အုပ်ကြီး နှင့် ခဏတာ

လမ်းသွယ်လေးထဲမှာ လမ်းမီးတိုင်တွေက ခပ်ကျဲကျဲဆိုတော့ တိုက်ခန်းတွေက ဖြာ ကျတဲ့ အလင်းရောင်ပဲရှိတယ်။ မြေညီထပ်တိုက်ခန်းတွေက ဖွင့်ထားတဲ့ စားသောက်ဆိုင်တွေ ကလည်း ပါဆယ်ပဲရောင်းရတော့ ခြောက်ကပ်ကပ်။ ဝက်သားတုတ်ထိုးသည်လည်းတွေ့တယ်။ ထိုင်စား မှ အရသာရှိတဲ့ တုတ်ထိုးဟာ ပါဆယ်ခေတ်မှာ အခြေအနေကောင်းပုံမရဘူး။

အုပ်ကြီးရဲ့ ရုံးက တစ်ထပ်တိုက်လေး။ ရယကရုံးတွေရဲ့ထုံးစံအတိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံး ရယ်၊ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်ရယ်တွဲဖွင့်ထားတယ်။ ရုံးရှေ့မှာ ကွမ်းယာဆိုင်ရှိတယ်။ ကွမ်းယာ ဟာ ကိုဗစ်ကို နိုင်တယ်။ အစထဲက ပါဆယ်ဆိုတော့ ပါဆယ်ခေတ်မှာ ကွမ်းယာက ဆရာကြီးပဲ။ အခု လည်းဆိုင်ရှေ့မှာ ကွမ်းယာစောင့်နေတဲ့သူ သုံးလေးယောက်ရှိတယ်။

အုပ်ကြီးရုံးရှေ့မှာ ရုံးရှေ့ ယာဉ်မရပ်ရ ဆိုင်းဘုတ်ရှိတယ်။ ဆိုင်းဘုတ်က သွပ်ပြား ဆိုင်းဘုတ်၊ အမည်းအောက်ခံမှာ အဖြူနဲ့ရေးထားတယ်။ သုံးပေလောက်ပဲမြင့်တဲ့ဆိုင်းဘုတ် ကို ရွေ့မသွားအောင် အုတ်ခဲနဲ့ဖိထားတယ်။ ဆိုင်းဘုတ်သက်တမ်းက အတော်ကြာနေပြီ၊ ဆေးရောင်တောင်လွင့်နေပေါ့။ လမ်းသွယ်လေးထဲမှာ ကားတွေအပြည့်ရပ်ထားပေမယ့် ဆိုင်းဘုတ်ငုတ်စိလေးနဲ့ အုပ်ကြီးရုံးရှေ့မှာတော့ ဘာကားမှ မရှိဘူး။ ဒါက အုပ်ကြီး အာဏာ စက်ကို သက်သေပြနေတာပဲ။

အုပ်ကြီးရုံး တံစက်မြိတ်အောက်မှာ ကျောက်သင်ပုန်းနှစ်ခုထောင်ထားတယ်။ တစ်ခုက စက်တင်ဘာ ၈ ရက်နေ့က စပြီး စားသောက်ဆိုင်တွေမှာ ပါဆယ်ပဲရောင်းရမယ် ဆိုတဲ့ ကြေညာချက်၊ နောက်တစ်ခုက မီးဖွားပြီးစ မိခင်တွေကို ထောက်ပံ့ကြေးပေးဖို့ရှိတဲ့ အတွက် စာရင်းပေးဖို့ ကြေညာချက်။ ရုံးခန်းအဝင်တံခါးမှာတော့ ရုံးထဲကို စွပ်ကျယ်၊ ဘောင်းဘီတို နဲ့ မဝင်ဖို့ သတိပေးစာကပ်ထားတယ်။ ရုံးဖွင့်ချိန် ည ၇ နာရီ မှ ၉ နာရီလို့ ရေးထားတဲ့ဆိုင်း ဘုတ် လည်းရှိတယ်။

ပြီးခဲ့တဲ့ နှစ်ပတ်လောက်က မိသားစုဝင်တစ်ယောက် ခရီးသွားဖို့အတွက် အုပ်ကြီးရုံးမှာ ထောက်ခံ စာသွားလုပ်တယ်။ ဒီတော့မှ ဧည့်စာရင်း ဥပဒေဖျက်လိုက်ပေမယ့် သန်းခေါင်စာရင်း မရှိဘဲ တစ်လထက် ပိုနေမယ်ဆိုရင် အုပ်ကြီးရုံးမှာ နေထိုင်မှုမှတ်တမ်းလုပ်ထားရမယ်ဆိုတာ သိရတယ်။ ကျွန်တော့်သန်းခေါင်စာရင်းက ဗိုလ်တထောင်ဆိုတော့ နေထိုင်မှုမှတ်တမ်းအတွက် သတင်းပို့ ရမယ်လို့ဆိုတယ်။ အုပ်ကြီးက ဒီတစ်ခါတော့ ထောက်ခံစာလုပ်ပေးလိုက်မယ်၊ နောင်တော့ သတင်းပို့မထားရင် ရပ်ကွက်က စောင့်ရှောက်မှုတွေ လုပ်မပေးနိုင်ဘူးလို့ သတိပေးလိုက် တယ်။

ဒီလို နဲ့ အိမ်ထောင်ဦးစီးဖြစ်တဲ့ ကျွန်တော်ဟာ အုပ်ကြီးမှာလိုက်တဲ့ စာရွက်စာတမ်းတွေနဲ့ အတူ အုပ်ကြီးရုံးကို ရောက်လာခဲ့တယ်။ စာရွက်စာတမ်းဆိုတာက သန်းခေါင်စာရင်း မိတ္တူ၊ မိသားစု ဝင် တွေရဲ့ မှတ်ပုံတင်မိတ္တူ၊ လမ်းမှူး ရဲ့ ထောက်ခံချက်တွေ ပေါ့။ ရုံးခန်းထဲမှာ စားပွဲ သုံးလုံးရှိ တယ်။ နှစ်လုံးမှာ အလုပ်လုပ်သူတွေရှိတယ်။ အခန်းထဲမှာ ထွေအုပ်ဆောင်ပုဒ်တွေ ကပ်ထား တယ်။ “ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ စံတန်ဖိုး( ၆)ရပ်” ၊ “ ပြုပြင်ပြောင်းလဲ မှုအစ ထွေအုပ်က” ၊ “ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရည်မှန်းချက်”

နောက်ပြီး ဧည့်စာရင်းတိုင်ရင် ပါလာရမယ့် စာရွက်စာတမ်းတွေ၊ ကျွန်တော်တို့လို နေထိုင်မှုမှတ်တမ်း စာရင်းပေးဖို့ ပျက်ကွက်သူတွေကို သတိပေးတဲ့ “ ရပ်ကွက်နေပြည်သူများသိရှိစေရန်” ဆိုတဲ့ ကြေညာချက်၊ ကြေညာချက်အဆုံးမှာ နေထိုင်မှုမှတ်တမ်းမလုပ်ထားရင် “ ရပ်ကွက်နှင့် သက်ဆိုင် သည့် ကိစ္စရပ်များ၊ ရုံးလုပ်ငန်းနှင့် သက်ဆိုင်သည့် ကိစ္စရပ်များ ဆောင်ရွက်ပေးမည် မဟုတ် ကြောင်း အသိပေးအပ်ပါသည် ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး” လို့ ဖော်ပြထားတယ်။

နံရံမှာ မြို့နယ်မြေပုံရှိတယ်။ ရပ်ကွက်မြေပုံရှိတယ်။ လမ်းအလိုက်၊ အပိုင်းလိုက် ၁၈ နှစ်အထက်၊ ၁၈ နှစ်အောက် လူဦးရေစာရင်းရှိတယ်။ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ စာရင်းချိတ်ထားတယ်။ ငါး ယောက်မှာ အမျိုးသား သုံးယောက်၊ အမျိုးသမီးနှစ်ယောက်ဆိုတော့ ကျား/ မ အချိုးညီ သားပဲ။

စားပွဲနှစ်လုံးမှာ လူနှစ်ယောက်အလုပ်လုပ်နေတယ်။ အုပ်ကြီးက ၀၀ ၊ ဖိုင့်ဖိုင့်။ ဘေးက အကူ က ပိန်ပိန်ချိချိ၊ သူတို့ရှေ့မှာ လူလေးငါးယောက်ဝိုင်းနေတယ်။ ဒါနဲ့ နံရံမှာ ကပ်ထားတဲ့ထိုင်ခုံတစ် လုံး မှာထိုင်ပြီး သူတို့လုပ်တာကို ကြည့်နေမိတယ်။ ရပ်နေတဲ့နှစ်ယောက်က ရယက အဖွဲ့ဝင်တွေ လား၊ ရာအိမ်မှူးတွေလားမသိဘူး။ တစ်ယောက်လက်ထဲမှာ လက်ကိုင်အသံချဲ့စက်တစ်လုံး တွေ့ တယ်။ ရပ်ကွက်ထဲ မလှည့်ခင် သူတို့ကို လူကြုံပေးလိုက်တဲ့ ထောက်ခံစာတွေကို အုပ်ကြီး လက်မှတ်ထိုးပေးဖို့ ပြောနေတယ်။ ဒါက ဘယ်သူလေ၊ ဒါက ဟိုလူ့ တူမ စသည်ဖြင့်ပေါ့။

တီရှပ်အနက်၊ ရောင်ပေစူးနဲ့ လူငယ်လေးက တစ်ခြားတစ်ယောက်အတွက်လာလုပ်တာ ထင် တယ်။ သွားမယ့်အကြောင်းအရာကို သေသေချာချာ မပြောနိုင်ဘူး။ ဖုန်းနဲ့ပြန်မေးတယ်၊ ကိုလူပိန်ကို ပြန်တင်ပြတယ်။ ကိုလူပိန်က မရှင်းဘူး။ ဒါနဲ့ သူကိုယ်တိုင် တစ်ဖက်ကို မေးတယ်။ တစ်ဘက်က အင်္ဂလိပ်လို အကြောင်းအရာကိုပြောတယ်ထင်ပါရဲ့။ “ မြန်မာလို ဘယ်လို ရေးမလဲ ” လို့ ပြန်မေးတယ်။ ကြားက နားထောင်နေတဲ့ အုပ်ကြီက စိတ်မရှည်တော့ဘူး။ “ ကွက်လပ် ထားပြီး ထောက်ခံပါသည်လို့ရေးလိုက်ဗျာ” လို့အမိန့်ပေးတယ်။ အုပ်ကြီးကွ။

နောက်တစ်ယောက်ကတော့ ထောက်ခံစာလာယူတာမဟုတ်ဘူး။ သူနဲ့ သူ့တပည့်လေးငါး ယောက် မနက်လေးနာရီလောက် လိုက်ထရပ်နဲ့ အလုပ်သွားမယ် ၊ ကားပေါ်မှာ လူ သုံးယောက်ထက်မပိုရဆိုပြီး ကြားလို့ သွားရ/မရ လာမေးတာလို့ ပြောတယ်။ အုပ်ကြီးက “ အဲဒါ ဆေးခန်းသွားတာကိုပြောတာ၊ အလုပ်ကိစ္စက သွားလို့ရတယ်။ လေးနာရီ အတိအကျ ထွက်၊ စောထွက်ရင်တော့ အာမခံရမှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ပေးလိုက်တယ်။ မေးတဲ့ လူ လည်း “ ဒါမှ ငါတို့ အုပ်ကြီး၊ ပြတ်တယ်” ဆိုတဲ့ မျက်နှာပေးနဲ့ပြန်ထွက်သွားတယ်။

ကျွန်တော့် အလှည့်ရောက်ပြီ။ နေထိုင်မှုမှတ်တမ်းတင်ချင်လို့ပါလို့ပြောပြီး စာရွက်စာတမ်းတွေ ပြ လိုက်တယ်။ အုပ်ကြီးက တစ်ချက်စစ်ပြီး ကိုလူပိန်စားပွဲကို လှမ်းပေးလိုက်တယ်။ ကိုလူပိန် စာရင်း သွင်းတာ၊ ပုံစံဖြည့်တာလုပ်နေတုန်း။ အုပ်ကြီးကို ကိုဗစ်ကြောင့် အုပ်ကြီးတို့ အလုပ်များမှာပဲ နော် လို့ စကားစလိုက်တယ်။ အုပ်ကြီးက မပြောချင်ပါဘူးဗျာ ဆိုပြီး ပြောလိုက်တာ မနက်ဖြန် လမ်းသွယ်၊ လမ်းကြားတွေကို လူဝင်လူထွက်ပိတ်မယ့်အကြောင်း၊ နောက်နှစ်ပတ်လောက်သာ ဆက်ဖြစ်နေရင် မလွယ်ဘူးဆိုတဲ့အကြောင်း၊ မဲရုံကိစ္စတွေလည်း လုပ်ရဦးမယ့်အကြောင်း အကုန် ပါသွားတယ်။ စီးပွားရေးဘက်ရောက်သွားတော့ အုပ်ကြီးက စားသောက်ဆိုင်တွေက တော်သေး တယ်၊ ပါဆယ်လေးဘာလေးရောင်းရသေးတယ်။ ကုန်စိမ်း၊ သားငါး လည်းရောင်းရတာပဲ၊ မစားလို့ မှ မရတာ၊ စတိုးဆိုင်တွေမှ ဒုက္ခရောက်တာ ဘာမှမရောင်းရတော့ဘူး လို့ သုံးသပ်ပြတယ်။ အတော် ဟုတ်တဲ့ အုပ်ကြီးပဲ။ လေ ျှာ့တွက်လို့မရဘူး။

ကိုလူပိန်က ပုံစံတွေဖြည့်ပြီးတော့ အုပ်ကြီးဆီကို လှမ်းပေးတယ်။ အုပ်ကြီးက စစ်ပြီးတော့ လက်မှတ်ထိုးပေးတယ်။ ကျွန်တော်ပေးတဲ့စာရွက်စာတမ်းတွေကိုတော့ ရုံးလက်ခံအဖြစ် ယူထား လိုက်တယ်။ နေထိုင်မှုမှတ်တမ်းစာရွက်ကို လှမ်းပေးရင် အုပ်ကြီးက နောက် ဆယ့်ငါးရက်နေရင် ပြန်လာသက်တမ်းတိုးဦးလို့မှာတယ်။

နေထိုင်မှုမှတ်တမ်းတစ်ခါ လုပ်ပြီးရင် ရပြီလို့ထင်ထားတာ မဟုတ်ဘူးကိုး။ ကျွန်တော့်မျက်နှာထား ကို မြင်တဲ့ အုပ်ကြီးက ဒီမှာနေမယ်ဆိုရင် သန်းခေါင်စာရင်းပြောင်းထားတာ အကောင်းဆုံးပဲ၊ မခက်ပါဘူး၊ ဒီကထောက်ခံပေးလိုက်တဲ့စာနဲ့ ဟိုကနေ ထွက်၊ ဒီက လဝက မှာပြန်ဝင်ရုံပဲ လို့ လမ်းညွှန်တယ်။ ကိုဗစ်ပြီးရင် လုပ်မယ် အုပ်ကြီး လို့ ကတိပေးရင် ပြန်ထွက်ခဲ့တယ်။

ရုံးပြင်ရောက်မှ အုပ်ကြီးတို့ရုံးမှာပေးခဲ့တဲ့ သန်းခေါင်စာရင်းမိတ္တူက နောက်ဆုံးပဲ၊လက်ကျန် မရှိ တော့ဘူးဆိုတာသတိရတယ်။ ဘာပဲလုပ်လုပ် သန်းခေါင်းစာရင်းမိတ္တူနဲ့ မှတ်ပုံတင်မိတ္တူ လို တာဆိုတော့ အပြင်ရောက်တုန်း မိတ္တူဆွဲထားဦးမှလို့ တွေးတယ်။ တိုက်တိုက်ဆိုင်ဆိုင် အုပ်ကြီး ရုံး နဲ့မျက်စောင်းထိုးမှာ မိတ္တူဆိုင်တစ်ဆိုင်ရှိတယ်။ ရယက ရုံး၊ လဝက ရုံး တွေနားမှာ မိတ္တူဆိုင် ရှိတာဟာ ဈေးကွက်သဘောတရားပဲ။ ဆိုင်က ဘယ်နှစ်စောင်ကူးမလဲလို့မေးတော့ ဆယ်စောင် လို့ပြောလိုက်တယ်။

မိတ္တူကူးစက်ကနေ စာရွက်တွေထွက်လာတာကို စောင့်ကြည့်ရင်း တစ်နေ့က ရုပ်သံ အစီအစဉ် မှာ ကြည့်လိုက်ရတဲ့ အက်စ်တိုးနီးယားနိုင်ငံရဲ့ အီးဂါးဗားမင့် စနစ်ကို သတိရတယ်။ အက်စ်တိုးနီး ယားနိုင်ငံမှာ “တစ်သက်မှာ တစ်ခါ” ဆိုတဲ့ မူဝါဒကို ကျင့်သုံးတယ်။ အဲဒီမူဝါဒအရ နိုင်ငံသား တစ်ယောက်က သူ့ကိုယ်ရေးအချက်အလက်တွေကို တစ်ခါပေးထားပြီးရင် နောက်ထပ် ပေးဖို့ မလိုတော့ဘူး။ ဘယ်ဌာနနဲ့ဆက်သွယ်၊ ဆက်သွယ် သူ့အတွက်သတ်မှတ်ထားတဲ့ ဒစ်ဂျစ်တယ် နံပါတ်ကိုပြောလိုက်တာနဲ့ ရပြီတဲ့။

သန်းခေါင်စာရင်းမိတ္တူတွေထည့်ထားတဲ့အိပ်ကိုယူ၊ အက်စ်တိုးနီးယားနိုင်ငံအကြောင်း စဉ်းစား ရင် အိမ်ပြန်ခဲ့တယ်။ နောက်ဆယ့်ငါးရက်နေရင် ဒီလမ်းသွယ်လေးကို ပြန်လာရဦးမယ်။ တစ်သက်မှာ တစ်ခါ မဖြစ်ခင် ဆယ့်ငါးရက်တစ်ခါ ချောချောမောမော လုပ်လို့ရနေတာကိုပဲ စိတ်ချမ်းသာရပါတယ် အုပ်ကြီးခင်ဗျား။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: