ဖုန်းနံပါတ် ၀၉ ၇၉ ၁၂၂၉ xxx

စာကြည့်စားပွဲမှာထိုင်ပြီးပုဂံခရီးသွားအတွေ့အကြုံတွေ ရေးနေခိုက် ဖုန်းဝင်လာသည်။ ကြည့်လိုက် တော့ အသိမိတ်ဆွေထဲကမဟုတ်၊ နံပါတ်အသစ် ၀၉ ၇၉ ၁၂၂၉ xxx ။ ထူးလိုက်သည့်အခါ ဆရာ ဦးရဲထွဋ်လားတဲ့။ ဟုတ်ပါတယ်၊ ဘယ်သူပါလဲ လို့ မေးလိုက်တော့ “ ဆရာ၊ ကျွန်တော် အုပ်ကြီး တပည့်ပါ” တဲ့။

ဟား ၊ ဒါ ညောင်ဦး မနှင်းအသုပ်ဆိုင်က ဒေါ်နှင်းရဲ့ ခင်ပွန်းကိုး။ အဲဒီဆိုင်မှာ ဒေါ်နှင်းက ပွဲပြင်သည်၊ ခင်ပွန်းဖြစ်သူနဲ့ သမီးလေးတစ်ယောက်က၊ ဘာစားမလဲမေး၊ ပွဲတွေချ၊ ပြန်သိမ်းလုပ်သည်။ ပိုက်ဆံရှင်းဖို့ ခင်ပွန်းဖြစ်သူ ကို ပြောလ ျှင် မေးလိုက်ဦးမယ်ဆိုပြီး ဒေါ်နှင်းကို သွားမေးသည်။ ပြီး မှ ကျသင့်ငွေကိုလာပြောသည်။ နောက်ပြောင်တတ်သော ကျွန်တော်က “ခင်ဗျားကလည်းဗျာ။ ကိုယ့်ဘာသာကိုယ်မတွက်ဘူးလား” လို့စတော့ “ အုပ်ကြီးကမှ ဘယ်ပွဲမှာ ဘာထည့် တယ်။ ဘယ်လောက်ကျတယ်ဆိုတာ သိတာ ၊ သူ့မမေးလို့မရဘူး” ဟု ဖြေသည်။

“အုပ်ကြီး” ဆိုတာက အုပ်ချုပ်ရေးမှူးကို အတိုကောက်ခေါ်တာ။ သာမန်ရပ်ကွက်နေပြည်သူများ အတွက်ကတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဆိုသည့် အုပ်ကြီးများသည် သူတို့ နေ့စဉ်လူနေမှုဘဝအပေါ် ကောင်းကျိုး၊ ဆိုးကျိုး အများဆုံးပေးနိုင်သူများဖြစ်၏။ အုပ်ကြီးနဲ့ ကင်းလို့မရ။ အုပ်ကြီးကို အလေးထားရသည်။ အခုလည်း ဒီဆိုင်မှာ အော်ဒါတွေမှတ်တာ၊ ပွဲပြင် တာ ဒေါ်နှင်းက တာဝန်ခံဆိုတော့ အုပ်ကြီးပေါ့။

ကျွန်တော်က “ဒါဆိုခင်ဗျားက အုပ်ကြီး တပည့်ပေါ့” ဆိုတော့ ဟုတ်ပါ့ဗျာဟုဆိုသည်။ ဒီလိုနဲ့ နောက်နေ့သွားစားတော့ သူကို အုပ်ကြီးတပည့်ဟုပဲခေါ်သည်။ သူကလည်း ပြုံးပြုံး ပြုံးပြုံး နဲ့။ ပြန်လာတဲ့အထိ သူ့နာမည်ကို မမေးမိ။ ဒါ့ကြောင့် အခု ဖုန်းဆက်တော့ အုပ်ကြီး တပည့်ပါ ဟု မိတ်ဆက်ခြင်းဖြစ်သည်။

အုပ်ကြီတပည့်က ကျွန်တော့်ခရီးသွားလမ်းညွှန် ကိုဇော်ကြီးထံက ဖုန်းနံပါတ်တောင်းပြီး ဆက်လာ ခြင်းဖြစ်သည်။ ကိုဇော်ကြီးက ပုဂံမြို့သစ်မှာနေသည်။ ညောင်ဦးမှာနေသည့် အုပ်ကြီးတပည့်က ကိုဇော်ကြီးကို မရမက ရှာပြီး ဖုန်းနံပါတ်တောင်းသည်ဆိုထဲက သူ့ အလေးထားမှုကို ခံစားရသည်။

အုပ်ကြီးတပည့်က ကျွန်တော့်စာကို ဖတ်ပြီး သူတို့ဆိုင်ကို ဧည့်သည်တွေရောက်လာကြောင်း ဝမ်းသာ အားရပြောသည်။ ကျွန်တော်သိလိုတာတွေမေးတော့ ထုံးစံအတိုင်း အုပ်ကြီးမှ သိမယ် ဆိုပြီး အုပ်ကြီးထံဖုန်းလွှဲပေးသည်။ ဒေါ်နှင်းက ရပ်ဝေးဧည့်သည်တွေ လာစားကြောင်း၊ သူတို့ဆိုင် မှာ စားပွဲသုံးလုံးသာရှိသဖြင့် မတ်တပ်ရပ်စားသွားသူတွေရှိကြောင်းပြောပြသည်။ လာစားသူတွေ ကို ကျွန်တော့်ဧည့်သည်အဖြစ် သဘောထားကြောင်း၊ ရပ်ဝေးကလာလို့ ဈေးပိုယူတာ၊ များများ ရောင်းရလို့ ချိုတာမလုပ်ကြောင်း ကတိပေးသည်။ ဧည့်သည်တွေများလာလို့ တစ်နေ့ မုန့်နှစ် ပိဿာလောက်တိုးလုပ်ရပါသည် ဟု ဝမ်းသာအားရပြောသည်။

ဒါပေမယ့် ဆိုင်တိုးချဲ့တာ၊ လူငှားတာလည်း လုပ် မည့်ပုံမပေါ်၊ ဒေသခံဖောက်သည်တွေကို အမှီပြုနေရာကနေ ရပ်ဝေးဧည့်သည်တွေက မြစ်ဆိပ် ချောင်ကလောင်ထဲက သူ့ဆိုင်လေးကို လာအားပေးတာ နဲ့တင်ကျေနပ်နေသည့်ပုံ။ ဆရာ နောက် တစ်ခါလာရင် ထမင်းကျွေးမယ်၊ ဆိုင်မှာတော့ မကျွေးနိုင်ဘူး၊ အိမ်မှာ အညာစာကျွေးမယ်ဟု ပြောသည်။ နောက်ဆုံး ညောင်ဦးလာမယ်ဆိုရင် ဒီဖုန်းကို ဆက်ပါလို့ အကြိမ်ကြိမ်ပြောပြီး ဖုန်းချသွားသည်။ ဖုန်းနံပါတ် ၀၉ ၇၉ ၁၂၂၉ xxx ကို ဒေါ်နှင်း၊ အုပ်ကြီး၊ အသုပ်စုံဆိုပြီး မှတ်ထားလိုက်သည်။

စားသောက်ဆိုင်လေးတွေအကြောင်းဆောင်းပါးရေးသည့်အခါ မိတ်ဆွေတစ်ယောက်ကို လက်တို့ ပြောချင်တဲ့စိတ်ပေါ်သည်အထိ ကြိုက်နှစ်သက်သည့်အခါမှ အဲဒီဆိုင်ကို ညွှန်းသည်။ ကြီးကျယ် ခမ်းနားသော ဆိုင်ကြီးတွေအကြောင်းမရေး၊ မိသားစုဆိုင်လေးတွေ၊ လမ်းဘေး ဆိုင်လေး တွေ အကြောင်းပဲရေးသည်။ဝန်ဆောင်မှုတွေ၊သန့်ရှင်းမှုတွေအကြောင်းထည့်မပြော၊စားလို့ ကောင်း မကောင်း ပဲပြောသည်။

ကျွန်တော်ရေးသည့်ဆိုင်အားလုံးလိိုုလို ကျွန်တော့်ကို ဘယ်သူမှန်းမသိကြ၊ ဖေ့စ်ဘွတ်မှာ တင် ထားတာတောင် သူများပြောမှ သိသူများသည်။ ကျွန်တော်နောက်တစ်ကြိမ်သွားစားရင်တော့ မှတ် မိပြီး နှုတ်ဆက်သည်။ ကျေးဇူးတင်ကြောင်းပြောသည်။ ဒေါ်နှင်းတို့လည်း ကျွန်တော်ရောက်သွား ချိန်မှာ ဘယ်သူမှန်းမသိ၊ ကျွန်တော့်စာထဲမှာပါလာမှ သူများပြောလို့သိခြင်းဖြစ်သည်။ အဲဒီ လို သူတွေထဲမှာ အုပ်ကြီးတပည့်ကတော့ ထူးထူးခြားခြား ဖုန်းဆက်ပြီးကျေးဇူးတင်ကြောင်း ပြော သူ ဖြစ်၏။လူချင်းတွေ့မှပြောပြော၊ ဖုန်းဆက်ပြီးပြောပြော သူတို့ အဆင်ပြေသွားကြောင်း ကျေးဇူး တင် စကားကြားရသည့်အခါ ပီတိဖြစ်ရသည်။

ဒါပေမယ့် ကူညီမှုတိုင်းအတွက် တူညီသော တုန့်ပြန်မှုရတတ်သည်တော့မဟုတ်ပါ။ ၂၀၁၆ ခုနှစ် တာဝန်တွေကအနားယူပြီးသည့်အခါချစ်ခင်ရင်းနှီးသောမိတ်ဆွေ လူလတ်ပိုင်းအရွယ် တစ်ယောက် ကို ကူညီခဲ့ဖူးသည်။ ကူညီသည် ဆိုတာထက် ပြိုင်တူတွန်းပေးခဲ့သည်ဟု ဆိုလ ျှင် ပိုမှန်မည်။ တစ်ယောက်တည်းအားနဲ့ မပွင့်သောတံခါးများကို ကူတွန်းပေးခဲ့သည်။ ပွင့်သွားချိန်မှာတော့ လှေကားထစ်တွေကို သူ့ခွန်အားနှင့်သူ နင်းတက်သွားနိုင် ခဲ့သည်။

ထူးခြားတာကတော့ တံခါးတွေပွင့်သွားပြီး လှေကားထစ်တွေနင်းတက်ချိန်မှာ ကျွန်တော့်ကို အသိ မပေးတော့။ အခြားသူတွေဆီက သတင်းတွေပြန်ကြားရလို့မေးသည့်အခါ ဟုတ်တယ်၊ ပြော မလို့ ဘဲဗျ ဟုသာ ဆိုတတ်သည်။ ကျွန်တော်တို့ နှစ်ယောက် မကြာခဏ တွေ့ဆုံ ဖြစ်သော်လည်း ပြိုင်တူတွန်းခဲ့ပုံတွေကို စကားမဟ၊ အသိအမှတ်ပြုသည့် စကား မပြော။

အကျိုးလိုလို့ ညောင်ရေလောင်းတာမဟုတ်သော်လည်း လူ့သဘောသဘာဝအရ အသိအမှတ်ပြု ခံချင်တာတော့အမှန်ပင်။ စကားမပြောတတ်သည့် ပန်းပင်လေးများပင် ဥယျဉ်မှူးစိတ်ချမ်းသာ အောင် ရောင်စုံပန်းလေးတွေပွင့်ပြရသေးတာပဲလေ။ သတင်းစာထဲထည့်ဖို့မလို၊ ဂုဏ်ပြုမှတ်တမ်း ပေးဖို့မတောင်းဆို၊ ကာယကံရှင်နှုတ်ဖျားက စကားတစ်ခွန်းပဲလိုပါသည်။

တစ်နေ့တော့ အကြောင်းတိုက်ဆိုင်လာလို့ ကိုယ်ကူညီခဲ့တဲ့အကြောင်း ပြန်ပြောင်းပြောမိတော့ သူ့ တုံ့ပြန်မှုက အံသြစရာကောင်းလှသည်။ ဒါတွေပြောရင် စိတ်အနှောင့်အယှက်ဖြစ်ရသည် တဲ့။ သူ့ပတ်ဝန်းကျင်မှာ ကိုယ့်ဒူးကိုယ်ချွန်သမားလို့ ကြွေးကြော်ထားတဲ့အတွက် ကူညီသူရှိခဲ့သည်ကို အသိ မခံချင်တာလား၊နိုင်ငံရေးအရောင်ရှိသည်ဟုသတ်မှတ်ခံရသူတစ်ယောက်ထံမှအကူ အညီယူ တယ် လို့ အပြစ်တင်ခံရမှာကို စိုးရိမ်တာလား။ ဒါမှမဟုတ် ကျွန်တော်က ကျလူ၊ သူက တက်လူ လို့ သတ်မှတ်ထားပြီး ကျလူထံက အကူအညီယူရသည်ကို ဂုဏ်ငယ်သည်ဟု ထင်နေတာ လည်း ဖြစ် နိုင်သည်။ တက်လူ၊ ကျလူ ဆိုတာ အသက်အရွယ်နှင့် မဆိုင်၊ စဉ်ဆက်မပြတ် လေ့လာ ဆည်းပူး ကြိုးစားနေမှုနဲ့ ဆိုင်သည်ကို သူသိပုံမရ။

ဒီလိုနဲ့ ကျွန်တော်တို့နှစ်ယောက် ဝေးဝေးသွားကြတော့သည်။ ခရီးသွားက သစ်ပင်ရိပ်မှာ ခဏ ဝင် နားသည်။ အမောပြေတော့ ခရီးဆက်သည်။ နောက်ထပ်တွေ့သော သစ်ပင်ရိပ်မှာ နားကောင်း နားမည်၊ဒါမှမဟုတ်ခရီးဆုံးသည်အထိအရောက်သွားကောင်းသွားမည်။ ဘာပဲဖြစ်ဖြစ် နောက်ပြန် လှည့်လာပြီးသစ်ပင်ရိပ်မှာလာနားဖို့အကြောင်းမရှိတော့။သစ်ပင်ကြီးကလည်း ခရီးဆက်သွားသူ ကို မေ ျှာ်နေဖို့မလို။ သစ်ပင်ရိပ်မှာ နားခိုစဉ် အလေး၊ အပေါ့မစွန့်ခဲ့တာ ၊ အမှိုက်မပစ်ခဲ့ တာ ကို ပဲ ကျေးဇူးတင်ရပေမည်။

ဆရာစိုင်းခမ်းလိတ်က ဘီးနံပါတ် OK – 0122L ဆိုသည့် ချစ်ခြင်းဖွဲ့သီချင်းတစ်ပုဒ် ရေးခဲ့ သည်။ အချို့ကလည်း အဲဒီနံပါတ်နောက်မှာ ဖုံးကွယ်ထားသော အနက်တွေရှိသည်ဟုဆိုကြ၏။ ဆရာ စိုင်းခမ်းလိတ်ကတော့ သီချင်းတစ်ပုဒ်အပေါ်မှာ နားထောင်သူကသူ့ခံစားချက်နဲ့သူ အဓိပ္ပါယ် ဖော်ပါစေ၊ အဲ့ဒါဟာ အနုပညာပါလို့ ပြောကြောင်းလည်းဖတ်မှတ်ခဲ့ဖူးသည်။ မည်သို့ ပင် ဖြစ် စေ OK – 0122 L သည် ဆရာစိုင်းခမ်းလိတ်၏ ဘဝမှာ အမှတ်တရဖြစ်စေသည့် ဖြစ်ရပ်တွေကို အခြေခံပြီးပေါ်ပေါက်လာခဲ့သည်ဆိုတာတော့ ငြင်းလို့မရ။

ကျွန်တော် ပုဂံ-ညောင်ဦးကို နောက်တစ်ကြိမ် သွားချင်မှ သွားနိုင်မည်။သွားဦးတော့ မနှင်း ဆိုင် မှာ စားဖြစ်ချင်မှ စားဖြစ်မည်၊ ဒီဖုန်းကို ဆက်ချင်မှ ဆက်နိုင်မည်။ သို့သော် ဖုန်းနံပါတ် ၀၉ ၇၉ ၁၂၂၉ xxx ကိုတော့ ထာဝရ သိမ်းထားရမည်။ ဤဖုန်းနံပါတ်သည် မတူညီသော လူ့သဘော သဘာဝနှစ်ခုကို အမှတ်ထင်ထင်ဖြစ်စေသည့် နံပါတ်ဖြစ်သည်။

2 thoughts on “ဖုန်းနံပါတ် ၀၉ ၇၉ ၁၂၂၉ xxx

  1. ပုဂံရောက်တုန်း အခုလို အပိုင်းလိုက်အပိုင်းလိုက် တင်ပေးတာ အထူးကျေးဇူးတင်ပါတယ် ။

    ဓာတ်ပုံတွေ အများကြီး တင်ပေးလို့ ကြည်နူးရပါတယ် ၊

    ကျနော်က ပုခုက္ကူအနောက်ဘက် က ကမ္မမြို့ကပါ ပုဂံနှင့် နီးနီးလေးပါ ဒါပေမယ့်ပုဂံကို တစ်နှစ် တစ်ခေါက်လောက်သာ ရောက်ဖြစ်ပါတယ် ။

    အခုလို ကိုဗစ်ကာလမှာ ခရီးသွား ဆောင်းပါးတွေ ဖတ်ရတာ သိပ်ကို ကျေနပ်နှစ်သက်ပါတယ်။

    ကျေးဇူးအများကြီး တင်ပါတယ် ။

    Like

  2. ဆရာပြောတာ တွေးတာ ရေးတာလေးတွေက သဘာဝကျပြီး ချစ်စရာကောင်းလိုက်တာ

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: