မိုးကြိုးပစ်ခတ်၊ လ ျှပ်စီးတွေ ဝင်းလက်၊ လေပြင်းတိုက်ခတ်၊ မိုးသီးမိုးပေါက်တွေ သွန်းဖြိုးတဲ့ မိုးသက်မုန်တိုင်း ပြီးဆုံးသွားတဲ့အခါ အားလုံးတိတ်ဆိတ်သွားတော့တယ်။ နောက်တော့ တိမ်တွေကြားက နေရောင်ခြည်တွေဖြာဆင်းလာတယ်။ မုန်တိုင်းကြောင့် ဘေးကင်းရာမှာ ခိုလှုံနေ ရတဲ့ ကျေးငှက်လေးတွေရဲ့ အသံတွေပြန်ကြားလာရပြီ။ သစ်ရွက်တွေပေါ်မှာ ခိုနားနေတဲ့ မိုးရေစက် တွေကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး လှပ စိမ်းစိုလတ်ဆတ်နေတယ်။ မကြာခင်က အလွန်ပြင်းထန်တဲ့ မုန်တိုင်းတစ်ခု တိုက်ခတ်သွားတယ်ဆိုတာ ယုံနိုင်စရာမရှိဘူး။
ရွေးကောက်ပွဲ အကြိုနေ့မှာ မဲဆွယ်စည်းရုံးမှုတွေ အားလုံးရပ်ဆိုင်းလိုက်တာဟာလည်း မဲဆွယ် မုန်တိုင်းကြီး ရပ်သွားတဲ့ သဘောပါပဲ။ မုန်တိုင်းထဲမှာ ပြေးလွှားနေခဲ့သူတွေ၊ မုန်တိုင်းရန်ကြောင့် ဘေးကင်းရာမှာ ခိုလှုံနေခဲ့သူတွေအားလုံး ငြိမ်သက်အေးချမ်းမှုကို ခံစားရမယ့် အချိန်ပေါ့။
ဒီနေ့ဟာ အမုန်း ပွား ရမယ့်နေ့၊ ရင်ပူရမယ့်နေ့မဟုတ်ဘူး။ ဆုံးဖြတ်ထားပြီးတာတွေ ပိုခိုင်မာရမယ့်နေ့၊ မဆုံးဖြတ်ရ သေးရင် ခေါင်းအေးအေးနဲ့ ပြန်လည် ဆင်ခြင် သုံးသပ်ဆုံးဖြတ်ရမယ့်နေ့၊ လုပ်သင့်တာတွေ လုပ် ခဲ့ပြီးပြီပဲ ပြည်သူတွေရဲ့ အဆုံးအဖြတ်ကို လက်ခံဖို့ပဲရှိတယ်လို့ နှလုံးသွင်းရမယ့်နေ့ ဖြစ်ပါ တယ်။
ပြိုင်ပွဲမစခင် မန်နေဂျာတွေ၊ နည်းပြတွေ၊ ကစားသမားတွေ၊ အားပေးထောက်ခံသူတွေ အမျိုးမျိုး ပြောလို့ရတယ်။ ဒါပေမယ့် ပြိုင်ပွဲစပြီဆိုရင်တော့ ကစားသမားတွေကသာ ပြိုင်ပွဲစည်းမျဉ်းနဲ့ အညီ ယှဉ်ပြိုင်၊ ဒိုင်လူကြီးကလည်း ပြိုင်ပွဲစည်းမျဉ်း နဲ့အညီဆုံးဖြတ်ရမှာပါ။ အငြင်းပွားရင်လည်း ပြိုင်ပွဲ စည်းမျဉ်းနဲ့အညီ စောဒကတက်ကြဖို့ပဲရှိပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို စတင်ခဲ့တာ ဆယ်နှစ်၊ ရွေးကောက်ပွဲ နှစ်ကြိမ်ကြုံခဲ့ပြီးပြီ။ ရွေးကောက်ပွဲ တစ်ကြိမ်ပြီးတိုင်း ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ သင့်မြတ်ရေး ဘက်ကို ကောင်းမွန်တဲ့ အရွေ့တစ်ခုရွေ့နိုင်ခဲ့တယ်။ ဒီမိုကရေစီပန်းတိုင်ကို ဘယ်လောက် ခရီးပေါက်ခဲ့ပြီလဲဆိုတဲ့ အပေါ် မတူတဲ့ အမြင်တွေရှိနိုင်ပေမယ့် တာထွက်တဲ့နေရာမှာပဲ ရပ်နေတာ မဟုတ်ဘူးဆိုတာတော့ အားလုံးလက်ခံကြမယ်ထင်ပါတယ်။
အခု ၂၀၂၀ ရွေးကောက်ပွဲကလည်း နောက်ထပ် ကောင်းမွန်တဲ့ အရွေ့ တစ်ခု ဖြစ်ဖို့အတွက် ကျွန်တော်တို့ အားလုံး ပူးပေါင်းဆောင်ရွက်ကြပါစို့။