သက်ဆွေ ဘာသာပြန်တဲ့ ၂၀၁၀-၂၀၁၆ မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအကြောင်း စာအုပ်ကို ဖတ်ပြီးတော့ အဘ ဦးသောင်းညွှန့် က ကျွန်တော့်ကို ဖုန်းဆက်ပြီးတွေ့ချင်တဲ့အကြောင်းပြော ပါ တယ်။
အဘ ဦးသောင်းညွှန့် ဆိုတာ ၁၉ ၈၈ ခုနှစ်မတိုင်ခင်က နိုင်ငံတော်ကောင်စီ ဥပဒေအကြံပေးအဖွဲ့ဝင်၊ တပ်မတော်အစိုးရလက်ထက်မှာ ၁၉ ၉ ၂ ခုနှစ်ထိ ရှေ့နေချုပ်ရုံးညွှန်ချုပ်၊ နောင် နဝတ အစိုးရ ဝန်ကြီးချုပ်ရုံး ဝန်ကြီးအဖြစ် ၂၀၁၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်အစိုးရအဖွဲ့မှာလည်း ဥပဒေအကြံပေး အဖြစ်တာဝန်ယူခဲ့ပါတယ်။
အဘ ဦးသောင်းညွန့်ဟာ ၁၉ ၉ ၂ ခုနှစ်က စပြီး ၂၀၀၇ ခုနှစ်အထိ အမျိုးသားညီလာခံကျင်းပရေး လုပ်ငန်းကော် မတီ မှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။ ( အမျိုးသားညီလာခံက ၁၉ ၉ ၆ ကနေ ၂၀၀၄ ခုနှစ် ကြားမှာ ရပ်နားထားခဲ့တယ်။ ) အလားတူပဲ အခြေခံဥပဒေရေးဆွဲရေးကော်မရှင်မှာ လည်း ပါဝင်ခဲ့ပါတယ်။ ကျွန်တော့်စာအုပ်အတွက် တွေ့ဆုံမေးမြန်းမှုပြုလုပ်တဲ့အချိန်မှာ လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ အဘ ဦးအောင်တိုးနဲ့ အတွင်းရေးမှူး အဘ ဦးအေးမောင်တို့ကို ပဲ မေးခဲ့တယ်။ အဘဦးသောင်းညွှန့်ကို မမေးခဲ့ဘူး။
အဘ ဦးသောင်းညွှန့်က အသက်ကိုးဆယ်ရှိပြီ။ ကျန်းမာရေးကောင်းသလို မှတ်ဉာဏ်လည်း ကောင်းနေဆဲပါပဲ။ အဘက ကျွန်တော့်စာအုပ်အခန်း (၁) အမျိုးသားညီလာခံ နဲ့ အခန်း (၂) ဖွဲ့စည်းပုံအခြေခံဥပဒေ တို့နဲ့ပတ်သက်ပြီး သူ့ အတွေ့အကြုံတွေကို ထပ်ဖြည့်ပြောပြပါ တယ်။ သူပြောပြတဲ့အထဲက ကျွန်တော့်စာအုပ်နဲ့ ဆက်စပ်ပြီး ဖတ်သင့်တဲ့ အချက်များကို မ ျှေ၀ လိုက်ပါတယ်။
လုပ်ငန်းကော်မတီ
ကျွန်တော့်စာအုပ် စာမျက်နှာ ၆၃ မှာ လုပ်ငန်းကော်မတီက အဓိက အရပ်ဘက် ဝန်ထမ်းဟောင်းအရာရှိကြီး သုံးယောက် ( ဦးအောင်တိုး၊ ဦးအေးမောင်၊ ဦးသောင်းညွန့် နောက်ဆက်တွဲမှတ်စု အမှတ် ၁၈ ညွှန်း) လို့ရေးထားတာနဲ့ပတ်သက်ပြီး အရာရှိ ကြီးငါးယောက်ဖြစ်တယ်လို့ ပြောပါတယ်။
၁၉ ၉ ၃ ခုနှစ် အမျိုးသားညီလာခံစတင်ချိန်က လုပ်ငန်းကော်မတီထဲမှာ အခြေခံမူနဲ့ အသေးစိတ် အခြေခံရမည့် မူများကို ဦးဆောင်ပြုစုခဲ့သူငါးယောက်ရှိတယ်။ အဲဒီသူတွေ ဦးအောင်တိုး၊ ဦးသာထွန်း၊ ဦးအောင်ခင်တင့် ၊ ဦးအေးမောင်နဲ့ ဦးသောင်းညွန့်တို့ဖြစ်ပါတယ်။ ဒါပေမယ့် ဦးသာ ထွန်းနဲ့ ဦးအောင်ခင်တင့် တို့ ကွယ်လွန်သွားတဲ့အတွက် ၂၀၀၄ ခုနှစ် အမျိုးသားညီလာခံ ပြန်လည်စတင်တဲ့အချိန်မှာ သူတို့ သုံးယောက်ပဲ ကျန်ခဲ့တာဖြစ်ပါတယ်။
လုပ်ငန်းကော်မတီမှာ အခြေခံမူ၊အသေးစိတ်အခြေခံရမည့်မူများကို ပြုစုတဲ့အခါ တစ်ယောက်စီ ဦးဆောင်တဲ့အဖွဲ့တွေက အခန်းတစ်ခန်းခြင်းအလိုက်တာဝန်ယူရတယ်။ ဥပမာ၊ ဦးအောင်တိုး က တရားစီရင်ရေး၊ ဦးအေးမောင်က အုပ်ချုပ်ရေး၊ ဦးသောင်းညွှန့်က အခြေခံမူများနှင့် နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ စသည်ဖြင့် ဖြစ်ပါတယ်။ ( သူမှတ်မိ သမ ျှ ပြန်ပြောပြတာပါ။ ) အဲဒီလို ပြုစုထားတာတွေကိုမှ အမျိုးသားညီလာခံကော်မရှင်မှာ ပြန်ဆွေးနွေး အတည်ပြုပါတယ်။
ဒီအရာရှိကြီးငါးယောက်ထဲမှာ ဦးသောင်းညွန့်တစ်ယောက်ပဲ BJS တရားစီရင်ရေးဝန်ထမ်းဖြစ်ပြီး ကျန်တဲ့လေးယောက်က BCS အုပ်ချုပ်ရေးဝန်ထမ်းတွေဖြစ်ပါတယ်။ BCS တွေက တတိယတန်း တရားစီရင်ရေးအာဏာပဲ ကျင့်သုံးခွင့်ရတယ်။ BJS က ဒုတိယတန်းတရားစီရင်ရေးအာဏာကနေ အထူးအာဏာရနဲ့တရားမမှုအဆင့်ထိ အဆင့်ဆင့်တိုးတက်ကျင့်သုံးခွင့်ရတယ်။ ဦးသောင်းညွန့် က တရားမတရားသူကြီးအဆင့်ထိ တာဝန်ယူခဲ့တယ်။ ( တရားစီရင်ရေးအာဏာတွေကို အင်္ဂလိပ် လိုပြောသွားတာကို မြန်မာလို ပြန်ထားတာဖြစ်တဲ့အတွက် တရားဝင်အသုံးအနှုံးနဲ့လွဲရင် ပြင်ပေး ပါ)
ဒါ့အပြင် ဦးသောင်းညွန့်က ၁၉ ၇၄ ခုနှစ်အခြေခံဥပဒေရေးဆွဲရေးကော်မရှင်မှာပါခဲ့တယ်။ နိုင်ငံတော် ကောင်စီရဲ့ ဥပဒေအကြံပေးအဖွဲ့မှာလည်း တာဝန်ထမ်းဆောင်ရတယ်။ ၁၉ ၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၃ အရ နိုင်ငံတော်ကောင်စီဟာ အခြေခံဥပဒေမှ အပ ကျန် ဥပဒေ တွေကို အနက်ဖွင့်ဆိုခြင်း၊ ဗဟိုနဲ့ ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေရဲ့ ဆုံးဖြတ် ချက် နဲ့ အမိန့်တွေဟာ ဥပဒေနဲ့ ကိုက်ညီခြင်းမရှိကြောင့်တွေ့ရင်ပယ်ဖျက်ခြင်းတွေကို လုပ်ဆောင်ခွင့်အာဏာရှိတဲ့အတွက် ဥပဒေဆိုင်ရာလေ့လာမှုတွေအများကြီးလုပ်ခဲ့ရတယ်။ အိန္ဒိယ နိုင်ငံမှာ ဥပဒေရေးဆွဲရေးဆိုင်ရာလေးလသင်တန်းတက်ခဲ့ရတယ်။ အဲဒီသင်တန်းမှာ အခြေခံဥပဒေ နဲ့ပတ်သက်ပြီးဆွေးနွေးပို့ချမှုတွေလည်းရှိခဲ့တယ်။ ဒါ့ကြောင့် သူတို့ ငါးယောက်ကြားမှာ ဥပဒေ ဆိုင်ရာအတွေ့အကြုံခြင်း မတူဘူး။
ဒီအရာရှိကြီးငါးယောက်ဟာ နိုင်ငံတကာအခြေခံဥပဒေပညာရပ်နဲ့ပတ်သက်ပြီးနိုင်ငံတကာ တက္ကသိုလ်တွေမှာလေ့လာဆည်းပူးတာမရှိပေမယ့် ၁၉ ၉ ၂ ခုနှစ်အမျိုးသားညီလာခံကျင်းပ ရေး အကြိုညှိနှိုင်းမှုတွေ စတင်ပြုလုပ်ချိန်က စပြီး နိုင်ငံတကာအခြေခံဥပဒေတွေကို လေ့လာမှုတွေ ပြု လုပ်ခဲ့တယ်။ တွေ့ရှိချက်တွေကို အကျဉ်းချုပ်ပြုစုပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကို တင်ပြရတယ်။
ဗီတိုအာဏာ
ကျွန်တော့်စာအုပ် စာမျက်နှာ ၆၁ မှာ လွှတ်တော်က အတည်ပြုတဲ့ဥပဒေတွေကို သမ္မတ က ဗီတိုအာဏာ နဲ့ ပယ်ချခွင့်ပေးမထားတဲ့အတွက် မဏ္ဍိုင်နှစ်ရပ်ကြား အပြန်အလှန်ထိန်းကျောင်းမှု မှာ လွှတ်တော်ဘက်က တစ်ဖက်သတ်အသာရနေတဲ့အကြောင်းရှင်းလင်းရေးသားခဲ့တယ်။
အဲဒီဗီတိုအာဏာ ကိစ္စနဲ့ပတ်သက်ပြီး လုပ်ငန်းကော်မတီ အဆင့်မှာရော၊ အမျိုးသားညီလာခံကျင်း ပရေးကော်မရှင်အဆင့်မှာရော ဆွေးနွေးခဲ့တယ်။ အခြေခံဥပဒေအရ မြန်မာနိုင်ငံက အမေရိကန် လိုပဲ သမ္မတ ဦးဆောင်သော အုပ်ချုပ်ရေးစနစ်ဖြစ်တဲ့အတွက် သမ္မတ ကို ဗီတိုအာဏာ ပေးထားဖို့လိုတယ် ဆိုတာ ကို လက်ခံကြတယ်။ ဒါပေမယ့်တစ်ဖက်မှာလည်း မြန်မာနိုင်ငံရဲ့ သမ္မတရွေးချယ်မှုစနစ်က အမေရိ ကန်နဲ့မတူဘူး။ ပြည်ထောင်စုလွှတ်တော်ကရွေးတာဖြစ်နေ တယ်။
အဲဒီအခြေအနေနှစ်ခု ကို နှိုင်းယှဉ်စဉ်းစားပြီးတဲ့နောက် သမ္မတကို ဗီတိုအာဏာမပေးဖို့ဆုံးဖြတ်ခဲ့ တယ်။ ကော်မရှင်ရဲ့တွေ့ရှိချက်တွေကို တပ်မတော်အစိုးရခေါင်းဆောင်တွေကို တင်ပြတဲ့အချိန် မှာ လည်း အဲဒီအချက်ကို သဘောတူခဲ့တယ်။ အဲဒီအချိန်က လုပ်ငန်းကော်မတီနဲ့ ကော်မရှင်မှာပါဝင် သူတွေအားလုံးက လွှတ်တော်မှာ အမတ်နေရာ အများစုရတဲ့ပါတီက ရွေးချယ်တဲ့သမ္မတ နဲ့ လွှတ်တော်ကြားမှာ ၂၀၁၁-၂၀၁၆ ကြားမှာဖြစ်ခဲ့တဲ့ ထိပ်တိုက်ရင်ဆိုင်မှုမျိုး တွေဖြစ်လာ နိုင်တယ်လို့လည်း မထင်ခဲ့ကြဘူး။
ဒီနေရာမှာ ကျွန်တော့်စာအုပ်မှာရေးထားတဲ့ အမေရိကန်သမ္မတရဲ့ ဗီတိုအာဏာနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတဟာ လွှတ်တော်က အတည်ပြုတဲ့ ဥပဒေကြမ်းတစ်ခုလုံးကို ဗီတိုအာဏာ သုံး ပြီး ပယ်ချလို့မရဘူး။ တစ်စိတ်တစ်ပိုင်း ကိုပယ်ချတဲ့ ဗီတိုအာဏာ ( Line – Item Veto ) ပဲသုံးလို့ ရတယ်လို့ မှတ်ချက် ရေးတာတွေ့မိတယ်။
အဲဒါမှားပါတယ်။ အမေရိကန်အခြေခံဥပဒေ ပ Article 1, Section 7 အရ သမ္မတ က ဥပဒေ ကြမ်းတစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ဗီတိုအာဏာသုံးပြီးပယ်ချလို့ရပါတယ်။ တစ် စိတ်တစ်ပိုင်းကို ပယ်ချတဲ့ဗီတို ( Line – Item Veto ) ကို လွှတ်တော် က အတည်ပြုတဲ့ ဘတ်ဂျက်မှာ သူလက်မခံနိုင်တဲ့အပိုင်းတွေကို ပယ်ချတဲ့အခါမှာ အများဆုံးသုံးပါတယ်။ တစ်ဖက် မှာလည်း အပြန်အလှန်ထိန်းကျောင်းတဲ့အနေနဲ့ သမ္မတ ရဲ့ ဗီတိုကို လွှတ်တော်နှစ်ရပ်ပေါင်း အမတ် သုံးပုံ နှစ်ပုံရဲ့ ထောက်ခံမှုနဲ့ ကျော်လွှားခွင့်ပေးထားပါတယ်။
အချိုးကျကိုယ်စားပြုစနစ် ( PR System)
ကျွန်တော့်စာအုပ် စာမျက်နှာ ၁၇၉ မှာရေးထားတဲ့ မြန်မာနိုင်ငံရွေးကောက်ပွဲတွေမှာ အချိုးကျ ကိုယ်စားပြုစနစ် နဲ့ပတ်သက်လို့ကတော့ ဟိုတယ်/ခရီး ဝန်ကြီး ဗိုလ်ချုပ်စောလွင် ကော်မရှင်ဥက္ကဋ္ဌဖြစ်နေချိန်မှာ လုပ်ငန်းကော်မတီအဖွဲ့ ဝင် တစ်ယောက်က ရွေးကောက်ပွဲတွေမှာ အချိုးကျ ကိုယ်စားပြုစနစ်ကျင့်သုံးဖို့အတွက် ထည့်သွင်း ပြဋ္ဌာန်းသင့်ကြောင်း အဆိုတင်တယ်။ အပြန်အလှန်ဆွေးနွေးပြီးတဲ့နောက် အချိုးကျ ကိုယ်စားပြုစနစ် အမျိုးမျိုးရှိတဲ့အနက် ဘယ်ပုံစံကို ကျင့်သုံးမှာလဲဆိုတာ မဆုံးဖြတ်နိုင်ဘူး။ မြန်မာ နိုင်ငံမှ အစဉ်အဆက်ကျင့်သုံးခဲ့တာက များသူအနိုင်ယူ စနစ်ပဲဖြစ်တယ် ဆိုတဲ့အချက်တွေကို အခြေခံပြီး အချိုးကျကိုယ်စားပြုစနစ်ကို ပယ်ချခဲ့တယ်။
ဒါပေမယ့် ၂၀၀၄ ခုနှစ် အမျိုးသားညီလာခံပြန်ကျင်းပတော့ အရင်အဆိုတင်ခဲ့တဲ့ ကော်မတီ ဝင်ကပဲ အချိုးကျကိုယ်စားပြုစနစ်ကို ထပ်တင်တယ်။ အဲဒီအချိန်မှာ ကော်မရှင် ဥက္ကဋ္ဌက ဗိုလ်ချုပ် ကြီးသိန်းစိန်ဖြစ်နေပြီ။ ကော်မရှင်အဖွဲ့ဝင်အတော်များများကလည်း အသစ်တွေ၊ ဒီတော့ ဗိုလ်ချုပ်စောလွင် တာဝန်ယူချိန်က ဆွေးနွေးချက် မှတ်တမ်းတွေ၊ ပြန်ဖတ်၊ အသံဖိုင်တွေ ပြန်နားထောင် ကြတယ်။ နောက်ဆုံးမှာ မူလဆုံးဖြတ်ချက်အတိုင်းပဲ ထားဖို့ ဆုံးဖြတ်ခဲ့တယ်။ ( အဆိုတင် တဲ့ အဖွဲ့ဝင်ကတော့ ရှိပါသေးတယ်။ ဒါပေမယ့် ကျန်းမာရေးအခြေအနေအရ မေးလို့ မရနိုင်တော့ တဲ့ အတွက် နာမည်မဖော်ပြတော့ပါဘူး။ )
နယကခေါင်းဆောင်တွေ
ကျွန်တော့်စာအုပ် စာမျက်နှာ ၄၄ မှာ အမျိုးသားညီလာခံကျင်းပရေး ကော်မရှင်နဲ့ လုပ်ငန်းကော်မတီတွေရဲ့ လုပ်ဆောင်ချက် တွေ ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ အခြား ထိပ်တန်း ခေါင်းဆောင်တွေကို ရှင်းပြရတဲ့အကြောင်းရေးထားတယ်။ နောက်ဆက်တွဲ မှတ်စု ၂၆ မှာ ၂၀၀၄ ခုနှစ် နောက်ပိုင်းမှာ အဲဒီလို ရှင်းပြတဲ့အခါ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နဲ့ အတူ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ဗိုလ်ချုပ်ကြီး သိန်းစိန် ၊ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး တို့ တက်ရောက်တယ်လို့ ရေးထားပါတယ်။
အဘ ဦးသောင်းညွန့်က အဲဒီအချက်မှန်ကန်ကြောင်းအတည်ပြုတဲ့အပြင် ဒုတိယဗိုလ်ချုပ်မှူး ကြီး မောင်အေး နဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်း တို့ကို ကြိုတင်ရှင်းပြရတဲ့အကြိမ်တွေလည်း ရှိ တဲ့ အကြောင်း၊ တစ်ခါတစ်ရံမှာတော့ အဲဒီ လူကြီးနှစ်ယောက်က သူတို့ သိချင်တဲ့အချက်တွေကို ခေါ် မေးတာလည်းရှိကြောင်း ဖြည့်စွက် ရှင်းပြခဲ့ပါတယ်။
ဆိုလိုတာကတော့ နဝတ/နယက အစိုးရလက်ထက် ထိပ်တန်းခေါင်းဆောင်ဖြစ်ခဲ့ရင် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေး နဲ့ပတ်သက်ရင် မသိဘူး၊ မပါခဲ့ဘူးလို့ ခေါင်းရှောင်လို့ မရဘူး ဆို တာ ပါပဲ။