ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ( ဦးလှသိန်းကော်မရှင်) က ၂၇ အောက်တိုဘာ ရက်စွဲ နဲ့ ရွေးကောက်ပွဲမလုပ်မယ့် နယ်မြေစာရင်းတွေကို အပြောင်းအလဲလုပ်ထုတ်ပြန်ခဲ့တယ်။
ဒီထုတ်ပြန်ချက်ဟာ တပ်မတော်သတင်းစာရှင်းလင်းပွဲ နဲ့နိုင်ငံရေးပါတီများရဲ့ ရွေးကော်ဆုံးဖြတ်ချက်များအပေါ် ကန့်ကွက်ပြောကြားမှုများ နောက်ပိုင်းမှာ ပေါ် ထွက်လာ တာဖြစ်ပါတယ်။
ဦးလှသိန်းကော်မရှင်ရဲ့ထုတ်ပြန်ချက်မှာ အပိုင်းနှစ်ပိုင်းပါတယ်။ ပထမတစ်ခုက အရင်က ရွေးကောက်ပွဲမလုပ်နိုင်ဘူးလို့ ကြေညာထားတဲ့ကျေးရွာအုပ်စုတွေကို စာရင်းက ပယ်ဖျက် ပေးတာဖြစ်ပါတယ်။
ပယ်ဖျက်ပေးတာတွေကတော့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် က ကျေးရွာအုပ်စု သုံးခု၊ အမ်း မြို့နယ်က ကျေးရွာအုပ်စု လေးခု၊ ရှမ်းပြည်နယ် မူဆယ်မြို့ပေါ်ရပ်ကွက်တစ်ခု၊ လားရှိုးမြို့နယ် ကျေးရွာအုပ်စု တစ်ခု နဲ့ ကွမ်းလုံမြို့နယ်ကျေးရွာအုပ်စုတစ်ခုဖြစ်ပါတယ်။
ဒုတိယတစ်ပိုင်းက မူလက ရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာထားတဲ့ နယ်မြေ တစ်ချို့ မှာ ရွေးကောက်ပွဲမလုပ်တော့ဘူးလို့ ပြင်ဆင် ကြေညာခဲ့တာဖြစ်ပါတယ်။ အဲဒါကတော့ ချင်း ပြည်နယ် ပလက်၀ မြို့နယ်ထဲက ကျေးရွာ အုပ်စုတွေဖြစ်ပါတယ်။
ဒီကြေညာချက်တွေအရ ဦးလှသိန်းကော်မရှင်က ရွေးကောက်ပွဲ လုပ်မယ်/ မလုပ်ဘူးလို့ ဆုံးဖြတ်ခဲ့တဲ့ နေရာမှာ လုံခြုံရေး၊အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး ဆိုင်ရာအချက်အလက်များအပြင် ၂၀၁၅ ရွေးကောက်ပွဲရလဒ်များအပေါ် အခြေခံပြီး နိုင်ငံရေးအရ ထည့်စဉ်းစားတာတွေများ ရှိခဲ့သလား ဆိုတဲ့ မေးခွန်းတွေပေါ်လာခဲ့ပါတယ်။
ပလက်၀
ရွေးကော်က တိုက်ပွဲတွေတောက်လေ ျှာက်ဖြစ်နေတဲ့ ၊ တပ်မတော်ကလည်း လုံခြုံရေး အရ ရွေးကောက်ပဲလုပ်ဖို့ မဖြစ်နိုင်ဘူးလို့ပြောထားတဲ့ ပလက်ဝမြို့နယ်မှာ ရွေးကောက်ပွဲလုပ် မယ် လို့ ကြေညာခဲ့တဲ့ အပေါ် ဝေဖန်မှုတွေအများကြီးပေါ်ခဲ့တယ်။
အခုတော့ ရွေးကော်က ပလက်၀ မြို့နယ်ထဲက ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိတဲ့ ကျေးရွာ အုပ်စု စာရင်းကို ကြေညာခဲ့တယ်။ ကျေးရွာအုပ်စုစာရင်းကိုပဲကြေညာတဲ့အတွက် ပလက်၀ မြို့နယ်ထဲက ကျန်တဲ့ ရပ်ကွက်၊ ကျေးရွာအုပ်စုတွေမှာ ရွေးကောက်ပွဲလုပ်မယ်လို့ ဆုံးဖြတ် လိုက်တာဖြစ်ပါတယ်။ မဲဆန္ဒနယ်တစ်ခုလုံးကို ပယ်ဖျက်တာမဟုတ်တဲ့အတွက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာတွေ မဆုံးရှုံးတော့ဘူး ပေါ့။
ဒီဆုံးဖြတ်ချက်က အပေါ်ယံကြည့်ရင်တော့ ပြဿနာမရှိဘူးထင်ရပေမယ့် အသေးစိတ်လေ့လာ လိုက်တဲ့အခါ ရွေးကော်ရဲ့ တရားမ ျှတမှုအပေါ် မေးခွန်းထုတ်စရာဖြစ်လာတယ်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ စာရင်းအရ ပလက်ဝမြို့နယ်မှာ ရပ်ကွက် ၇ ခု နဲ့ ကျေးရွာ အုပ်စု ၉ ၅ အုပ်စု ရှိတယ်။ ( ပုံ ၁)
ရွေးကော်ရဲ့ အောက်တိုဘာ ၂၇ ရက်နေ့ ထုတ်ပြန်ချက်အရ ပလက်ဝမြို့နယ်ထဲက ကျေးရွာ အုပ်စု ၉ ၄ အုပ်စုမှာ ရွေးကောက်ပွဲ မလုပ်ဘူးလို့ပါတယ်။ ( ပုံ ၂ နဲ့ ၃)
ဒီတော့ ပလက်ဝမြို့နယ်မှာ ရပ်ကွက် ၇ ခု နဲ့ ကျေးရွာအုပ်စု တစ်အုပ်စုမှာပဲ ရွေးကောက်ပွဲ လုပ်မှာဖြစ်ပါတယ်။ မြို့နယ် တစ်ခုလုံးရဲ့ ၉ ဝ%လောက်မှာ ရွေးကောက်ပွဲမလုပ်နိုင်ရင် ရွေးကောက်ပွဲ လုပ်ဖို့ သင့်တော်ပါ့ မလား။ ဒီမြို့နယ်ကနေ ရွေးချယ်ပေးလိုက်မယ့် လွှတ်တော် ကိုယ်စားလှယ်ကရော မဲဆန္ဒရှင် အများစုကို ကိုယ်စားပြုတယ်လို့ ပြောနိုင်ပါ့မလား။ စဉ်းစားစရာပဲ။
၂၀၁၅ ရွေးကောက်ပွဲ ရလဒ်ကို ကြည့်တော့ ပလက်၀ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် တစ် နေရာနဲ့ တိုင်းဒေသကြီးလွှတ်တော် နှစ်နေရာမှာ အင်န်အယ်လ်ဒီက နိုင်ထားတာကို တွေ့ရတယ်။ ( အမျိုးသားလွှတ်တော်မဲဆန္ဒနယ်ကတော့ အခြားမြို့နယ်တွေနဲ့ ပေါင်းထား တဲ့အတွက် သီးခြား တွက်လို့မရဘူး)
ဒီတော့ ပလက်၀ မြို့နယ်မှာ ရွေးကောက်ပွဲမဖြစ်မနေလုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ အင်န်အယ်လ်ဒီ အတွက် လွှတ်တော်နေရာတွေ မဆုံးရှုံးစေချင်လို့ များလားဆိုတဲ့ သံသယ မေးခွန်းတွေပေါ်လာပါတယ်။
ရွေးကော်အတွက်မေးခွန်း
ပလက်ဝမြို့နယ်မှာ ရပ်ကွက် ၇ ခု နဲ့ ကျေးရွာအုပ်စုအုပ်စု တစ်အုပ်စု မှာ ရွေးကောက်ပွဲ လုပ်နိုင် တဲ့ အခြေအနေရှိတဲ့အတွက် ရွေးကောက်ပွဲ ကို မဖြစ်မနေလုပ်မယ်ဆိုရင်
အောက်တိုဘာ ၁၇ ရက်ရက်စွဲ နဲ့ ရွေးကောက်ပွဲ လုံးဝကျင်းပနိုင်ခြင်းမရှိဘူး လို့ ကြေညာ ထားတဲ့ ရခိုင်ပြည်နယ်ထဲက မြို့နယ် ကိုးမြို့နယ် နဲ့ ရှမ်းပြည်နယ်က မြို့နယ်တစ်မြို့နယ်မှာ မြို့ပေါ် ရပ်ကွက်တွေနဲ့ မြို့အနီးပတ်ဝန်းကျင်က ကျေးရွာအုပ်စု တစ်အုပ်စုမှာတောင် ရွေးကောက်ပွဲ လုပ်နိုင်တဲ့အခြေအနေမရှိဘူးလားလို့ မေးရတော့မယ်။
ဒီအချက်ကို ဦးလှသိန်းကော်မရှင်က သေသေချာချာ ရှင်းပြသင့်တယ်။ အဲဒီလို မရှင်းနိုင်ရင် ၂၀၁၅ ရွေးကောက်ပွဲတုန်းက အဲဒီမြို့နယ်တွေမှာ ရခိုင်နဲ့ ရှမ်းတိုင်းရင်းသားပါတီတွေ နိုင်ခဲ့တဲ့အတွက် လုံခြုံရေးအခြေအနေကို အကြောင်းပြပြီး ဖျက်သိမ်းတာလားဆိုတဲ့ မေးခွန်းတွေပေါ်လာနိုင် ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာလည်း အဲဒီလို စိုးရိမ်မှုတွေရှိတဲ့အတွက် ကိုမင်းကိုနိုင်လို အထင်ကရ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကတောင် “ တိုက်ပွဲများကို အကြောင်းပြကာ ရွေးကောက်ပွဲအား လိုသလို ပုံသွင်းမည်ကို စိုးရိမ်” လို့ ပြောခဲ့ဖူးတယ်။ (ပုံ ၄)
ဒါ့ကြောင့် နိုင်ငံရေးပါတီတွေနဲ့ သက်ဆိုင်ရာဒေသခံ မဲဆန္ဒရှင်တွေ သံသယကင်းအောင် မရှင်းပြနိုင်ရင် နောင်မှာ ဦးလှသိန်းကော်မရှင်ကို “ ပလက်၀ ကော်မရှင်” လို့ နာမည်တွင်သွားမှာ စိုးရိမ် မိပါတယ်။