြီး လုပ်ခဲ့တာဆိုတော့ ချက် တာရော၊ သပ်ယပ်သန့်ရှင်းမှုရော အဆင်ပြေတယ်။ အညာစာလေးတွေလည်း ဟင်းရန် အဖြစ်ချ ပေးတယ်။ ကျွန်တော် ကတော့ ဝက်သားပုန်းရည်ကြီး၊ ငါးတန်ပုန်းရည်ကြီးဟင်း၊ ဘဲဥ ပုန်းရည် ကြီးဟင်းတွေပဲ စားခဲ့တယ်။ အခုအချိန်က ငါးတန်ပေါတဲ့အချိန်ဆိုတော့ ငါးတန်ပုန်းရည် ကြီးကို စားဖြစ်အောင်စားကြည့်ဖို့တိုက်တွန်းချင်တယ်။ ထူးထူးခြားခြား အဲဒီဆိုင်က လက်ဖက် သုပ်က ရန်ကုန်ဒေါ်ရိပ်ကြီးစတိုင်ပဲ။ ဒေါ်ရိပ်ကြီး ကို သိတယ်ဆိုရင် အဲဒီဆိုင်မှာ လက်ဖက်သုပ် နဲ့ ထမင်းဖြူစားသင့်တယ်။
ပုဂံမှာလည်မယ်ဆိုတော့ ကျွန်တော်က သွားနေကျ ဘုရားတွေမသွားချင်ဘူး။ ထူးခြားတဲ့ နေရာ တွေသွားချင်တယ်၊ လူနေမှုဘဝတွေလေ့လာချင်တယ်၊ လက်တွေ့အခြေအနေတွေကို ကြားချင် တယ်။ အဲဒီလို လိုက်ပြလမ်းညွှန်ပေးနိုင်မယ့်သူကို ရှာတော့ ဟိုတယ်က ကိုဇော်ကြီး ဆိုတဲ့ ခရီး သွားလမ်းညွှန်နဲ့ချိတ်ပေးတယ်။ သူကလည်း အသက်လေးဆယ်ကျော်ငါးဆယ်တန်းဆိုတော့ ကျွန်တော်နဲ့ ဖြတ် သန်းလာတဲ့ခေတ်မကွာလှဘူး။ ယခင်၊ ယခု အခြေအနေကို ယှဉ်ပြော နိုင်တယ်။ ညောင်ဦး ဇာတိ လည်းဖြစ်တယ် ဆိုတော့ အသိအကျွမ်းများတယ်၊ ဗဟုသုတ စုံတယ်။ ဘော်ဒါ လိုပေါင်းလို့ရတယ်။ ဒီလိုနဲ့ နေ့တိုင်း သူ့ လ ျှပ်စစ်ဘီးနောက်က ထိုင်ပြီး ပုဂံ တစ်ခွင်ပြဲပြဲစင်အောင်ခရီးနှင်ခဲ့တယ်။
ပထမဆုံးစရောက်တဲ့နေ့က ဟိုတယ်ပိုင်ရှင် ဦးဝင်းခိုင်ရော၊ ကိုဇော်ကြီးရော က ကျွန်တော့်ကို မသိဘူး။ နောက်မှ ဟိုတယ်မန်နေဂျာလုပ်တဲ့ ကိုမောင်ဦးဆိုတဲ့သူက မှတ်မိပြီး ပြောလိုက်တော့ မှ သိသွားတယ်။ ကျွန်တော်ကတော့ ဘာမှမထူးပါဘူးဗျာ၊ သာမန်ဧည့်သည်လိုသာသဘောထား ပါ လို့ပြောပြီး ပျော်ပျော်ပါးပါး ရင်းရင်းနှီးနှီးနေခဲ့တယ်။ ဦးဝင်းခိုင်က ကျွန်တော်နဲ့ ဓာတ်ပုံ တွဲရိုက်တယ်။ လိုင်း ပေါ်တင်မလို့တဲ့။ သူအဲဒီလိုပြောတော့ ကျွန်တော်က ကျွန်တော်ရေးလိုက်မှ စည်ပင်က ဖမ်းတယ်လို့ပြောတဲ့ လမ်းဘေးအသုပ်ဆိုင်ဆရာလေးကို သတိရမိတယ်။ တစ်ချိန်မှာ ဗီအိုင်ပီ ပေမယ့် နောက်တစ်ချိန်မှာ ဗီလိန်ဖြစ်တတ်တဲ့ နိုင်ငံရေးသံသရာကို ဦးဝင်းခိုင် သိပုံမရဘူး။