တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များ
ကျွန်တော်တို့ အများစုက ရွေးကောက်ပွဲဆိုတာနဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းတွေကိုပဲ မျက်စိထဲမှာမြင်ကြတယ်။ တိုင်းဒေသကြီး/ ပြည်နယ်လွှတ် တော် ကိုယ်စားလှယ်တွေကို စိတ်ဝင်စားမှု အားနည်းကြတယ်။
တကယ်တော့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က သမ္မတကို ရွေးချယ်တယ်၊ ပြည် ထောင်စုတစ်ခုလုံး နဲ့ ဆိုင်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်းတဲ့အတွက် အရေးကြီးတာမှန်တယ်။ ဒါ ပေမယ့် တိုင်း/ ပြည်နယ် လွှတ်တော်ဆိုတာကလည်း ရပ်ကွက်/ကျေးရွာ အုပ်ကြီး တွေကနေ တိုင်း/ ပြည်နယ်အစိုးရအထိ စောင့်ကြည့်ထိန်းကျောင်းပေးလို့ရတဲ့အတွက် အလေးထား သင့်တယ်။
အခြေခံဥပဒေ
၁၉ ၄၇ ခုနှစ်အခြေခံဥပဒေ ကျင့်သုံးတဲ့ ၁၉ ၄၈- ၁၉ ၆၂ ခုနှစ် ကာလက တိုင်းတွေကို ပြည်ထောင် စု အစိုးရက တိုက်ရိုက်အုပ်ချုပ်တယ်။ ပြည်နယ်တွေမှာ ပြည်နယ်အစိုးရနဲ့ လွှတ်တော် ရှိတယ်။ ဒါပေမယ့် ပြည်နယ်ဝန်ကြီးချုပ်/ ပြည်နယ်လွှတ်တော်လို့ မခေါ်ဘူး ၊ ပြည်နယ်ကောင်စီ ဥက္ကဋ္ဌ နဲ့ ပြည်နယ်ကောင်စီလို့ပဲ ခေါ်တယ်။
သူတို့ကို သီးခြား ရွေးချယ်တာလည်းမဟုတ်ဘူး။ ပြည်ထောင်စုပါလီမန်မှာ ပြည်သူ့ လွှတ်တော်နဲ့ လူမျိုး စုလွှတ်တော်ဆိုပြီး နှစ်ခုရှိတယ်။ သက်ဆိုင်ရာပြည်နယ်ကနေ ပြည်သူ့ လွှတ်တော်နဲ့ လူမျိုး စု လွှတ်တော်အတွက်ရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက အလိုလို သက်ဆိုင်ရာ ပြည်နယ်ကောင်စီဝင်ဖြစ်လာတယ်။
( ပြည်ထောင်စု) ဝန်ကြီးချုပ်က ပြည်နယ်ကောင်စီ ဥက္ကဋ္ဌကို သက်ဆိုင်ရာ ပြည်နယ်ကောင်စီနဲ့ ညှိပြီးရွေးတယ်။ ပြည်နယ် ကောင်စီ ဥက္ကဋ္ဌက ပြည်ထောင်စုအစိုးရမှာ သက်ဆိုင်ရာ ပြည်နယ် ဝန်ကြီး ( ဥပမာ ရှမ်းပြည် နယ် ဝန်ကြီး) အဖြစ်တာဝန်ယူရတယ်။ ပြည်နယ်ကိုလည်း အုပ်ချုပ် ရတယ်။ ( ပြည်နယ်တစ်ခုနဲ့တစ်ခု အသေးစိတ်အချက်တွေမှာ နည်း နည်းကွဲလွဲတာရှိတယ်။ ဆောင်းပါးနဲ့မဆိုင်လို့အသေးစိတ်မရေးတော့ပါ)
ပြည်နယ်ကောင်စီမှာ ဥပဒေပြုခွင့်အာဏာရှိတယ်။ ပြည်နယ်ကောင်စီက ပြဋ္ဌာန်းခွင့်ရှိတဲ့ ဥပဒေ တွေကို အခြေခံဥပဒေမှာနောက်ဆက်တွဲဇယားနဲ့ဖော်ပြပေးတယ်။
၁၉ ၇၄ ခုနှစ် အခြေခံဥပဒေကို ကျင့်သုံးတဲ့ ၁၉ ၇၄ – ၁၉ ၈၈ ခုနှစ်ကာလမှာတော့ တိုင်း နဲ့ ပြည် နယ်တွေမှာတိုင်း/ ပြည်နယ်ကောင်စီတွေကို ဒေသခံပြည်သူတွေက တိုက်ရိုက်ရွေးချယ်တင်မြှောက် တယ်။ တိုင်း/ ပြည်နယ်ကောင်စီဝင်တွေက သူတို့ထဲကနေ တိုင်း/ ပြည်နယ်ကောင်စီဥက္ကဋ္ဌ ကို ပြန်ရွေးတယ်။
ဒါပေမယ့် တိုင်း/ပြည်နယ်ကောင်စီတွေမှာ ဥပဒေပြုခွင့်အာဏာပေးမထားဘူး။ ဗဟိုမှာ ရှိတဲ့ ပြည်သူ့လွှတ်တော်က ပြဋ္ဌာန်းပေးတဲ့ ဥပဒေတွေနဲ့အညီ စီးပွားရေး၊ လူမှုရေး၊ တရားစီရင်ရေး၊ လုံခြုံရေး၊ ကာကွယ်ရေး၊ တရားဥပ ဒေစိုးမိုးရေး၊ စီမံကိန်း၊ စည်ပင်၊ လမ်းပန်းဆက်သွယ်ရေး၊ ဘတ်ဂျက်၊ ဒေသဆိုင်ရာ ဝန်ထမ်း ရေးရာ စတာတွေကို စီမံခန့်ခွဲရတယ်။ အုပ်ချုပ်ရေးအာဏာ ပဲရှိတယ်။ ဥပဒေပြုရေးအာဏာမရှိဘူး။
၂၀၀၈ ခုနှစ် အခြေခံဥပဒေမှာတော့ တိုင်း/ပြည်နယ်တွေမှာ ဒေသခံပြည်သူတွေက တိုက်ရိုက် ရွေးချယ်တဲ့ လွှတ်တော်တွေရှိလာတယ်။ ဒါပေမယ့် ဝန်ကြီးချုပ်နဲ့ တိုင်း/ ပြည်နယ် အစိုးရ ကို သမ္မတ က ခန့်အပ်တယ်။ သမ္မတ က လွှတ်တော်ကိုယ်စားလှယ်တွေထဲက သင့်တော်သူ တစ်ယောက်ကို ဝန်ကြီးချုပ်အဖြစ်တာဝန်ပေးဖို့ တိုင်း/ပြည်နယ်လွှတ်တော်ကို အဆိုပြု ရတယ်။ လွှတ်တော်က ပုဒ်မ ၂၆၁ (က) ပါ အရည်အချင်းတွေနဲ့ မကိုက်ညီကြောင်း သက်သေ မပြနိုင် ရင် သမ္မတ အဆိုပြုတဲ့သူကို ငြင်းလို့မရဘူး။ ဝန်ကြီးချုပ်က တိုင်း/ပြည်နယ် အစိုးရ ဝန်ကြီးခန့်အပ်သင့်သူတွေကို လွှတ်တော်ရဲ့ အတည်ပြုချက် နဲ့ တာဝန်ပေးတယ်။
တိုင်း/ပြည်နယ်လွှတ်တော်တွေက ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို ခန့်ဖို့ အာဏာမရှိဘူး။ ဒါပေမယ့် ခန့်ပြီးတဲ့အခါ သူတို့လုပ်ဆောင်ချက်ကို စောင့်ကြည့်ထိန်းကျောင်းခွင့်ရှိတယ်။ တိုင်း/ပြည် နယ်လွှတ်တော်တွေမှာ ဥပဒေပြုခွင့်အာဏာရှိတဲ့အတွက် ဝန်ကြီးချုပ် နဲ့ အစိုး ရ အဖွဲ့ အလုပ်လုပ်ဖို့ လိုအပ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းလို့ရတယ်။ အစိုးရ ဘတ်ဂျက်နဲ့ စီမံကိန်းတွေက လွှတ်တော်အတည်ပြုမှ ဆောင်ရွက်လို့ရတယ်။ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေက ဥပဒေကပေးအပ်ထားတဲ့ တာဝန် ကို ကျေပွန်အောင်မဆောင်ရွက်နိုင်ရင် စွပ်စွဲပြစ်တင်ပြီး ရာထူး က ဖယ်ရှားလို့ရတယ်။
ဒါ့ကြောင့် တိုင်း/ပြည်နယ် လွှတ်တော်တွေဟာ ၁၉ ၄၇ နဲ့ ၁၉ ၇၄ ဥပဒေတွေ ထက်ပိုပြီး လုပ်ပိုင်ခွင့်ရတယ်။ ဒါဟာ ၂၀၀၈ အခြေခံ ဥပဒေဟာ ပြီးပြည့်စုံပြီ လို့ ပြောတာမဟုတ်ဘူး။ လက်ရှိအခြေအနေမှာကို လုပ်နိုင်ခွင့် ရှိနေတဲ့အခြေအနေကို ထင်ဟပ် ဆွေး နွေးတာ သာဖြစ်တယ်။
လက်တွေ့အခြေအနေ
ဒါပေမယ့် ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေက ပေါ်ထွက်လာတဲ့ တိုင်း/ ပြည်နယ် လွှတ်တော်တွေဟာ သူတို့ အလုပ်ကို ပီပြင်အောင်မလုပ်နိုင်ဘူး။ အဲဒီလို မလုပ်နိုင်ရတာဟာ အောက်ပါ အချက်တွေကြောင့်ဖြစ်တယ်။
၁။ နိုင်ငံရေးပါတီတွေက ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကိုပဲ ဦးစားပေးတဲ့ အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး အတွေ့အကြုံရှိသူ၊ နိုင် ငံရေးရင့်ကျက်သူတွေနည်းတယ်။
၂။ ပါတီတစ်ခုတည်းက အများစုရှိနေတဲ့ လွှတ်တော်တွေမှာ ဝန်ကြီးချုပ်တွေက ပါတီ ထိပ်ပိုင်း ခေါင်းဆောင်တွေဖြစ်နေတဲ့အတွက် ဝန်ကြီးချုပ် နဲ့ အစိုးရကို ထောက်ပြဝေဖန်မှုတွေကို လက် မခံဘူး။ ဝေဖန်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပါတီစည်းကမ်းအရ အရေးယူတဲ့အထိ လုပ်ဆောင်မှုတွေရှိတဲ့အတွက် လွှတ်တော်အသက်မဝင်ဘူး။
ဒီလိုအခြေအနေအတွက် အကောင်းဆုံးသက်သေကတော့ အကောင်အထည် မပေါ်တဲ့ ကတိ တွေ၊ စီမံခန့်ခွဲမှု အလွဲအမှားတွေ အများကြီးကြုံခဲ့တဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းခေါင်းဆောင် တဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရနဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဆက်ဆံရေးပဲ။ ပြီးခဲ့တဲ့ ငါးနှစ် အတွင်း တိုင်းအစိုးရ နဲ့ လွှတ်တော် ဆက်ဆံရေးက အပြန်အလှန်ထိန်းကျောင်းတဲ့ ဆက်ဆံရေး မဟုတ်ခဲ့ဘူး၊အထက်အောက် ဆက်ဆံရေးဖြစ်ခဲ့တယ်ဆိုတာ ငြင်းလို့မရဘူး။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၇ သန်းကျော်ရှိတဲ့ ရန်ကုန်တိုင်းဒေသကြီးကို လူတစ်ယောက် တည်း သဘောနဲ့ အုပ်ချုပ်ရင်တော့ ဘယ်လောက်ပဲ စေတနာကောင်းကောင်း အမှားကင်းမှာ မဟုတ်ဘူး။ အဲဒီအမှားကို ထောက်ပြမယ့် လွှတ်တော်က အသက်မဝင်ဘူး ဆို ရင် ပိုဆိုးပြီပေါ့။
ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် ( UNDP) ကထုတ်ပြန်တဲ့ မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်တွေကို လေ့လာသုံးသပ်ချက်အစီရင်ခံစာ (၂၀၁၉ ) မှာ လွှတ်တော်နဲ့ အုပ်ချုပ်ရေး မဏ္ဍိုင်ကြား အပြန်အလှန်ထိန်းကျောင်းမှုကောင်းမွန်ရေးအတွက် အကြံပြုချက်တွေအများကြီး ပါတယ်။ ဒါတောင်မှ အဲဒီအစီရင်ခံစာက မန္တလေး၊ မွန် ၊ ရှမ်း နဲ့ တနင်္သာရီ လွှတ်တော်တွေကို ပဲ လေ့လာသုံးသပ်ထားတာဖြစ်ပါတယ်။ ရန်ကုန်မှာ အခြေစိုက်တဲ့ UNDP အနေနဲ့ ရန်ကုန် တိုင်း ဒေသကြီးလွှတ်တော်ကို ဘာ့ကြောင့်လေ့လာသုံးသပ်မှု မလုပ်သလဲဆိုတာလည်း စိတ်ဝင်စား ဖို့ ကောင်းတယ်။
(အစီရင်ခံစာအသေးစိတ်ကို https://www.mm.undp.org/content/myanmar/en/home/library/democratic_governance/situation-analysis-of-myanmar-s-region-and-state-hluttaws.html မှာလေ့လာနိုင်ပါတယ်။ )
ဘာလုပ်မလဲ
ဘာလုပ်ကြမလဲဆိုရင်တော့ ၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းဒေသကြီးနဲ့ပြည်နယ် လွှတ်တော် တွေ ထဲကို တကယ်အလုပ်လုပ်နိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ရောက်အောင် ရွေးချယ် ဖို့ပါပဲ။
တိုင်း/ ပြည်နယ်လွှတ်တော်တွေဟာ သမ္မတရွေးတာ၊ အခြေခံဥပဒေ ပြင်တာ တွေ နဲ့ မဆိုင်ဘူး၊ ကိုယ့်ဒေသအရေးကိုပဲ တာဝန်ယူရတာ ဖြစ်တဲ့အတွက် ပါတီတံဆိပ်ထက် လူကို ကြည့် ရွေးသင့်တယ်။ နောက်ပြီး တိုင်း/ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း တွေက သက်ဆိုင်ရာဒေသမှာပဲ နေထိုင်သူတွေဖြစ်တဲ့အတွက် ကိုယ်စားလှယ်လောင်းအကြောင်း ကိုလည်း မဲဆန္ဒရှင်တွေက ပိုသိနိုင်တယ်။ လွှတ်တော်အတွင်း လုပ်ဆောင်ချက်တွေကိုလည်း အနီးကပ်စောင့်ကြည့်နိုင်တယ်။ ပြောနိုင်တယ်။ လူထုက တိုင်း/ပြည်နယ်လွှတ်တော်တွေကို ဂရုစိုက်မှန်းသိလာရင် နောင် လာမယ့် ရွေးကောက်ပွဲတွေမှာ ပါတီတွေက အရည်အချင်းပြည့်ဝတဲ့ ကိုယ်စားလှယ်လောင်းတွေပိုရွေးလာလိမ့်မယ်။
ပြန်ချုပ်လိုက်ရင်တော့ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေရွေးတဲ့ အခါ လူကြည့်ရွေးဖို့ပါပဲ။