မဲပေးခင် စဉ်းစားဖို့ (၁၁)

ဆရာကြီးဝါဒ

အင်န်အယ်လ်ဒီပါတီခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် တို့နှစ်ဦးက လာမယ့်ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီပါတီကိုပဲ ပုံအောပြီး မဲပေးဖို့ ထပ်မံတိုက်တွန်းခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၁၉ ရက်နေ့ ကော့မှူး မဲဆန္ဒနယ်က မဲဆန္ဒရှင် ခြောက်ယောက်နဲ့ အွန်လိုင်းစကားဝိုင်းလုပ်တဲ့အခါ “ အာဏာရှင်စနစ်ကနေ လုံး၀ ဒီမိုကရေစီ စနစ်ဖြစ်အောင် လုပ်တဲ့ လုပ်ငန်းမပြီးသေးတဲ့အတွက် အင်န်အယ်လ်ဒီပါတီ အပြတ်အသတ် နိုင် ဖို့ လိုအပ်တယ်။” လို့ပြောခဲ့တယ်။

ကိုယ်ပိုင် ဖေ့စ်ဘွတ်စာမျက်နှာဖွင့်ပြီးချိန်ကစလို့ ကိုဗစ် ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ၊ ကုသ ရေးနဲ့ပတ်သက်ပြီး ဖေ့စ်ဘွတ်ပေါ်နေ လူထုကို သတင်းစကားပေးတာ မရှိသလောက်ဖြစ် ပေမယ့် မဲပေးဖို့အတွက်တော့ အဆက်မပြတ် ရေးသားနေတဲ့ ဦးဝင်းမြင့်ကတော့ “ (မြန်မာ့နိုင်ငံရေးမှာ ) ဒီမိုကရေစီအုပ်စု နဲ့ အာဏာရှင် အုပ်စု နှစ်ခုပဲရှိတယ်။ ဒီမိုကရေစီအုပ်စုထဲမှာ ဒီမိုကရေစီရေး အတွက် ဆိုရင် အင်န်အယ်လ်ဒီကို မဲပေးဖို့ကလွဲလို့ အခြားမရှိဘူး” လို့ ပြောခဲ့တယ်။

ဒီစကားတွေကို ထောက်ရှုလိုက်ရင် ( ဗမာ တိုင်းရင်းသားအပါအဝင် ) တိုင်းရင်းသားတွေကို ကိုယ်စားပြုတယ်လို့ ဘယ်လောက်ပဲ ပြောနေ၊ ပြောနေ အင်န်အယ်လ်ဒီပါတီမှာ တပ်ပေါင်း စု မူဝါဒ၊ မဟာမိတ်မူဝါဒ မရှိဘူးဆိုတာ ထင်ရှားတယ်။ အင်န်အယ်လ်ဒီမှာ ရှိတာက မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ဖော်ဆောင်ဖို့ဆိုရင် ငါတို့ပဲလုပ်နိုင်တယ်၊ ငါတို့ ဦးဆောင်ပြီး ဒီမိုကရေစီ ရအောင် လုပ်မယ်။ ပြီးရင် ဒီမိုကရေစီ အခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေး ငါတို့ပေးမယ် ဆိုတဲ့ ဆရာကြီး ဝါဒ ပဲရှိတယ်ဆို တာထင်ရှားတယ်။

တကယ်တော့ တိုင်းရင်းသားတွေ လက်နက်ကိုင်တိုက်နေတာ စစ်အာဏာရှင်စနစ်ကို တိုက်နေ တယ်လို့ပြောရင် တစ်ပိုင်းတစ်စပဲမှန်တယ်။ သူတို့ တိုက်နေတာက သူတို့ ရသင့် ရထိုက် တယ်လို့ခံယူထားတဲ့ နိုင်ငံရေးအခွင့်အရေးကို မရလို့၊ နိုင်ငံရေးအခွင့်အရေးကို နိုင်ငံရေး မူဘောင် ထဲကနေ ရယူနိုင်မယ်လို့မထင်လို့ တိုက်နေတာလို့ပြောမှ အပြည့်အဝမှန်တယ်။

ဒါ့ကြောင့်လည်း ဒီမိုကရေစီစစ်စစ်အစိုးရလို့ပြောတဲ့ဖဆပလ အစိုးရလက်ထက်မှာလည်း တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတွေရှိခဲ့၊ ဖက်ဒရယ်မူတောင်းဆိုမှုတွေရှိခဲ့တာ ပေါ့။ လမ်းစဉ်ပါတီခေတ်၊ နဝတခေတ်၊ နယက ခေတ်၊ ပြည်ခိုင်ဖြိုးခေတ်၊ အင်န်အယ်လ်ဒီခေတ် အဆက် ဆက် တိုက်ပွဲတွေဆက်ဖြစ်နေတာလဲ ဒါကြောင့်ပဲ။

ပြောရရင် နဝတ၊ နယက ခေတ်မှာ တစ်ပြည်လုံးနီးပါး အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရခဲ့ တယ်။ ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်ဒေသအချို့ကလွဲရင်တိုက်ပွဲတွေမရှိခဲ့ဘူး။ အခု အင်န် အယ်လ်ဒီအစိုးရကာလ ထက် အများကြီးငြိမ်းချမ်းခဲ့တယ်။ ဒါပေမယ့် နိုင်ငံရေးအခွင့်အရေးတွေ နဲ့ ပတ်သက်ပြီး မပြေလည်တော့ တိုက်ပွဲတွေပြန်ဖြစ်တာပဲမဟုတ်လား။

အခုတော့ အင်န်အယ်လ်ဒီ ခေါင်းဆောင်တွေက တိုင်းရင်းသားတွေက ဒီမိုကရေစီမရလို့ စစ်အာဏာရှင်စနစ်ကို တိုက်နေတာလို့ပုံဖော်လိုက်တဲ့အတွက် ဒီမိုကရေစီလိုချင်ရင် ငါတို့ကို မဲပေးကြဆိုတဲ့ ဂျင်းဆေးကြီးဖြစ်သွားတယ်။ ဒါပေမယ့် အင်န်အယ်လ်ဒီကို မဲပုံပေးလိုက်လို့ရော တိုင်းရင်းသားအရေးနဲ့ပတ်သက်ရင် တိုင်းရင်းသားပါတီတွေနဲ့ တိုင်ပင်ပြီး အလုပ်လုပ်မယ် ထင် သလား။

မဝေးလှတဲ့သမိုင်းကို ပြန်ကြည့်လိုက်ပါ။ ၁၉ ၉ ၀ ရွေးကောက်ပွဲအပြီး အင်န်အယ်လ်ဒီနဲ့ နဝတ ကြားနိုင်ငံရေးပဋိပက္ခအရှိန် မြင့်လာတော့ တိုင်းရင်းသားပါတီတွေနဲ့ဖွဲ့ထားတဲ့ UNLD ကို ဖိတ် ပြီး ဗိုလ်အောင်ကျော်လမ်းကြေညာချက်ထုတ်တယ်။ အဲဒီအချိန်က စလို့ တိုင်းရင်းသားပါတီတွေက အင်န်အယ်လ်ဒီကို ဝန်းရံခဲ့တာ CRPP ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီဖွဲ့တဲ့အထိ ပဲ။ တိုင်းရင်းသားခေါင်းဆောင်အများအပြားလည်း ထောင်ကျသူကျ၊ ပြည်ပတိမ်းရှောင်သူ တိမ်း ရှောင်ဖြစ်ခဲ့ရတယ်။

၂၀၀၈ အခြေခံဥပဒေကို လက်မခံနိုင်လို့ ၂၀၁၀ ရွေးကောက်ပွဲကို အင်န်အယ်လ်ဒီ သပိတ်မှောက်မယ်ဆိုတော့ SNLD, ALD စတဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီကြီးတွေကလည်း အင်န်အယ်လ်ဒီနဲ့ အတူ သပိတ်မှောက်ခဲ့ကြတယ်။

ဒါပေမယ့် ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ အင်န်အယ်လ်ဒီ ပါတီကိုယ်တိုင်က စစ်တစ်ပိုင်းအစိုးရ ၊ ဒီမိုကရေစီ နည်း မကျတဲ့အစိုးရလို့သတ်မှတ်ထားတဲ့ ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးဖို့ဆုံးဖြတ်ချိန်မှာရော၊ ဆွေးနွေးပွဲရလဒ်အရ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဝင်မယ်လို့ ဆုံးဖြတ်ချိန် မှာရော CRPP နဲ့ တိုင်း ရင်းသားပါတီတွေကို ကြိုတင်တိုင်ပင်ဆွေးနွေးပြီး အများသဘောတူ ဆုံးဖြတ်ခဲ့တာမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်သဘောတစ်ခုတည်းနဲ့ ဆွေးနွေး ဆုံးဖြတ်ခဲ့တာပါ။ တိုင်း ရင်းသားပါတီတွေက ဒေါ်အောင်ဆန်းစုကြည် ၂၀၀၈ခြေဥ ရထားစီးဖို့ ဘူတာရုံကို သွားပြီ ဆိုတဲ့ သတင်းကြားမှ ကပျာကယာ ပစ္စည်းသိမ်းပြီးနောက်က လိုက်ခဲ့ရတာမဟုတ်ဘူးလား။

ဒီအဖြစ်အပျက်က အင်န်အယ်လ်ဒီဟာ တပ်မတော်၊ ပြည်ခိုင်ဖြိုးတို့နဲ့ ဆွေးနွေးတဲ့အခါ တိုင်းရင်းသားအားလုံးရဲ့ ဘုံသဘောတူညီချက်ကိုရယူပြီးမှ ကိုယ်စားပြုဆွေးနွေးမှာ မဟုတ်ဘူး။ တပ်ပေါင်းစုပုံစံနဲ့ အလုပ်မလုပ်တတ်ဘူး။ သူဆွေးနွေးဆုံးဖြတ်တာကို ကျန်တဲ့ပါတီတွေက လက်ခံ ဆိုတဲ့ ဆရာကြီး ပုံစံနဲ့ပဲအလုပ်လုပ်တယ်ဆိုတာ ထင်ရှားပါတယ်။

ဒီတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီ အပြတ်အသက်နိုင်ပြီ ဆိုပါတော့ အခြေခံဥပဒေကို ပြင်ဖို့အတွက် အင်န်အယ်လ်ဒီ နဲ့ တပ်မတော်ပဲ စကားပြောဖို့ပဲ လိုတော့တယ်။ တပ်မတော်ရဲ့ ထောက်ခံမဲရရင် အလုပ်ဖြစ်ပြီ။ ဘယ်ပါတီရဲ့ သဘောထား၊ ဘယ်တိုင်းရင်းသားအဖွဲ့အစည်း ရဲ့ သဘောထားကို မှ ထည့်စဉ်းစားမှာမဟုတ်တော့ဘူး။

အင်န်အယ်လ်ဒီက တိုင်းရင်းသားအားလုံးအတွက် စဉ်းစားပေးမှာဆိုတဲ့ ဆင်ခြေပေးလာ ရင်လည်း ပြည်နယ်လွှတ်တော်တွေက ကိုယ့်ဝန်ကြီးချုပ်ကို တိုက်ရိုက်ရွေးချယ် ခွင့် ပေးဖို့ဆိုတာကို အချိန်မကျသေးဘူးဆိုပြီး ပယ်ချတဲ့ပါတီ၊ တံတားနာမည်ကိုတောင် လွှတ်တော် မှာ မဲခွဲပြီး အများစု အင်အားနဲ့ အနိုင်ကျင့်တဲ့ပါတီ၊ ရခိုင်အမတ်တွေက ကိုယ့်ပြည်နယ်အတွက် စိုးရိမ်လို့ တင်တဲ့အဆိုတောင်ပယ်ချခဲ့တဲ့ပါတီ ဆီက ဘာတွေရနိုင်မလဲဆိုတာ ပြန်စဉ်းစားကြည့်ပေါ့။

ပြန်ချုပ်လိုက်ရင်တော့ တိုင်းရင်းသားမဲဆန္ဒရှင်တွေအနေနဲ့ ကိုယ့်မိသားစုအရေးကို ကိုယ့် ညီအကို မောင်နှမတွေကို ပြောခိုင်းမလား။ တစိမ်းကို ပြောခိုင်းမလားဆိုတာ စဉ်းစားဆုံး ဖြတ်ဖို့ပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: