ဂျင်း နဲ့အပင်း
အင်န်အယ်လ်ဒီပါတီခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီထောက်ခံသူတွေ က မဲဆွယ်တဲ့ အခါ
“တပ်မတော်သားကိုယ်စားလှယ် ၂၅% ကို လွှတ်တော်ထဲက ဖယ်ရှားနိုင်ဖို့အတွက် အခြေခံ ဥပဒေ ပြင်ဖို့လိုတယ်။ အခြေခံဥပဒေပြင်နိုင်ဖို့အတွက် ရွေးကောက်ခံ ၇၅% နေရာကို အင်န်အယ်လ်ဒီ ပါတီနိုင်မှ ဖြစ်မယ်။ ဒါ့ကြောင့် မဲမကွဲစေနဲ့ အင်န်အယ်လ်ဒီကိုပဲ မဲပေးပါ ” လို့ ပြောကြ တယ်။
ဒီစကားက တကယ်တော့ လူထုကို နားလည်မှုလွဲအောင်ပြောတာပဲ ဆိုတာ အောက်ပါ အချက်တွေကို ဖတ် ကြည့်ရင်တွေ့လိမ့်မယ်
၁။ အခြေခံဥပဒေပြင်ဆင်ဖို့ ဆိုရင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ ၇၅% ကျော်က ထောက်ခံရမယ်။ တစ်ချို့ပုဒ်မတွေဆိုရင် ပြည်ထောင်စုလွှတ်တော်က ထောက်ခံ ရုံ နဲ့ မရဘူး။ ပြည်သူ့ဆန္ဒခံယူပွဲကျင်းပရဦးမယ်။
၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၆၆၄ နေရာရှိတဲ့အနက် ရွေးကောက်ခံ ကိုယ်စားလှယ်နေရာ ၄၉ ၈ နေရာရှိတယ်။ အဲဒီ နေရာအားလုံးကို နိုင်မှ ၇၅% ပြည့်မယ်။ ဒါတောင် ၇၅% ကျော်ဖို့အတွက် တပ်မတော်သား ကိုယ်စားလှယ် အနည်းဆုံးတစ်ယောက်က ထောက်ခံမှ ရမယ်။
၃။ အခု အင်န်အယ်လ်ဒီသမ္မတ ခန့်ထားတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မဲဆန္ဒနယ် ၁၅ နယ်မှာ ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ ကြေညာခဲ့တဲ့အတွက် ပြည်သူ့ လွှတ်တော် ၁၅ နေရာ နဲ့ အမျိုးသားလွှတ်တော် ၇ နေရာ စုစုပေါင်း ၂၂ နေရာ မရွေးနိုင် တော့ဘူး။
၄။ ဒီတော့ ပြည်ထောင်စုလွှတ်တော်မှာ ရွေးကောက်ခံ ကိုယ်စားလှယ်က ၄၇၆ နေရာပဲရှိ တော့တယ်။ အဲဒါဟာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၁.၆% ပဲရှိတယ်။
၅။ ဒါ့ကြောင့် အဲဒီနေရာအားလုံးကို အင်န်အယ်လ်ဒီ နိုင်ရင်တောင် ၇၅% မပြည့်ဘူး။ တပ်မတော်သား ၂၃ ယောက်ထောက်ခံမှ ပြင်လို့ရမယ်။
၆။ တပ်မတော်ကလည်း ၇၅% မနိုင်တာတောင် ပြီးခဲ့တဲ့ငါးနှစ်လွှတ်တော်ထဲမှာ အနည်းစု ပါတီတွေ နဲ့တပ်မတော်သဘောထား ကို ဘေးဖယ်ပြီး သူတို့လုပ်ချင်တာလုပ်ခဲ့တဲ့ အင်န်အယ်လ်ဒီကို ထောက်ခံဖို့ ဆိုတာ ဝေးပါသေးတယ်။
ဒါ့ကြောင့် သူတို့ပါတီကို ပုံအောပြီး မဲပေးလိုက်တာနဲ့ အခြေခံဥပဒေကို ပြင်နိုင်မယ်ဆိုတဲ့ မဲဆွယ် စကားဟာ လူထုကို နားလည်မှုလွဲအောင်ပြောတဲ့ စကားသက်သက်ဆိုတာ ထင်ရှားပါတယ်။
အင်န်အယ်လ်ဒီပါတီက ဘာ့ကြောင့် ဒီစကားကို တွင်တွင်ကြီးပြောနေလဲဆိုတော့ ပြီးခဲ့ တဲ့ ငါးနှစ်အတွင်း သူတို့ အစိုးရ စွမ်းဆောင်နိုင်မှုကို ဦးသိန်းစိန်ခေါင်းဆောင်တဲ့ ပြည်ခိုင်ဖြိုး အစိုး ရနဲ့နှိုင်းယှဉ်သုံးသပ်လာမှာကို အာရုံလွှဲတဲ့အနေနဲ့ အခြေခံဥပဒေပြင်ဆင်ရေး နဲ့ ၂၅% ဖယ်ရှား ရေးကို ရှေ့တန်းတင်လာတာဖြစ်တယ်။ ဒီရည်ရွယ်ချက်နဲ့ပဲ ၂၀၁၉ နှစ်ဆန်းပိုင်းထဲက အခြေခံ ဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုတွေကိုလုပ်လာခဲ့တာပါ။
တကယ်တော့ လွှတ်တော်ထဲက တပ်မတော်သား ၂၅% ဟာ အခြေခံဥပဒေပြင်ဆင်ရေးမှာ အများစု ပါတီသဘောတစ်ခုတည်းနဲ့ ဆောင်ရွက်လို့မရအောင် ကာကွယ်တားဆီးဖို့ ရှိနေ တာပါ။ လူထု နဲ့ သက်ဆိုင်တဲ့ စီးပွားရေး၊ ပညာရေး ၊ ကျန်းမာရေး၊ လူမှုရေး၊ တိုင်းရင်းသား အခွင့်အရေး စတဲ့ သာမန်ဥပဒေကြမ်းတွေ၊အဆိုတွေ ပြဋ္ဌာန်းတာ၊အတည်ပြုတာနဲ့ပတ်သက်ပြီး တားဆီးလို့ မရပါဘူး။
လက်တွေ့မှာလည်း တပ်မတော်သားတွေ၊ တိုင်းရင်းသားပါတီတွေအပါအဝင် ကျန် ပါတီ တွေ ကန့်ကွက်နေတဲ့ကြားက အင်န်အယ်လ်ဒီပါတီလုပ်ချင်တဲ့ ဥပဒေတွေ၊ အဆိုတွေကို လုပ်ခဲ့ တာ ၊ သူတို့မကြိုက်ရင် အကုန်ပယ်ချခဲ့တာ ပြည်သူအားလုံး မျက်မြင်ကိုယ်တွေ့ပဲ။
ပြန်ချုပ်လိုက်ရင်တော့
၁။ လက်ရှိလွှတ်တော်ကိုယ်စားလှယ်နေရာ ၄၇၆ နေရာ အားလုံးကို နိုင်ရင်တောင် ရွေးချယ်ခံ ကိုယ်စားလှယ်က ၇၁.၆% ပဲရှိ တယ်။ လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၇၅% မပြည့် သေးဘူး။
၂။ အင်န်အယ်လ်ဒီကို မဲပေးရင် အခြေခံဥပဒေပြင်နိုင်မယ်ဆိုတဲ့အချက်က လုံး၀ မှား နေတယ်။
၃။ အင်န်အယ်လ်ဒီက လွှတ်တော်ထဲမှာ အများစုနိုင်ပြီး ပြီးခဲ့တဲ့ ငါးနှစ်ကလိုပဲ တစ်ပါတီ သဘော နဲ့ထင်ရာစိုင်းနိုင်ဖို့ မဲဆွယ်နေတယ်ဆိုတာ မြင်ဖို့လိုတယ်။
၄။ ဒါကြောင့် လူထု အနေနဲ့ ဘယ်ပါတီက ဖြစ်ဖြစ် လွှတ်တော်ထဲရောက်သွားရင် လူထု အကျိုးရှိမယ့် ဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့၊ ကိုယ့်မဲဆန္ဒနယ်မြေလူထု အကျိုးရှိဖို့ အလုပ်လုပ်မယ့် ကိုယ်စား လှယ်လောင်းကို ပဲ ရွေးချယ်သင့်ပါတယ်။
အမှားကို အမှန်ထင်အောင် အယုံသွင်းတာကို “ ဂျင်း ” ထည့်တယ်လို့ ပြောတယ်။ အခြေခံ ဥပဒေ ပြင်နိုင်ဖို့ ကျွန်တော်တို့ကို မဲပေးပါ ဆိုတဲ့စကားကတော့ ဂျင်း ထက် အန္တရာယ်ကြီးတဲ့ “ အပင်း ” ပဲ။ မဲမပေးခင် “အပင်း” အသွင်းမခံရဖို့ သတိပြုကြပါ။