လင်းယုန်နဲ့ နဂါးကြားက အိန္ဒိယ သမုဒ္ဒရာ

ဒီဇင်ဘာ ၈ ရက်နေ့က နေ ၁၀ ရက်နေ့အထိ အိန္ဒိယသမုဒ္ဒရာဒေသအတွင်း အမေရိကန် – တရုတ် အင်အားပြိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့ အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲတစ်ခု တက်ခဲ့ရတယ်။ လူ ရှစ်ဆယ်ကျော်ပါဝင်ဆွေးနွေးတဲ့အထဲမှာ မြန်မာနိုင်ငံက တပ်မတော်အရာရှိနှစ်ဦး၊ ပညာရေးဝန် ထမ်းတစ်ဦး တက်ရောက်တာလည်း တွေ့တယ်။ ဆွေးနွေးပွဲက အမေရိကန်နိုင်ငံရဲ့ အင်ဒို – ပစိဖိတ်မဟာဗျူဟာ နဲ့ တရုတ်နိုင်ငံရဲ့ အိန္ဒိယသမုဒ္ဒရာအတွင်း အင်အားတိုးချဲ့လာမှု တွေက ဒေသတွင်းနိုင်ငံတွေအပေါ် အကျိုးသက်ရောက်မှုအခြေအနေကို ဆွေးနွေးကြတာဖြစ်ပါတယ်။

အင်ဒို – ပစိဖိတ် ဆိုသည်မှာ

အင်ဒို – ပစိဖိတ်ဒေသဆိုတာက အာဖရိက တိုက် အရှေ့ဘက်ကမ်းခြေကနေ အမေရိကန်နိုင်ငံ အနောက်ဘက်ကမ်းခြေ အထိ ၊ တနည်းအားဖြင့် အိန္ဒိယသမုဒ္ဒရာ နဲ့ ပစိဖိတ်သမုဒ္ဒရာ နှစ်ခု ပေါင်းစပ်ထားတဲ့ ဒေသကြီးဖြစ်ပါတယ်။

ဒီဒေသမှာ ကမ္ဘာအင်အားအကြီးဆုံးတပ်မတော်ဆယ်ခု အနက် ခုနှစ်ခုရှိတယ်။ အနုမြူလက် နက်ပိုင်ဆိုင်တဲ့ နိုင်ငံ ခြောက်နိုင်ငံရှိတယ်။ ကမ္ဘာ့ လူဦးရေ အများဆုံးနိုင်ငံကြီးနှစ်နိုင်ငံရှိတယ်။ စီးပွား ရေးအရပြောရရင် ကမ္ဘာ့ ဂျီဒီပီ ၆၀% က အင်ဒို-ပစိဖိတ်ဒေသကဖြစ်တယ်။ ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်၊ တရုတ်နဲ့ ဂျပန်ရှိတယ်။ ထွန်းသစ်စ စီးပွားရေး အင် အားကြီးနိုင်ငံဖြစ်တဲ့ အိန္ဒိယရှိတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ အင်ဒို-ပစိဖိတ်ဒေသနိုင်ငံတွေ ကြား ကုန်သွယ်မှုတန်ဖိုးက ဒေါ်လာ ၂.၃ ထရီလျံရှိတယ်။ ကမ္ဘာ့ရေကြောင်းကုန်သွယ်မှုရဲ့ သုံးပုံတစ်ပုံက တောင်တရုတ်ပင် လယ် နဲ့ ၆၀% က အာရှဒေသကို ဖြတ်သန်းသွားရတယ်။ ကမ္ဘာပေါ်မှာ သဘောၤဝင်ထွက်အများဆုံး ဆိပ်ကမ်း ဆယ်ခုအနက် ကိုးခုရှိတယ်။ ဒီကိန်းဂဏန်းတွေက အင်ဒို – ပစိဖိတ်ဒေသရဲ့ မဟာဗျူဟာအရအရေးပါမှုကို ဖော်ပြနေတာ ဖြစ်ပါတယ်။

အင်ဒို-ပစိဖိတ်ဆိုတဲ့စကားကို စသုံးခဲ့တာက ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးပါ။ ၂၀၀၇ ခုနှစ် အိန္ဒိယ ပါလီမန်မှာ မိန့်ခွန်းပြောတဲ့အခါ ပစိဖိတ်သမုဒ္ဒရာနဲ့ အိန္ဒိယသမုဒ္ဒရာကို ဆက်စပ်ပြီးလုံခြုံရေးနယ် ဝန်း အဖြစ်ပြောခဲ့တယ်။ သူ့အယူ အဆအရ ဂျပန်၊ အိန္ဒိယ နဲ့ သြစတေးလျသုံးနိုင်ငံဟာ တရုတ် စစ်အင်အားကြီးထွားလာ မှုကို တန်ပြန်နိုင်ဖို့ ပူးပေါင်း ဆောင်ရွက်ရ မှာဖြစ်ပါ တယ်။ဒါပေမယ့် အာဘေး ဝန်ကြီးချုပ် အဖြစ်ကနေ အနားယူလိုက်တော့ ဒီအယူအဆကိုဆက်အကောင်အထည်မဖော်နိုင်တော့ဘူး။

၂၀၁၂ ခုနှစ်မှာ အာဘေး ဝန်ကြီးချုပ်ပြန်ဖြစ်တော့ အမေရိကန်၊ ဂျပန်၊ အိန္ဒိယ၊ သြစတေးလျ ပူး ပေါင်းပြီး “ အာရှဒီမိုကရေစီလုံခြုံရေးစိန်ပွင့်” (“Asia’s democratic security diamond”) အဖြစ် နဲ့ အင်ဒို-ပစိဖိတ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကိုဆောင်ရွက်ရမယ်ဆိုတဲ့ အယူ အဆကို ထပ်ပြီး ဖော်ထုတ်လာတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒါဟာ တရုတ်နိုင်ငံကို အင်အားထိန်းညှိဖို့ အတွက် အာရှအင်အားကြီးဒီမိုကရေစီနိုင်ငံတွေနဲ့ အမေရိကန် ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်း လိုက်တာပဲဖြစ်ပါတယ်။

အမေရိကန်သမ္မတ ထရမ့် က အဲဒီအယူအဆကိုလက်ခံခဲ့ပြီး ၂၀၁၇ ခုနှစ် အမေရိကန်အမျိုးသား လုံခြုံရေးမဟာဗျူဟာစာတမ်းမှာ အင်ဒို – ပစိဖိတ်ဒေသ ဆိုတဲ့စကားကို သုံးခဲ့တယ်။ ၂၀၁၉ ခုနှစ် မှတော့ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာနက အင်ဒို – ပစိဖိတ်ဒေသ မဟာဗျူ ဟာ နဲ့ပတ်သက်တဲ့စာတမ်းတွေ ထုတ်ပြန်ခဲ့တယ်။ အဲဒီမဟာဗျူဟာရဲ့ အဓိက ရည်ရွယ်ချက် ကတော့ တရုတ်နိုင်ငံရဲ့ စီးပွားရေး၊ စစ်ရေးအင်အားကြီးမားလာမှုနဲ့ သြဇာချဲ့ထွင်လာမှုကို ဒေသ တွင်းနိုင်ငံများနဲ့ ပူးပေါင်းပြီး တန်ပြန်ဆောင်ရွက်နိုင်ဖို့ပဲဖြစ်ပါတယ်။

အိန္ဒိယသမုဒ္ဒရာဒေသ

အိန္ဒိယသမုဒ္ဒရာဒေသမှာ ကုန်းမြေနိုင်ငံနဲ့ ကျွန်းနိုင်ငံပေါင်း ၃၈ ခုရှိတယ်။ အဲဒီအထဲမှာ မြန်မာအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံ ၅ နိုင်ငံ အပါအဝင် အာရှ ၂၂ နိုင်ငံပါတယ်။ တရုတ်နိုင်ငံကို ပို့တဲ့ရေနံ ၈၀% က က အိန္ဒိယသမုဒ္ဒရာနဲ့ မလက္ကာ ရေလက်ကြားကို ဖြတ်သန်းသွားတယ်။

အိန္ဒိယသမုဒ္ဒရာက ၁၅ ရာစုက စပြီး ပေါ်တူဂီ၊ ဒတ်ချ် နဲ့ အင်္ဂလိပ်တို့ အင်အားပြိုင်တဲ့နေရာ ဖြစ်ခဲ့တော့ ကုန်သွယ်ရေကြောင်းအင်အားကြီးနိုင်ငံဖြစ်လာရင် အိန္ဒိယသမုဒ္ဒရာကို သြဇာ ချဲ့ထွင်နိုင်ဖို့ ကြိုးစားတာ အစဉ်အလာဖြစ်နေပါပြီ။ ဒါ့ကြောင့်လည်း ၂၁ ရာစုမှာ အမေရိကန် နဲ့ တရုတ် အင်အားပြိုင်တဲ့နေရာဖြစ်လာတာ မထူးဆန်းဘူးလို့ဆိုရမှာပါ။

တရုတ်သဘောထား

တရုတ်ကတော့ ၂၀၀၇ ခုနှစ် အာဘေး မိန့်ခွန်း ပြောပြီးချိန်ထဲက အင်ဒို -ပစိဖိတ် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဆိုတာဟာ တရုတ်နိုင်ငံကို ထိန်းချုပ်ရေး မဟာဗျူဟာ လို့မြင်တဲ့အတွက် အမြဲတမ်းကန့်ကွက်ခဲ့တယ်။ တရုတ်ခေါင်းဆောင်တွေက အမေရိကန်ဟာ စစ်အေးတိုက်ပွဲ ကာလက ဆိုဗီယက်ကို ဝိုင်းပတ်ပိတ်ဆို့ထားသလို တရုတ်နိုင်ငံကိုလည်း အိန္ဒိယ ဂျပန် သြစတေးလျ နိုင်ငံတွေကို အခြေခံပြီး ဝိုင်းပတ်ပိတ်ဆို့ဖို့ကြိုးစားနေတယ်လို့ ရှုမြင်ခဲ့ တယ်။

တရုတ်နိုင်ငံက အင်ဒို – ပစိဖိတ်ဒေသ ဆိုတဲ့ အယူအဆကိုလက်မခံဘူး။ တရုတ်က အာရှ – ပစိဖိတ်ဒေသက သတ်သတ်၊ အိန္ဒိယသမုဒ္ဒရာဒေသက သတ်သတ်လို့ခံယူတယ်။ အာရှ – ပစိဖိတ် ဒေသ မှာ ပထမကျွန်းတန်း ( first island chain) လို့ခေါ်တဲ့ ဂျပန်ကျွန်းစု ၊ တိုင်ဝမ် ကျွန်း၊ ဖိလစ်ပိုင်ကျွန်းစုတွေပါဝင်တဲ့ဒေသ ၊ နောက်အဲဒီဒေသနဲ့ဆက်စပ်နေတဲ့ တောင်တရုတ် ပင်လယ် တို့ က တရုတ်နိုင်ငံရဲ့ နယ်မြေပိုင်ဆိုင်မှု နဲ့ လွတ်လပ်စွာ ရေကြောင်း ကုန်သွယ်နိုင်မှုတွေကို တိုက်ရိုက်ခြိမ်းခြောက်နိုင်တဲ့ ဒေသ တနည်းအားဖြင့် တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေး အကျိုးစီးပွားရှိရာဒေသလို့ သတ်မှတ်ထား တယ်။ ( ပုံ ၁ )

အိန္ဒိယသမုဒ္ဒရာဒေသ ကိုတော့ စီးပွားရေးနဲ့ ကုန်သွယ်ရေးအကျိုးစီးပွားရှိရာဒေသအဖြစ် သတ် မှတ်ထားတယ်။ ဒီဒေသမှာ စစ် အင်အားတိုးချဲ့ဖို့ရည်ရွယ်ချက်မရှိဘူးလို့ ဆိုတယ်။

ဒေသတွင်းနိုင်ငံများအမြင်

အိန္ဒိယ သမုဒ္ဒရာဒေသတွင်းမှာရှိတဲ့ နိုင်ငံအများစုအနေနဲ့ကတော့ တရုတ်နိုင်ငံ အင်အားကြီးမား လာမှုကို စိုးရိမ်တယ်။ အထူးသဖြင့်တောင်တရုတ်ပင်လယ်အရေးမှာ ငြိမ်းချမ်းစွာဖြေရှင်းရမယ့် အစား အင်အားသုံးပြီးဆောင်ရွက်လာတဲ့အချက်နဲ့ အဲဒီအခြေအနေကို တားဆီးဖို့အတွက် အမေရိကန်နိုင်ငံဘက်က ထိထိရောက်ရောက် မဆောင်ရွက်နိုင်တဲ့ အခြေအနေ ကို မြင်ပြီးတဲ့နောက် စိုးရိမ်မှုတွေပိုများလာတာဖြစ်တယ်။

ဒါပေမယ့် တစ်ဖက်မှာလည်း ဒေသတွင်းနိုင်ငံအများစုမှာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက် ရေးအတွက် တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေလိုအပ်သလို တရုတ်နိုင်ငံနဲ့ကုန်သွယ်ရေးက နိုင်ငံစီးပွားရေးအတွက်အရေးကြီးတဲ့အခန်းကဏ္ဍမှာရှိတယ်။ တရုတ်နိုင်ငံရဲ့ ဒေသတွင်း ပြိုင်ဘက် လို့ဆိုရမယ့် အိန္ဒိယနိုင်ငံတောင် ၂၀၁၉ မှာ တရုတ်နဲ့ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးက ဒေါ်လာ ၉ ၂ ဘီလျံ ကျော်ရှိတယ်။

ဒေသတွင်းနိုင်ငံအများစုကတော့ အမေရိကန် တရုတ် ပြိုင်ဆိုင်မှုက ဒေသတွင်း စီးပွား ရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အင်ဂျင်နှစ်လုံးဖြစ်စေချင်တယ်။ နှစ်နိုင်ငံကြား အင်အားချိန်ခွင်လ ျှာ ညီမ ျှနေပြီး ဒေသ တွင်း တည်ငြိမ်မှုအတွက် ဒေါက်တိုင်နှစ်ချောင်းဖြစ်စေချင်တယ်။
အမေရိကန် တရုတ်အားပြိုင်မှုက စစ်ရေး အရ ထိပ်တိုက်ရင်ဆိုင်မယ့်အခြေအနေကို ရောက်သွားမှာ၊ ဒေသတွင်းနိုင်ငံတွေအနေနဲ့ အမေရိကန် ကိုရွေးမလား၊ တရုတ်ကို ရွေးမလားဆိုတဲ့အခြေအနေ ရောက်သွားမှာကိုလည်း စိုးရိမ်ကြတယ်။

အိန္ဒိယ နိုင်ငံဘက်က ကြည့်ရင်တော့ တရုတ် ပါကစ္စတန် စီးပွားရေးစင်္ကြန် ( CPEC ) ရဲ့ Gwadar ရေနက်ဆိပ်ကမ်း ၊ တရုတ် မြန်မာ စီးပွားရေးစင်္ကြန် ( CMEC ) ရဲ့ ကျောက်ဖြူရေနက်ဆိပ် ကမ်း နဲ့ သီရိလင်္ကာမှာရှိတဲ့ Hambantota ရေနက်ဆိပ်ကမ်းတွေက အိန္ဒိယနိုင်ငံ ကို ဝိုင်းပတ်ထား သလို ဖြစ်နေတဲ့အပေါ် စိုးရိမ်မှုတွေရှိနေပါတယ်။ ဒီဆိပ်ကမ်းတွေဟာ တရုတ်ရေတပ် အခြေစိုက်စခန်း တွေဖြစ်လာဖို့ အလား အလာနည်းပါးပေမယ့် တရုတ်ရေတပ်သဘောၤတွေ ဆိုက်ကပ်ခွင့်၊ လောင်စာဆီနဲ့ အခြား အုပ်ချုပ်ထောက်ပံ့မှုလိုအပ်ချက်တွေ ဖြည့်ဆည်းခွင့်ရနိုင်တဲ့ အလားအလာ ရှိနေတာက အမေရိကန်နဲ့ အိန္ဒိယအတွက် စိတ်ပူစရာဖြစ်နေတယ်။

အာဆီယံ အတွက်ဆိုရင်လည်း အမေရိကန်ရဲ့ အင်ဒို – ပစိဖိတ်မဟာဗျူဟာက ခေါင်းကိုက်စရာ ဖြစ်ခဲ့တယ်။ အာဆီယံနိုင်ငံတွေက ပစိဖိတ် သမုဒ္ဒရာ နဲ့ အိန္ဒိယသမုဒ္ဒရာ နှစ်ခု အလယ်တည့် တည့်မှာရှိနေတယ်။ နောက်ပြီး ဒီသမုဒ္ဒရာနှစ်ခုကို ဆက်သွယ်ထားတဲ့ မဟာဗျူဟာအရ အရေး ပါတဲ့ ရေလက်ကြားတွေကလည်း အာဆီယံဒေသတွင်းမှာရှိနေတယ်။ ( ပုံ ၂ နဲ့ ၃ )

ဒါ့ကြောင့် အမေရိကန်ကလည်း သူ့ရဲ့ အင်ဒို – ပစိဖိတ်မဟာဗျူဟာမှာ ပါဝင်ဖို့ တိုက်တွန်း တယ်။ တရုတ်ကလည်း အင်ဒို – ပစိဖိတ်ဒေသ ဆိုတဲ့အယူအဆကို လက်မခံဖို့ တွန်းအားပေးတယ်။ နောက်ဆုံး အာဆီယံခေါင်းဆောင်တွေတိုင်ပင်ပြီး ၂၀၁၉ ခုနှစ် ဇွန်လမှာ “ အင်ဒို – ပစိဖိတ် ဒေသနှင့်ပတ်သက်သည့် အာဆီယံအမြင် ASEAN Outlook on the Indo-Pacific” ကို ထုတ်ပြန်ခဲ့ရတယ်။

အဲဒီကြေညာချက် အကျဉ်းချုပ်သဘောက အာဆီယံက အင်ဒို ပစိဖိတ် ဒေသကို အမေရိကန် တွေမြင်သလို တစ်ဆက် တစ်စပ်တည်းဒေသအဖြစ်မမြင်ဘူး၊ အပြန်အလှန်ဆက်နွယ် နေတဲ့ဒေသအဖြစ် ရှုမြင်တယ်။ ဒ့ါကြောင့် အင်အားပြိုင်ဆိုင်မှုထက် ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန်ညှိနှိုင်းမှုကို မြှင့်တင်ရမယ်၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ချမ်းသာကြွယ်ဝမှုကို မြှင့် တင်ရမယ်။ အဲဒီလိုလုပ်နိုင်ဖို့ အာဆီယံရဲ့ ဗဟိုအချက်အခြာကျမှုကို အသုံးပြုရမယ်လို့ ဆိုလိုတာပါပဲ။

အဓိကကတော့ အာဆီယံက ဘယ်ဘက်ကိုမှ မလိုက်ဘူးဆိုတဲ့ ရပ်တည်ချက်ကို အင်အားကြီး နှစ်နိုင်ငံကို အသိပေးလိုက်တာပါပဲ။

ဘာဆက်ဖြစ်မလဲ

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန် အနိုင်ရလိုက်ပေမယ့် အင်ဒို ပစိဖိတ်ဒေသမှာ တရုတ်နိုင်ငံကို မဟာဗျူဟာ ပြိုင်ဘက်အဖြစ် သတ်မှတ်ထားတဲ့ အချက်ကတော့ ပြောင်းလဲ သွား မှာမဟုတ်ဘူးဆိုတာ ပြီးခဲ့တဲ့ လေးနှစ်အတွင်းမှာ ထရမ့်ရဲ့ အင်ဒို ပစိ ဖိတ် ဒေသနဲ့ ပတ်သက်တဲ့ဥပဒေကြမ်းတွေကို ပါတီနှစ်ခုလုံးက ထောက်ခံအတည်ပြုပေးခဲ့တာကို ကြည့် ရင် မှန်းဆလို့ရတယ်။

ဒါ့ကြောင့် အင်ဒို ပစိဖိတ်ဒေသမှာ အမေရိကန် တရုတ် အင်အားပြိုင်ဆိုင်မှုက ဆက်ရှိနေမှာ သေချာတယ်။ မြန်မာနိုင်ငံအပါအဝင် အန္ဒိယ သမုဒ္ဒရာ ဒေသ နိုင်ငံများ အနေနဲ့ အမေရိကန် ဒါမှမဟုတ် တရုတ် တစ်ဘက်ဘက်ကို ရွေးရတဲ့အခြေအနေမရောက်ပါစေနဲ့လို့ ဆုတောင်း ဖို့ပဲရှိတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: