မနေ့ညက အသက် ၆၀ ကျော်တွေ ကျန်းမာ ရေးကောင်းရင် အုပ်ကြီးရုံးမှာ ကိုယ်တိုင် ကြိုတင်မဲ လာပေးရမယ်၊ ကျန်းမာရေးမကောင်းဘူး ၊ မလာနိုင်ဘူးဆိုရင် အကြောင်းကြားပါ၊ အိမ် ကို မဲရုံတာဝန်ရှိသူတွေ လာခဲ့မယ် လို့ အုပ်ကြီးနဲ့အဖွဲ့ အသံချဲ့စက်နဲ့ လှည့်ကြေညာတယ်။
အုပ်ကြီး ပြောတာကို ကြားတော့ ငါလည်း လူအို စာရင်းထဲပါနေပါလားဆိုတာ သတိရတယ်။ ရွေးကော် သတင်းစာ ရှင်း လင်းပွဲမှာပြောသလို ကားနဲ့ အိမ်ရှေ့အရောက်လာမဲပေးခိုင်းမယ်ဆိုတဲ့ စနစ်တော့ မဟုတ် တော့ဘူး။ ဒါပေမယ့် ဒီအစီအစဉ်က ပိုပြီးလက်တွေ့ကျပါတယ်။
နေ့လယ် ၁၂ နာရီကျော်လောက်မှာ အုပ်ကြီးရုံးကို သွားတယ်။ လမ်းမှာ ကြိုတင်မဲ စာအိတ်တွေ ပိတ်ဖို့အတွက် လိုရင်သုံးနိုင်အောင် ကော်ဘူးတစ်ဘူးဝယ်တယ်။ အုပ်ကြီးရုံး ရှေ့အဖီအောက်မှာ မဲပေးမယ့် သူတွေ ထိုင်ဖို့ ခုံခြောက်လုံး ကို ခြောက်ပေခွာပြီး လေးလုံးတစ်တန်း၊ နှစ်လုံးတစ်တန်းချထားတယ်။ လူလေးယောက် ရှေ့နောက်တန်းစီ ထိုင် စောင့်နေတယ်။ အထူးရဲ လို့ခေါ်တဲ့ ပုခုံးမှာ ဒေါက်အနီနဲ့ လုံခြုံရေးတစ်ယောက်၊ အရန်မီးသတ် တစ်ယောက်ရှိတယ်။ ကျွန်တော်က အပြင် ဘက် ခုံနှစ်ခုံ ထဲက တစ်ခုံမှာထိုင်လိုက်တယ်။
ကျွန်တော့်ရှေ့က လူလေးယောက်မှာ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက်က အတော်ငယ်တယ်။ အမျိုးသမီးက အသက်လေးဆယ်ကျော်၊ အမျိုးသားက အသက်နှစ်ဆယ် ကျော်လောက်ပဲ ရှိတယ်။ ကြိုတင်မဲပေးရမယ့်အရွယ်မဟုတ်ဘူး။ သူတို့ နားက အသက်ကြီး ကြီး အမျိုးသမီးကြီးကို အဖော်လိုက်လာတာလို့ပဲ ထင်မိတယ်။
ကျွန်တော့်နောက်မှာ လူတစ်ယောက် ရောက်လာတယ်။ ကျွန်တော်ရှေ့က ခုံလွတ်တဲ့နေရာမှာ မထိုင်ဘူး။ ကျွန်တော့်ခုံနောက်က အရိပ်မှာရပ်နေတယ်။ ခဏနေတော့ မဲရုံထဲမှာ မဲပေးနေတဲ့ သူ တစ်ယောက် ပြန်ထွက်လာတယ်။ အထူးရဲက နောက်တစ်ယောက်လို့ခေါ်တယ်။ ရှေ့ဆုံးက အမကြီး ထသွားတယ်။ အရန်မီးသတ်က အပူချိန်တိုင်းတယ်။ လက်သန့်ဆေးရည်ပေးတယ်။ ပြီးတော့ ဝင်ခွင့်ပြုလိုက်တယ်။
အဲဒီအမကြီးထသွားတော့ ကျွန်တော့်နောက်က လူက အထူးရဲကို “ ဟေ့ လူတွေကို ရှေ့ရွှေ့ထိုင်ခိုင်းလေ။ ဒီမှာ ထိုင်စရာမရှိဘူး” ဆိုပြီး လှမ်းအော်တယ်။ ကျွန်တော်က ကျွန်တော့်ရှေ့က လွတ်နေတဲ့ခုံကို ပြပြီး “အဲဒီမှာ ထိုင်လေဗျာ” လို့ ပြောတော့ “ နေပူတယ်” လို့ ဆင်ခြေပေးတယ်။
ဒါနဲ့ အထူးရဲ က အတွင်းဘက်တန်းခုံကလူတွေကို ရှေ့တက်ခိုင်းလိုက်တယ်။ ကျွန်တော်က အတွင်းဘက် ခုံတန်းကို ပြောင်းထိုင်တယ်။ ကျွန်တော့် ခုံမှာ ရေသဘင် ( Ray – Ban ) မျက်မှန် ဇီးရောင်၊ ဆံပင်ရှည်ကို ခေါင်းလိမ်းဆီ ထူထူ ၊ မောင်ဘတင့်ပုံစံနဲ့ ဖြီးထားတဲ့ ကိုယ်တော်ချော ဝင်ထိုင်တယ်။ အခု မှ စိတ်တိုင်းကျသွားတဲ့ ပုံစံနဲ့ ခြေချိတ်ပြီး ထိုင်လို့။
အမျိုးသမီးတစ်ယောက်ရောက်လာတယ်။ သူနာမည် နောက်တိုးမဲစာရင်းမှာ ပါမပါ လာစုံစမ်းတာ၊ အထူးရဲက မဲရုံဝန်ထမ်းတစ်ယောက်ကို ခေါ်ပေးတယ်။ မဲရုံဝန်ထမ်းက ဒီမှာကြည့်လို့မရတော့ဘူး။ အက်ပလီကေးရှင်းကနေ ကြည့်လိုရတယ်ဆိုတာနဲ့ ဘယ်လို့ ရှာရမလဲဆိုတာ ရှင်းပြတယ်။
ရွေးကော် ရင်ထိုးတပ်ထားတဲ့ အမျိုးသမီးတစ်ယောက်ရောက်လာတယ်။ ကျွန်တော်တို့ရှေ့မှာ ထိုင်နေတဲ့ အမျိုးသမီးနဲ့လူငယ်လေးကို နှုတ်ဆက်ပြီး နင်တို့ဘာလာလုပ်တာလဲလို့မေးတော့ ဟိုနှစ်ယောက်က မဲပေးမလို့ ဆိုပြီးပြောတယ်။ ရွေးကော် အမျိုးသမီးက “ ဟယ် မဟုတ်ဘူး။ နင်တို့ပေးလို့မရဘူး။ ဒါက ခြောက်ဆယ်အထက်တွေအတွက်လို့ပြောတယ်။” ဘေးက ကိုယ်တော်ချောက “ဟင်းဟင်း” ဆိုပြီး နှုတ်ခမ်းစေ့ပြီးရယ်တယ်။ ပြီးတော့ ခြောက်ဆယ် အထက် မှပေးလို့ရတာဗျ လို့ လှမ်းပြောတယ်။ ဆရာကြီးပဲ။
သူတို့နှစ်ယောက် ထပြန်သွားတော့ ကျွန်တော်တို့ရှေ့တိုးထိုင်ရပြန်ရော။ ခဏနေတော့ ကျွန်တော့်ရှေ့က လူကို ခေါ်တယ်။ အဖျားတိုင်းတယ်။ အပူချိန်တက်နေလို့ ဝင်ခွင့်မပြုဘူး။ ပြန်ထိုင်ခိုင်းတယ်။ ခဏစောင့်ဦးတဲ့။ ကျွန်တော်ကို ခေါ်တယ်။ အဖျားတိုင်းတယ်၊ လက်သန့်ဆေးရည်နဲ့ လက်ဆေးခိုင်းတယ်။ ပြီးတော့ ဝင်ခွင့်ပြုတယ်။
အထဲမှာတော့ မဲရုံကိုယ်စားလှယ်လား၊ ဘာလား စောင့်ကြည်သူ နှစ်ယောက်ရှိတယ်။ ဧည့်စာရင်း တိုင်ဖို့ ရောက်ခဲ့တုန်းက အုပ်ကြီးထိုင်တဲ့ စားပွဲနှစ်လုံးမှာ မဲရုံ ဝန်ထမ်းနှစ်ယောက်ရှိတယ်။ ရှေ့မှာ ပလတ်စတစ်ကာထားတယ်။ ပလတ်စတစ်အောက်ခြေမှာ လက်ထည့်ဖို့ အပေါက်ဖောက်ထား တယ်။
ကျွန်တော့်မဲစာရင်းအမှတ်ကို ပြောတော့ ရှာမတွေ့ဘူး။ ကျွန်တော်က ပထမအကြိမ်မဲစာရင်းကပ် ချိန်က နံပါတ်ကို မှတ်ထားတာ။ ဒုတိယအကြိမ်မဲစာရင်းမှာ လူအတိုးအလျော့ရှိလို့ အမှတ်စဉ် တွေ ပြောင်းကုန်တာမသိလိုက်ဘူး။ ဒီတော့ အိမ်လိပ်စာနဲ့ရှာရတယ်။ အရင်အမှတ်စဉ်ထက် ငါးဆယ် လောက်ပိုသွားတယ်။
နာမည်တွေ့တော့ အဖေနာမည်မေးတယ်။ အဖေ နာမည်မှန်တော့ မဲလက်မှတ်ထုတ်ပေးတယ်။ မှတ်ပုံတင်ပါသွားပေမယ့် ယူမကြည့်ဘူး။ မှတ်ပုံတင်ကို စစ်ဆေးသင့်တယ်လို့ထင်ပါတယ်။ မဟုတ် ရင် လူစားထိုးမဲပေးတာမျိုးတွေဖြစ်နိုင်တာပေါ့။ လက်သန်းလည်း မှင်မတို့ရဘူး။
ပထမဆုံး တိုင်းဒေသကြီးလွှတ်တော်အတွက် မဲလက်မှတ်နဲ့ ကြိုတင်မဲစာအိတ်ကို ထုတ်ပေး တယ်။ မဲလက်မှတ်က အဖြူရောင်၊ ရွေးကော်တံဆိပ်အမှတ်အသားတွေကို နောက်ဘက်မှာ ပုံနှိပ်ထားတယ်။ မဲလက်မှတ်ထုတ်ပေး သူ လက်မှတ်နဲ့ တံဆိပ်တုံးကိုလည်း နောက်မှာ ပဲရိုက်ထားတယ်။ ၂၀၁၅ တုန်းကတော့ ဦးတင်အေးက မဲလက်မှတ်အတုလုပ်တာကို ကာကွယ် နိုင်ဖို့ အတွင်းမှာ လုံခြုံရေးအမှတ်အသားရေစာပါတဲ့ စက္ကူကို သုံးချင်တယ်လို့ တောင်း ဆိုတဲ့အတွက် ရွေးကောက်ပွဲကော်မရှင်နဲ့ ပြန်ကြားရေး ညှိနှိုင်းပြီး အင်ဒိုနီးရှားနိုင်ငံက ဝယ်ခဲ့ တယ်။ စက်ရုံ အထိသွားလေ့လာခဲ့ရတယ်။ အဲဒီအချိန်က သုံးတဲ့ စက္ကူက အဝါရောင်ပါ။ အတွင်းမှာ လုံခြုံရေး အမှတ်အသားရေစာပါတဲ့အပြင် နောက်ဘက် မှာလည်း ရွေးကော် တံဆိပ်အမှတ်အသားတွေ ပုံနှိပ်ထားတယ်။
တိုင်းဒေသကြီးလွှတ်တော်အတွက်ပေးတဲ့ ကြိုတင်မဲစာအိတ်က ဘေးတစ်ဖက် ပွင့်နေတယ်။ ကော် မကောင်းတဲ့သဘောပါ။ ဒါပေမယ့် မဲရုံထဲမှာ ကော်ဘူးချပေးထားတယ်။ မဲလက်မှတ်ကို အိတ်ထဲ ထည့်ပြီး ကော်သေသေချာချာသုတ်ပြီး ပိတ်တယ်။ ကိုယ်ဝယ်လာတဲ့ ကော်ကိုလည်း မဲရုံက ထားတဲ့ ကော်ဘူးတွေနဲ့အတူထားလိုက်တယ်။
မဲလက်မှတ်ကို စာအိတ်ထဲထည့်ပြီးတဲ့အခါ ကြိုတင်မဲပုံးထဲသွားထည့်ရတယ်။ ကျွန်တော်တို့ ရပ်ကွက်မှာ မဲရုံ နှစ်ရုံရှိတော့ ပုံးနှစ်ပုံးထားပေးတယ်။ မဲရုံ ၁ ၊ ၂ ဆိုပြီး စာကပ်ထားတယ်။ ဒီတော့ ကြိုတင်မဲထည့်မယ်ဆိုရင် ကိုယ့်မဲရုံ နံပါတ်ကို သေချာအောင်မှတ်ထားဖို့လိုပါတယ်။
တိုင်းဒေသကြီးအတွက်မဲထည့်ပြီးတော့ ပြည်သူ့လွှတ်တော်အတွက် မဲလက်မှတ်ယူ၊ မဲထည့်။ ပြီးတော့ အမျိုးသားလွှတ်တော်အတွက် ပြန်ယူ၊ မဲထည့်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်အတွက် ကြိုတင်မဲစာအိတ်တွေက တိုင်းဒေသကြီးလွှတ်တော် ကြိုတင်မဲ စာအိတ် ထက်သေးတယ်။ အိတ်တွေက ဘေးမှာ ပွင့်တာမျိုးမရှိဘူး။ ပိတ်ရင်တော့ ကော်ကပ်ပြီး ပိတ်ပေါ့။
မဲပေးတာကတော့ ကိုယ်စားလှယ်လောင်းတွေကို လေ့လာထားပြီးဖြစ်တော့ အခက်အခဲမရှိ ပါဘူး။ တိုင်းဒေသကြီးနဲ့ အမျိုးသားလွှတ်တော်အတွက် ပါတီတစ်ခုက ကိုယ်စားလှယ်နှစ်ယောက်ကို ရွေး တယ်။ ပြည်သူ့လွှတ်တော်အတွက် နောက်ပါတီတစ်ခုကို ရွေးတယ်။
မဲထည့်လို့ ပြီးတော့ မဲရုံဝန်ထမ်းတွေကို ကျေးဇူးတင်စကားပြောတယ်။ လက်သန့်ဆေးရည် နဲ့ လက်ပြန်ဆေးပြီး မဲရုံ အပြင်ကို ထွက်ခဲ့တယ်။ အလံနီလေးနဲ့ ဆိုက်ကားတစ်စီးက ကျွန်တော့် ကို တွေ့တော့ စီးမလားဆိုတဲ့ သဘောနဲ့ ဘဲလ်တီးတယ်။ လက်ခါပြလိုက်တယ်။ ကျွန်တော်သွားမယ့် ခရီးကို ရောက်ဖို့ ဆိုက်ကားမလိုပါဘူး။
I will never ever not vote NLD.This party filthy to me and full of mismanagement.
With regards
Naing Oo
LikeLike