မဇ္ဈိမ စကားဝိုင်း (၆)

ဒီနေ့စကားဝိုင်းမှာ ကျွန်တော်တစ်ဦးတည်းကိုပဲ ဦးတည်မေးမြန်းခဲ့တဲ့ မေးခွန်းကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ ကြိုတင်မဲလက်မှတ်အတုတွေ့တယ်၊ မဲစာရင်းမှာပါတဲ့လူဦးရေထက် မဲလက်မှတ် တွေက ပိုများနေတယ်ဆိုတဲ့ အငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး “၂၀၁၅ ခုနှစ်မှာ မဲလက်မှတ်တွေကို ဘယ်လိုပုံ နှိပ်ခဲ့သလဲ ဆိုတဲ့မေးခွန်းဖြစ်ပါတယ်။”

ဒီမေးခွန်းနဲ့ပတ်သက်လို့ကတော့ စကားဝိုင်းမှာ အချိန်ကန့်သတ်ချက်ကြောင့် မပြောနိုင်ခဲ့တဲ့ အချက်တွေ နဲ့ ဓာတ်ပုံမှတ်တမ်းတွေကို ဖြည့်စွက်ပြီး ရှင်းပြပါ့မယ်။

၂၀၁၂ ရွေးကောက်ပွဲ

၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီလ ၁ ရက်နေ့မှာကျင်းပတယ်။ အဲဒီရွေးကောက်ပွဲ မှာ မဲပေးတဲ့အခါ ဘောပင် နဲ့ အမှန် အမှတ်အသားခြစ်ပြီး မဲပေးတဲ့ စနစ်ကို ကျင့်သုံးတယ်။ ရွေးကောက်ပွဲနေ့မှာ အင်န်အယ်လ်ဒီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖယောင်းသုတ် ထားတဲ့မဲလက်မှတ်တွေ တွေ့ရတယ်။ ဒါဟာ ဘောပင်နဲ့ခြစ်ပြီး မဲပေးလို့မရအောင် ရည်ရွယ်ချက် နဲ့လုပ်ထားတာဖြစ်တယ်ဆိုပြီး မီဒီယာတွေကို ပြောတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကိုလည်း ကန့်ကွက်စာပို့တယ်။

အဲဒီသတင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ချက်ခြင်း ကွင်းဆင်းစစ်ဆေးတယ်။ ဖြစ်စဉ်က မဲလက်မှတ်တွေမှာ ဖယောင်းသုတ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်မှားတယ် ဆိုတာ တွေ့ တယ်။ နောင်တော့ ဦးဉာဏ်ဝင်းက သူတို့မှားတယ်ဆိုတာဝန်ခံတယ်။ ဒါပေမယ့် မှားယွင်း စွပ်စွဲ မှုအတွက် မတောင်းပန်ဘူး။ ဒါနဲ့ ရွေးကော်က တရားစွဲတယ်။ တရားရင်ဆိုင်ပြီးတော့ တရားရုံး က ဦးဉာဏ်ဝင်း မှာ အပြစ်ရှိကြောင်းဆုံးဖြတ်တယ်။ ဦးဉာဏ်ဝင်း ဒဏ်ငွေဆောင်ရတယ်။

၂၀၁၅ ရွေးကောက်ပွဲ

၂၀၁၅ ရွေးကောက်ပွဲအတွက် ပြန်ကြားရေးဝန်ကြီးဌာနက လွှတ်တော်သုံးရပ်နဲ့ တိုင်းရင်းသား လူမျိုး ကိုယ်စားလှယ်များရွေးချယ်ဖို့အတွက် မဲလက်မှတ် သန်း ၁၃၀ လောက် ပုံနှိပ်ပေးရ တယ်။

၂၀၁၅ ရွေးကောက်ပွဲအတွက်မဲလက်မှတ်ရိုက်နှိပ်ရေးညှိနှိုင်းဆွေးနွေးတဲ့အခါ ကော်မရှင်ဥက္ကဋ္ဌ ဦး တင်အေးက မဲလက်မှတ်အတုပြဿနာကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် စက္ကူအသားထဲမှာ လုံခြုံရေး ရေစာ ( Water Mark ) ပါတဲ့ စာရွက်နဲ့ ရိုက်မယ်။ စာရွက်အရောင်ကိုလည်း အပြင် မှာ အလွယ်တကူမရနိုင်တဲ့ အဝါရောင်နဲ့ ရိုက်မယ်၊ မဲပေးတဲ့အခါ ဘောပင်အစား တံဆိပ်တုံး သုံးမယ်လို့လည်း ဆိုတယ်။ အဲဒါတွေကလည်း ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာမယ့် နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ညှိနှိုင်းဆွေးနွေးပြီးမှ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ လိုအပ်ချက်အရ မဲလက်မှတ်တွေကို Color Woodfree paper (80 gsm) အဝါရောင်၊ ( လုံခြုံရေးရေစာပါ )နဲ့ရိုက်ဖို့ဆုံးဖြတ်တယ်။ သတ်မှတ်စည်းကမ်းများအတိုင်း တင်ဒါခေါ်တယ်။ တင်ဒါအောင်တဲ့ စက္ကူတွေကို ပေးသွင်းမယ့် အင်ဒိုနီးရှားနိုင်ငံက PT Pura စက်ရုံ ကို ပြန်ကြားရေးဒုဝန်ကြီး ဦးပိုက်ထွေး ၊ ရွေး/ကော် ညွှန်ကြားရေးမှူး ဦးဝင်းဦးခိုင် တို့ဦးဆောင်တဲ့ အဖွဲ့က ၂၀၁၅ ခုနှစ်မေလထဲမှာ သွားကြည့်တယ်။ စက္ကူအမျိုးအစား၊ အရောင်၊ လုံခြုံရေး ရေစာ ထည့်သွင်းမှုတွေက လိုအပ်ချက်နဲ့ ညီမညီ စစ်ဆေးတယ်။

မဲလက်မှတ်အဖြစ် အသုံးပြုမယ့် စက္ကူတွေရောက်လာတော့ ပါတီတံဆိပ်တွေကို အစမ်းရိုက်ပြီး ကော်မရှင်ကို ပြရတယ်။ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ အတွက်လည်း အလားတူ လုပ်ဆောင်ပေးရတယ်။ ကော်မရှင်က သက်ဆိုင်ရာပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေကို ပြပြီး သူတို့ကျေနပ်ပြီဆိုမှ ပြန်ကြားရေးဝန်ကြီးဌာနကို အတည်ပြုကြောင်းကြေညာရတယ် ။ ပါတီ တံဆိပ်တွေရိုက်တဲ့နေရာမှာ စက္ကူအဝါပေါ်မှာရိုက်ရတဲ့အတွက် ကြယ်အဖြူဆိုရင် ကြယ်အဝါ ဖြစ် နေတယ်။ ပါတီတွေကို ရှင်းပြတော့လက်ခံပါတယ်။

မဲလက်မှတ်တွေရိုက်တဲ့အဆင့်တွေကတော့ အများကြီးပဲ။ အတိုချုပ်ပြောရရင် အဆင့်တိုင်း မှာ စစ်ဆေးဖို့အတွက် ရွေး/ကော်က အရာရှိတွေကို ပုံနှိပ်စက်ရုံတွေမှာ တွဲဘက်ထားတယ်။ မဲဆန္ဒနယ်တစ်ခုချင်းအတွက် ကိုယ်စားလှယ်အမည်၊ ပါတီတံဆိပ်၊ ရိုက်နှိပ်ရမယ့်အရေ အတွက် ကို တိုက်ဆိုင်စစ်ဆေးတယ။်

သူတို့အတည်ပြုမှ ရိုက်ရတယ်။ ရလာတဲ့မဲလက်မှတ်တွေကို မဲဆန္ဒနယ်အလိုက်ခွဲထားရတယ်။ မဲလက်မှတ်နံပါတ်စဉ် ဘယ်လောက်ကနေ ဘယ်လောက်အထိ ရိုက်ထားတယ်ဆိုတာမှတ် တမ်းတင်ရတယ်။ ရိုက်ပျက်တွေကို သီးခြားသော့ခတ်သိမ်းဆည်းထားရတယ်။ ဘယ်လောက် ပျက်တယ်ဆိုတာမှတ်တမ်းထားရတယ်။

၂၀၁၅ ရွေးကောက်ပွဲရဲ့ ထူးခြားချက်ကတော့ ပြည်တွင်း၊ပြည်ပ လေ့လာစောင့်ကြည့်ရေးအဖွဲ့ တွေကို မဲလက်မှတ်ပုံနှိပ်ခြင်း အပါအဝင် ရွေးကောက်ပွဲ အကြိုကာလ လုပ်ငန်းတွေကို လေ့ လာစောင့်ကြည့်ခွင်ပြုတဲ့အချက်ဖြစ်ပါတယ်။

မဲလက်မှတ်ပုံနှိပ်မှုကို အနီးကပ်စောင့်ကြည့်တဲ့အဖွဲ့တွေထဲမှာ အမေရိကန်သမ္မတဟောင်း ကာတာ ရဲ့ အဖွဲ့က အင်အားအကောင်းဆုံးပဲ။ ကျွန်တော်ကိုယ်တိုင်လည်း ကာတာစင်တာ အဖွဲ့ တာဝန်ခံ တွေကို ရှင်းပြခဲ့ရတယ်။ ( ပုံ ၁ မှ ၄ အထိ )

ဒါ့အပြင် ပြန်ကြားရေးဝန်ကြီးဌာနကလည်း သတင်းမီဒီယာတွေကို မဲလက်မှတ်မှာ အသုံးပြုမယ့် စက္ကူအမျိုးအစား အပါအဝင် ပုံနှိပ်လုပ်ငန်းအဆင့်ဆင့်ကို ရှင်းလင်းတင်ပြခဲ့တယ်။ ( ပုံ ၅)

မဲလက်မှတ်တွေကို သက်ဆိုင်ရာမဲဆန္ဒနယ်တွေကို ပို့ဆောင်တဲ့လုပ်ငန်းကို ရွေးကော် ဒုညွန် ချုပ်က ဦးစီးလုပ်တယ်။ သက်ဆိုင်ရာစက်ရုံတွေမှာ ရွေးကော် ကိုယ်စားလှယ်တွေက လာ လက်ခံပြီး သက်ဆိုင်ရာဒေသတွေကို ဆက်ပို့တယ်။ စုစုပေါင်း ၁၆ ကြိမ် လွှဲပေးရတယ်။ လွှဲပေးတဲ့ အကြိမ်တိုင်းမှာ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်၊ မဲဆန္ဒနယ်အမည်၊ မဲလက်မှတ် အရေ အတွက် တွေကို မှတ်တမ်းထားရတယ်။ ပြန်ကြားရေးနဲ့ ရွေးကော် ကိုယ်စားလှယ်တွေ လက်မှတ် ထိုးရတယ်။

၂၀၂၀ ရွေးကောက်ပွဲ

၂၀၂၀ ရွေးကောက်ပွဲမှာတော့ ဦးလှသိန်းကော်မရှင်က ထုတ်ပြန်တဲ့ ရွေးကောက်ပွဲ လေ့လာသူတွေ လုပ်ဆောင်နိုင်တဲ့လုပ်ငန်းတွေမှာ မဲလက်မှတ်တွေရိုက်နှိပ်တာမပါတော့ဘူး။ အခေါ်အဝေါ်ကိုလည်း “ စောင့်ကြည့် လေ့လာသူ” အစား “လေ့လာသူ” လို့ပဲ သုံးတော့တယ်။ ( ပုံ ၆)

ပြည်တွင်း၊ပြည်ပ လေ့လာသူတွေ က မဲလက်မှတ်ရိုက်နှိပ်တာကို လေ့လာခွင့်မရသလို ကော်မရှင် နဲ့ ပြန်ကြားရေးဝန်ကြီးဌာနဘက်ကလည်း သီးခြားရှင်းလင်းပြောကြားမှုလုပ်တာမတွေ့မိဘူး။

အခု မဲလက်မှတ်အပိုတွေတွေ့တယ် ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကော်မရှင်အနေနဲ့ မဲဆန္ဒနယ် အလိုက် ပြန်ကြားရေးက မဲလက်မှတ် ဘယ်လောက်ရိုက်တယ်။ သက်ဆိုင်ရာမဲဆန္ဒနယ်ကို ဘယ်လောက် ပို့တယ် ဆိုတဲ့အချက်အလက်ကိုတွေကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေး သင့်တယ်။ ဒါ့အပြင် မဲလက်မှတ်တွေမှာ လ ျှို့ဝှက်ရေစာ အမှတ်အသားအပါအဝင် ဘယ်လို အမှတ်အသားတွေ ရိုက်နှိပ် ထားကြောင်း အသိပေးရပါ့မယ်။

အဲဒါဆိုရင် အငြင်းပွားနေတဲ့ မဲရုံတွေက မဲလက်မှတ်တွေကို အတု / အစစ် ခွဲရတာ၊ အပို အလို စိစစ်ရတာ လွယ်ကူ သွားမယ်လို့ထင်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: