ဦးတင်အေး နဲ့ ဦးလှသိန်း (၈)

ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ မြို့နယ်များ

ဦးလှသိန်းခေါင်းဆောင်တဲ့ ပြည်ထေင်စုရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာလ ၁၆ ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့ မဲဆန္ဒနယ်စာရင်းကို ထုတ်ပြန်ကြေညာခဲ့တယ်။ အဲဒီစာရင်းမှာမြို့နယ်တစ်ခုလုံး ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မဲဆန္ဒနယ်နဲ့ မဲဆန္ဒနယ်( မြို့နယ်) ထဲက ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့ ရပ်ကွက်/ကျေးရွာအုပ်စု စာရင်း ဆိုပြီးခွဲ ခြား ထားတယ်။

မြို့နယ်တစ်ခုလုံး ရွေးကောက်ပွဲမလုပ်နိုင်ရင်တော့ အဲဒီမဲဆန္ဒနယ်အတွက် သတ်မှတ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်နေရာတွေကို မရွေးနိုင်တော့ဘူးပေါ့။ ကျေးရွာအုပ်စု တစ်ချို့မှာ မလုပ်နိုင်တဲ့ မဲဆန္ဒနယ်တွေကတော့ ရွေးကောက်ပွဲလုပ်နိုင်တဲ့နေရာတွေမှာ မဲပေးပြီး သက်ဆိုင် ရာ လွှတ်တော်ကိုယ်စားလှယ်ကို ရွေးလို့ရတယ်။

အခု ဦးလှသိန်း ကော်မရှင်က ကြေညာလိုက်တဲ့ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ စာရင်း နဲ့ ဦးတင် အေးကော်မရှင်က ၂၀၁၅ မှာကြေညာခဲ့တဲ့ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ စာရင်းကို နှိုင်းယှဉ် လေ့လာတဲ့အခါ အခုလိုတွေ့တယ်။

၂၀၁၅ ရွေးကောက်ပွဲ

၁။ ကချင် မြို့နယ် ၁၁ မြို့နယ်မှ ကျေးရွာအုပ်စု ၂၁၁ အုပ်စု။

၂။ ကရင် မြို့နယ် ၇ မြို့နယ် မှ ကျေးရွာအုပ်စု ၉ ၄ အုပ်စု။

၃။ ပဲခူး မြို့နယ် ၂ မြို့နယ်မှ ကျေးရွာအုပ်စု ၄၁ အုပ်စု။

၄။ မွန် မြို့နယ် ၁ မြို့နယ် မှ ကျေးရွာအုပ်စု ၁ အုပ်စု။

၅။ ရှမ်း လုံးဝမကျင်းပနိုင်သည့် မြို့နယ် ၇ မြို့နယ်။ မြို့ ၁၀ မြို့နယ်မှ ကျေးရွာအုပ်စု ၁၀၆ အုပ်စု။

စုစုပေါင်း ရွေးကောက်ပွဲ လုံးဝကျင်းပနိုင်ခြင်းမရှိတဲ့မဲဆန္ဒနယ် ၇ ခုရှိတယ်။ မြို့နယ်အသီးသီး မှာ ရွေးကောက်ပွဲမလုပ်နိုင်လို့ချန်ထားခဲ့ရတဲ့ ကျေးရွာအုပ်စု ၄၅၃ အုပ်စုရှိတယ်။

၂၀၂၀ ရွေးကောက်ပွဲ

၁။ ကချင် ၁၁ မြို့နယ်မှ ကျေးရွာအုပ်စု ၁၉ ၂ အုပ်စု။

၂။ ကရင် ၆ မြို့နယ်မှ ကျေးရွာအုပ်စု ၅၃ အုပ်စု။

၃။ ပဲခူး ၂ မြို့နယ်မှ ကျေးရွာအုပ်စု ၄၂ အုပ်စု။

၄။ မွန် ၁ မြို့နယ်မှ ကျေးရွာအုပ်စု ၁ အုပ်စု။

၅။ ရခိုင် လုံးဝကျင်းပနိုင်ခြင်းမရှိသည့် မြို့နယ် ၉ မြို့နယ် ။ မြို့နယ် ၄ မြို့နယ်မှ ရပ်ကွက် ၁၅ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၃၇ အုပ်စု။

၆။ ရှမ်း လုံးဝကျင်းပနိုင်ခြင်းမရှိသည့် မြို့နယ် ၆ မြို့နယ်။ ၁၇ မြို့နယ်မှ ရပ်ကွက် ၈ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၃၃ အုပ်စု

စုစုပေါင်း ရွေးကောက်ပွဲ လုံးဝကျင်းပနိုင်ခြင်းမရှိတဲ့မဲဆန္ဒနယ် ၁၅ ခုရှိတယ်။ မြို့နယ်အသီးသီး မှာ ရွေးကောက်ပွဲမလုပ်နိုင်လို့ချန်ထားခဲ့ရတဲ့ ကျေးရွာအုပ်စု ၅၅၈ အုပ်စု နဲ့ ရပ်ကွက် ၂၃ ရပ်ကွက် ရှိ တယ်။

တွေ့ရှိချက်

၂၀၁၅ နဲ့ ၂၀၂၀ နှိုင်းယှဉ်တဲ့ အခါ ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာ ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ ကျေးရွာအုပ်စုလျော့သွားတယ်။ ရှမ်းပြည်နယ်မှာ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ မြို့နယ် တစ်မြို့နယ်လျော့သွားတယ်။

ဒါပေမယ့် ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲလုံးဝမလုပ်နိုင်တဲ့ မြို့နယ် ကိုးမြို့နယ်တိုးလာတယ်။ အလားတူပဲ ရခိုင်နဲ့ ရှမ်းပြည်နယ်တွေမှာ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ကျေးရွာအုပ်စုတွေ သိ သိ သာသာတိုးလာတယ်။

သုံးသပ်ချက်

ဦးလှသိန်းကော်မရှင်ရဲ့ စာရင်းနဲ့ပတ်သက်ပြီး ပထမဆုံးပေါ်လာတဲ့ မေးခွန်းက ပွင့်လင်းမြင် သာမှုပဲ။ ဦးတင်အေးကော်မရှင်လက်ထက်မှာ သက်ဆိုင်ရာပါတီတွေ၊ အရပ်ဘက် လူမှု အဖွဲ့ အစည်းတွေ၊ အုပ်ချုပ်ရေးအာဏာပိုင်တွေ နဲ့ ညှိညှိနှိုင်းနှိုင်း လုပ်ခဲ့တဲ့အတွက် ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ်၊ ကျေးရွာအုပ်စု စာရင်းနဲ့ပတ်သက်ပြီး ဝေဖန်ကန့်ကွက်မှုတွေ မရှိ သလောက်ဖြစ်ခဲ့တယ်။

အခု ဦးလှသိန်းကော်မရှင် လက်ထက်မှာ အဲဒီလို ဆွေးနွေးမှုသတင်းတွေမတွေ့ရ သလောက်ပဲ။ ထွက်လာတဲ့ စာရင်းကလည်း အငြင်းပွားစရာအတော်များတယ်။

ဥပမာ အားဖြင့် တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေပြီး မြို့နေလူထုတောင် ရိက္ခာပြတ်မလို ဖြစ် နေတဲ့ ချင်းပြည်နယ် ပလက်၀ မြို့နယ်ကိုတော့ ရွေးကောက်ပွဲကျင်းပမယ်လို့ ဆုံးဖြတ်ခဲ့ပြီး ပလက်၀ လောက် တိုက်ပွဲပြင်းထန်မှုမရှိတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တစ်ချို့ကိုတော့ ရွေးကောက်ပွဲမကျင်းပနိုင် ဘူးလို့ ဆုံးဖြတ်တာဟာ မေးခွန်းထုတ်စရာဖြစ်နေတယ်။

ဒီလိုပဲ ၂၀၁၅ မှာ အင်န်အယ်လ်ဒီပါတီအနိုင်ရခဲ့တဲ့ တောင်ကုတ် မြို့နယ်မှာ လက်ရှိ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ အဖမ်းခံထားရတောင် ရွေးကောက်ပွဲဆက်လက်ကျင်းပဖို့ ဆုံးဖြတ် ခဲ့ ပေမယ့် ၂၀၁၅ မှာ ရခိုင်အမျိုးသားပါတီနိုင်ခဲ့ပြီး အခုလည်း လွှတ်တော်ကိုယ်စားလှယ်လောင်း တွေ စည်းရုံးရေးဆင်းနေတဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့ ဆုံးဖြတ်ခဲ့တာ ဟာလည်း အငြင်းပွားစရာဖြစ်နေပါတယ်။

ဒါ့အပြင် ကျွန်တော်လေ့လာတွေ့ရှိတဲ့ စာရင်းအရဆိုရင် တောင်ကုတ်မြို့နယ်မှာ ရပ်ကွက် ၁၄ ခု နဲ့ ကျေးရွာအုပ်စု ၅၂ အုပ်စုရှိတယ်။ အဲဒီအထဲက ရပ်ကွက် ၁၀ ခု နဲ့ ကျေးရွာ အုပ်စု ၅၂ စုကို ရွေးကောက်ပွဲမလုပ်ဘူး၊ ရပ်ကွက်လေးခုက မဲဆန္ဒရှင်တွေနဲ့ပဲ ရွေးကောက်ပွဲလုပ်ပြီး လွှတ် တော်ကိုယ်စားလှယ်လောင်းရွေးမယ်ဆိုတော့ တရားမ ျှတသလား၊မမ ျှတဘူးလားဆိုတာ စဉ်းစား ကြည့်လို့ရပါတယ်။

ရှမ်းပြည်နယ်မှာလည်း ၂၀၁၅ မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရခဲ့တဲ့ မိုင်းကိုင် မြို့နယ်ကို ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ ဆုံးဖြတ်ခဲ့တာဟာ ဘယ်အချက်အလက်တွေကို အခြေခံသလဲဆိုပြီး ဝေဖန်မှုတွေရှိနေတယ်။

တကယ်လို့ ရခိုင်နဲ့ ရှမ်းပြည်နယ်က ၂၀၁၅ မှာ ရွေးကောက်ပွဲကျင်းပနိုင်ပေမယ့် ၂၀၂၀ မှာ ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ သတ်မှတ်ခဲ့တဲ့ ရပ်ကွက်၊ ကျေးရွာအုပ်စု တွေရဲ့ မဲရုံ တွေမှာ ၂၀၁၅ ခုနှစ်က ဘယ်ပါတီနိုင်ခဲ့သလဲ ဆိုတာ မဲရလဒ် စာရင်းနဲ့တိုက်ဆိုင်စစ်ဆေးမယ်ဆိုရင် နောက်ထပ် မေးခွန်းတွေအများကြီးပေါ်လာနိုင်တယ်

အခု ဦးလှသိန်းကော်မရှင် စာရင်းအရဆိုရင် အထိအနာဆုံးက ရခိုင်အမျိုးသားပါတီပဲ။ ရခိုင် ပြည်နယ်မှာ ၁၇ မြို့နယ်ရှိတဲ့အနက် ၂၀၁၅ ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီ နိုင်ခဲ့ တဲ့ ကိုးမြို့နယ်က ရွေးကောက်ပွဲမလုပ်နိုင်ခဲ့ဘူး။ ရွေးကောက်ပွဲ လုပ်မယ့် ရှစ်မြို့နယ်မှာ ဂွ၊ တောင် ကုတ်၊ သံတွဲ နဲ့ မာန်အောင်မြို့နယ်တွေက ၂၀၁၅ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီ နိုင်ခဲ့ တဲ့ မြို့နယ်တွေ။ ဒီတော့ ရခိုင်တိုင်းရင်းသားပါတီက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ထဲမှာ အင်အားကောင်းကောင်းနဲ့ လှုပ်ရှားနိုင်မယ့် အခွင့်အရေး မရှိသလောက်ဖြစ်သွားပြီ။ ၂၀၁၅ ရွေး ကောက်ပွဲမှာလို ပြည်နယ်လွှတ်တော်မှာ အများစုရဖို့ မဖြစ်နိုင်တော့ဘူး။

ဒုတိယအထိနာတာကတော့ တိုင်းရင်းသားပါတီတွေအားလုံးပဲ။ သမ္မတရွေးချယ်ရေးအတွက် အရေးပါတဲ့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်နှစ်ရပ်ပေါင်း ၂၀၇ မဲမှာ ပြည်သူ့ လွှတ်တော် ၁၅ နေရာနဲ့ အမျိုးသားလွှတ်တော် (ခန့်မှန်း) ၇ နေရာ ဆုံးရှုံးမယ်။ ၁၈၅ နေရာ ပဲကျန်တော့တယ်။ ဒီကြားထဲမှာ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ကျေးရွာအုပ်စုတွေက အစဉ် အလာ အရ တိုင်းရင်းသားပါတီတွေအားကောင်းခဲ့တဲ့နေရာဆိုရင် အဲဒီမဲဆန္ဒနယ်တွေမှာ အင်န်အယ်လ် ဒီ နဲ့ ပြည်ခိုင်ဖြိုး က အနိုင်ရသွားနိုင်တဲ့အခြေအနေလည်းရှိနေသေးတယ်။ ဒါ့ကြောင့် ပြည်ထောင်စု အဆင့်မှာ တိုင်းရင်းသားတွေရဲ့ အားအတော်လေ ျှာ့သွားမယ့်အနေအထားဖြစ်နေပါတယ်။

ဘာဖြစ်မလဲ

ဥပဒေအရတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက် ချက် တွေက အပြီးအပြတ် အတည်ပဲ။ သမ္မတ ကိုလည်း အယူခံတင်လို့မရဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံးကို ဦးတိုက်လေ ျှာက်လို့လည်းမရဘူး။ ရွေးကောက်ပွဲကော်မရှင်ကလည်း သူ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ဖို့ အလားအလာအလွန်နည်းပါတယ်။

ဒီတော့ ဦးလှသိန်းကော်မရှင်အနေနဲ့ တိုင်းဒေသကြီး/ ပြည်နယ်တွေမှာရွေးကောက်ပွဲကျင်းပနိုင် မယ့် အခြေအနေရှိမရှိ၊ ဘယ်သတင်းအချက်အလက်တွေကို အခြေခံပြီး ဆုံးဖြတ်ခဲ့သလဲ။ ဘယ် အဖွဲ့ အစည်းတွေနဲ့ တိုင်ပင်ဆွေးနွေးခဲ့သလဲ ဆိုတာတွေကို ပွင့်ပွင့်လင်းလင်း သတင်း ထုတ်ပြန်ပေး သင့်တယ်။ ကော်မရှင်အနေနဲ့ ဘက်မလိုက်ပဲ မ ျှမ ျှတတ မှန်မှန်ကန်ကန် ဆုံးဖြတ်ခဲ့တယ်ဆိုတာ သက်ဆိုင်ရာနိုင်ငံရေးပါတီတွေရော၊ ဒေသခံ မဲဆန္ဒရှင်ပြည်သူတွေကပါ လက်ခံအောင်ရှင်းပြနိုင်ရပါမယ်။ အထူးသဖြင့် ရခိုင်တိုင်းရင်းသား တွေကို အလေးထား ရှင်းပြသင့်တယ်။

အဲဒီလို မရှင်းပြနိုင်ဘူးဆိုရင်တော့ ၂၀၂၀ အလွန်ရခိုင်ပြည်နယ်မှာ နိုင်သူလည်းမပျော်နိုင်၊ ရှုံးသူလည်း တောက်ခေါက်လို့မဆုံးနိုင်ဖြစ်နေမှာပဲ။ နိုင်ငံရေးဘောင် ကျဉ်း ရင် စစ်ဘောင် ကျယ်တယ်ဆိုတဲ့ စကားက အလကားပေါ်လာတာတော့မဟုတ်ဘူး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: