၀န်းရံသူ

၂၀၂၀ ရွေးကောက်ပွဲ အကြိုကာလမှ ရေပန်းစားတဲ့ စကားလုံးကတော့ “ ဝန်းရံသူ” ဆိုတဲ့ စကားလုံးပဲ။ ဒီစကားလုံးကို အင်န်အယ်လ်ဒီပါတီဘက်က စသုံးတယ်။နောက်တော့ ကျန်တဲ့ နိုင်ငံရေးပါတီတွေကပါလိုက်သုံးကြတယ်။ ဒီလိုနဲ့ မီဒီယာတွေကလည်း ရွေးကောက်ပွဲ သတင်းတွေ ရေးတဲ့အခါ ဒီစကားလုံးကို သုံးတယ်။

အခုနောက်ဆုံးအခြေအနေမှာတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရဲ့ ကြေညာချက် မှာတောင် ဝန်းရံသူ ဆိုတဲ့စကားလုံးကို တရားဝင်လက်ခံသုံးစွဲလာတာတွေ့ရပါတယ်။

ဒီလိုနဲ့ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ “ဝန်းရံသူ” ဆိုတဲ့ စကားလုံးက ပါတီ နဲ့ ပတ်သက်မှုမရှိဘူး။ မိမိ သဘောနဲ့ မိမိ၊ မိမိအစီအစဉ်နဲ့မိမိ ကိုယ်ထောက်ခံတဲ့ပါတီအတွက် စည်းရုံးလှုပ်ရှားတဲ့သူ ၊ ဒီလူ တွေနဲ့ပတ်သက်လို့ ပါတီမှာ၊ ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ် လောင်းမှာ တာဝန်မရှိဘူးဆိုတဲ့ သဘောဖြစ်လာပါတယ်။

လက်တွေ့အခြေအနေမှာတော့ အင်အားနဲ့လှည့်လည်တာ၊ ဝန်းရံတာ လုပ်ဖို့ ဆိုတာ ပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းများရဲ့ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်း ကူညီပံ့ပိုးမှု၊ စီစဉ်ပေးမှု၊ ညှိနှိုင်းမှုတွေမပါဘဲနဲ့လုပ်လို့မရဘူး။

ဥပမာအားဖြင့် နေ ပြည်တော်မှာ ဆောင်ရွက်ခဲ့တဲ့ အင်န်အယ်လ်ဒီပါတီနဲ့ ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူ တို့ရဲ့ အင်အားပြပွဲ တွေနဲ့ ပတ်သက်ရင် ပါတီခေါင်းဆောင်တွေကိုယ်တိုင် ထွက်ပြီးအားပေးတာ၊ လွှတ်တော်ကိုယ်စားလှယ်/ ပါတီမဲဆွယ်စည်းရုံးရေးတာဝန်ခံတွေရဲ့ ဖေ့စ်ဘွတ်အကောင့်တွေကနေ သတင်းအချက်အလက် တွေမ ျှဝေတာ၊ Live လွှင့်ပေးတာ ၊ ကား/ ဆိုင်ကယ်တွေနဲ့ ကိုယ်တိုင် လိုက်ပါတာတွေ လုပ်ခဲ့တာကို တွေ့နိုင်ပါတယ်။

ဒီတော့ ရွေးကောက်ပွဲ ကာလမှာ ကိုဗစ် ရောဂါကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ စည်းကမ်းတွေကို ချိုးဖောက်တာပဲဖြစ်ဖြစ်၊ ခိုက်ရန်ဖြစ်ပွားတာဖြစ်ဖြစ် ဝန်းရံသူတွေပါလို့ပြောလိုက်ရင် ကိစ္စပြီးတာ ပဲ ဆိုတဲ့ အခြေအနေ ဖြစ်လာရင် ဒီရွေးကောက်ပွဲသာမက အနာဂတ်ရွေးကောက်ပွဲတွေမှာလည်း ရွေးကောက်ပွဲတည်ငြိမ်အေးချမ်းစွာ ကျင်းပနိုင်မှု နဲ့ တရားမ ျှတမှုအပေါ်မှာပါ ထိခိုက်လာတဲ့ သဘောဖြစ်လာပါတယ်။

ဝန်းရံသူ အစ

ကျွန်တော်ရှာဖွေသမ ျှထဲမှာ ဝန်းရံသူ ဆိုတဲ့ စကားလုံးကို ဥပဒေကြောင်းအရ ခုခံ ကာကွယ် ဖို့ သုံးခဲ့တဲ့ အစောဆုံးအထောက်အထား အဖြစ် ရွေးကော်ခုံရုံးမှာ အင်န်အယ်လ်ဒီဘက်က တင်ပြခဲ့ တာကို တွေ့ရပါတယ်။

၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မန္တလေးတိုင်း ဒေသကြီး လွှတ်တော်၊ ရှမ်းတိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်အတွက် ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် ( SNLD) က ဒေါ်နန်းထွေးမှုံ နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ( NLD) က ဦးစိုင်းပန်းဆိုင် (ခ) ဦးစိုင်းထွန်းစိန် (ခ) ဦးကျော်စိန်တို့ ဝင်ပြိုင်တယ်။

ရွေးကောက်ပွဲရလဒ်မှာ ဦးစိုင်းပန်းဆိုင် ( NLD) က အနိုင်ရတယ်။ အဲဒီအနိုင်ရမှုအပေါ် ကျေနပ်မှု မရှိတဲ့အတွက် ဒေါ်နန်းထွေးမှုံ (SNLD) က ရွေးကောက်ပွဲကော်မရှင်ကို လေ ျှာက်ထားခဲ့တယ်။

ဒေါ်နန်းထွေးမှုံ တိုင်ကြားချက်တွေထဲမှာ ဦးစိုင်းပန်းဆိုင်ဟာ ၂၁-၉ -၂၀၁၈ ရက်နေ့ နဲ့ ၂၂-၉ -၂၀၁၈ ရက်နေ့တွေမှာ ချမ်းမြသာစည်မြို့နယ်အတွင်း ယာဉ်တန်းနဲ့လှည့်လည် စည်းရုံး ခြင်း၊ ၂၅-၉ -၂၀၁၈ ရက်နေ့ လူအင်အားသုံးဆယ်နဲ့ ပုသိမ်ကြီးမြို့နယ်အတွင်း လှည့် လည် စည်းရုံးခြင်း၊ ၃၁-၁၀-၂၀၁၈ ရက်နေ့ စဉ့်ကိုင်မြို့နယ်အတွင်း လှည့်လည်စည်းရုံးခြင်း၊၁၅-၁၀-၂၀၁၈ ရက်နေ့မှ ၃၀-၁၀-၂၀၁၈ ရက်နေ့ အထိ ပြည်ကြီးတံခွန်မြို့နယ်အတွင်း လှည့်လည် စည်းရုံးခြင်း ပြုလုပ်ခဲ့တယ်။ ဒါပေမယ့် အဲဒီကုန်ကျစရိတ်တွေကို ရွေးကောက်ပွဲ အသုံးစရိတ် မှာ ထည့်သွင်းဖော်ပြခြင်းမပြုဘူး။ ဒါဟာ ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုဖြစ်တယ် ဆိုတဲ့ အချက်ဖြစ်တယ်လို့ ဖော်ပြထားတယ်။

အဲဒီတိုင်ကြားမှုနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲခုံအဖွဲ့(၂) က စစ်ဆေးတဲ့အခါ NLD လွှတ်တော် ကို်ယ်စားလှယ် ဦးစိုင်းပန်းဆိုင် ဘက်က စည်းရုံးရေးဆင်းရာမှာလိုက်ပါခဲ့သူတွေဟာ ပါတီ မူဝါဒ အရ ကိုယ့်စားရိတ်ကိုယ်စားပြီး ဝန်းရံသူတွေဖြစ်တဲ့အတွက် ရွေးကောက်ပွဲကုန်ကျစရိတ်မှာ ထည့်သွင်းဖော်ပြဖို့မလိုဘူး လို့ ခုခံချေပခဲ့တယ်။ ဝန်းရံသူတွေဖြစ်ကြောင်း သက်သေခံသူတွေ ကတော့ အင်န်အယ်လ်ဒီ ခရိုင်ဥက္ကဋ္ဌ နဲ့ ပုသိမ်ကြီးမြို့နယ်ဥက္ကဋ္ဌဖြစ်ပါတယ်။ လိုက်ပါခဲ့သူ တွေကို ခုံအဖွဲ့က စစ်ဆေးခဲ့တာမဟုတ်ဘူး။

ခုံအဖွဲ့ကလည်း အဲဒီတင်ပြချက်ကို လက်ခံခဲ့တယ်။ ဒေါ်နန်းထွေးမှုံက ခုံအဖွဲ့ဆုံးဖြတ်ချက်ကို မကျေနပ်လို့ အယူခံတက်တော့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခုံအဖွဲ့ရဲ့ ဆုံး ဖြတ်ချက်အတိုင်းပဲ လက်ခံခဲ့တယ်။

အခုရွေးကောက်ပွဲမှာလည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကိုယ်တိုင်က ဝန်းရံသူ ဆိုတာ ပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ်နဲ့ မဆိုင်ဘူးလို့ လက်ခံထားတဲ့သဘောတွေ့ရတယ်။

ဘာဖြစ်လာနိုင်လဲ

ဝန်းရံသူ တွေဘာလုပ်လုပ် ပါတီ နဲ့ မဆိုင်ဘူး။ လွှတ်တော်ကိုယ်စားလှယ်နဲ့ မဆိုင်ဘူးဆိုရင် ဖြစ် လာနိုင်တဲ့ အခြေအနေသုံးခုရှိတယ်။

၁။ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အတွက် သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲအသုံးစရိတ် ကန့်သတ်ချက် ( လက်ရှိ သိန်းတစ်ရာ) ဟာ ဘာမှ အကျိုးသက်ရောက်မှုရှိမှာ မဟုတ်တော့ဘူး။ သိန်းတစ်ရာထက်ပိုတာမှန်သမ ျှ ဝန်းရံသူတွေ သုံးတာပါလို့ အကြောင်းပြလို့ရသွားပြီ။ ဒါဟာ ရွေးကောက်ပွဲ အသုံးစရိတ် ကန့်သတ်ထားရခြင်း ရည်ရွယ်ချက်ကို လုံးဝပျက်ပြား သွားစေ နိုင်တယ်။

၂။ ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုတွေနဲ့ပတ်သက်ရင် လွှတ်တော်ကိုယ်စားလှယ်လောင်း နဲ့ ပတ်သက်မှုမရှိဘူး။ ဝန်းရံသူတွေက သူ့သဘောနဲ့ သူဆောင်ရွက်တာပါ လို့ အကြောင်းပြ လာနိုင်တယ်။ ဒါဆိုရင် ရွေးကောက်ပွဲရဲ့ လွတ်လပ်ပြီး တရားမ ျှတမှုအပေါ် ထိခိုက်လာနိုင်တယ်။

၃။ ဝန်းရံသူ ဆိုတဲ့ အယူအဆဟာ ပါတီကြီးတွေအတွက် အသာစီးရစေပြီး ပါတီငယ်တွေ အတွက် မ ျှတစွာ ယှဉ်ပြိုင်နိုင်မယ့် အခွင့်အရေးကို ဆုံးရှုံးစေတယ်။

ဘာလုပ်သင့်လဲ

နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ မဲဆွယ်စည်းရုံးမှုနဲ့ပတ်သက်ရင် ဝန်းရံသူတွေအနေနဲ့ ဆောင်ရွက်ရမယ့်အချက်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တိတိကျကျ အမိန့်/ ညွှန်ကြားချက်များ ထုတ်ပြန်သင့်တယ်။ ရွေးကောက်ပွဲ ဥပဒေများကို ပြင်ဆင်ဖို့လိုရင်လည်း ပြင် ဆင်ရမယ်။

ဥပမာအားဖြင့် ဝန်းရံသူတွေ အစီအစဉ်နဲ့ မဲဆွယ်စည်းရုံးမှု လုပ်ဆောင်မယ်ဆိုရင် သက်ဆိုင်ရာလွှတ်တော်ကိုယ်စား လှယ်က ဘယ်အချက်တွေကို တာဝန်ယူရမယ်၊ ဝန်းရံသူတွေကို ဦးစီးဦးဆောင်ပြုသူက ပါတီ / ကိုယ်စားလှယ်ထံကနေ ငွေကြေး/ ပစ္စည်း အကူအညီရယူခြင်း မရှိကြောင်း နဲ့ ရွေးကောက်ပွဲ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမယ့်အကြောင်း သက်ဆိုင်ရာမြို့နယ်ကော်မရှင်ထံမှာ ဝန်ခံကတိလက်မှတ်ရေးထိုးရမယ်ဆိုတာမျိုးလုပ်ရင် အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းနိုင် မယ် ထင်ပါတယ်။ အဲဒီအချက်အလက်တွေကို ချိုးဖောက်ကြောင်း သက်သေအထောက်အထားရှိရင် ပြိုင်ဘက် ကိုယ်စားလှယ်လောင်းကလည်း ကန့်ကွက်ဖို့ အခွင့်အရေးရတာပေါ့။

“ဝန်းရံသူ” လုပ်ရင် စည်းကမ်းနဲ့မညီလည်း ပြဿနာမရှိဘူးဆိုတဲ့ အယူအဆအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သာမက နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာတဲ့ အဖွဲ့များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ နဲ့ မီဒီယာများ ကပါ အလေးအနက်ထားသုံးသပ်ဖို့လိုပြီလို့ယူဆပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: