အရှိန်လျော့သွားပြီလား ပိုးလမ်းမ

၂၀၁၇ ခုနှစ် မေလ ၁၄ ရက်နေ့မှာ တရုတ်သမ္မတ ရှီကျင်းဖျင်က နိုင်ငံ့ခေါင်းဆောင်သုံးဆယ်နီးပါး နဲ့ နိုင်ငံပေါင်း ၁၃၀ ကျော်က ကိုယ်စားလှယ်အဖွဲ့တွေတက်ရောက်တဲ့ ၂၁ ရာစု ပိုးလမ်းမသစ် နိုင်ငံတကာအစည်းအဝေး ( The Belt and Road Forum for International Cooperation) မှာ အဖွင့်မိန့်ခွန်းပြောခဲ့တယ်။ အဲဒီအခမ်းအနားမှာ သမ္မတ ရှီက ပိုးလမ်းမသစ် အခြေခံ အဆောက်အအုံတည်ဆောက်ရေး စီမံကိန်းတွေအတွက် ဖွံ့ဖြိုးရေးချေးငွေ ဒေါ်လာ တစ်ထရီလျံ နီးပါး အသုံးပြုမယ်လို့ကြေညာခဲ့ပြီး ပိုးလမ်းမ သစ် စီမံကိန်းကို “ ၂၁ ရာစု အထူူးခြားဆုံး စီမံကိန်း” လို့ မှတ်ချက်ပေးခဲ့တယ်။

သူပြောတာလည်း မမှားဘူး။ ပိုးလမ်းသစ်စီမံကိန်းက ငွေကြေးဖောင်းပွမှုတွေကိုထည့်တွက်ရင် တောင် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံး ဖွံ့ဖြိုးရေးစီမံကိန်း လို့ ပြောရမယ့် အမေရိကန်တွေရဲ့ ဥရောပတိုက်ပြန်လည်ထူထောင်ရေး မာရှယ်စီမံကိန်းထက် ခုနှစ်ဆ များတယ်။

တရုတ်နိုင်ငံရဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးစီမံကိန်းတွေအတွက်လိုအပ်တဲ့ငွေကြေးကို အဓိက ထုတ်ချေး တာကတော့ တရုတ်အစိုးရရဲ့ အဓိက ဘဏ်ကြီးနှစ်ခုဖြစ်တဲ့ China Development Bank နဲ့ Export-Import Bank of China ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၆ ခုနှစ် ကြားမှာ ဒီဘဏ် နှစ်ခုရဲ့ နိုင်ငံ တကာ ချေးငွေက ဒေါ်လာ ၄၆၂ ဘီလျံရှိခဲ့တယ်။ ဒါဟာ အဲဒီကာလအတွင်း ကမ္ဘာ့ဘဏ်က ထုတ်ချေး ခဲ့တဲ့ ချေးငွေ ၄၆၇ ဘီလျံထက် မဆိုစလောက် ပဲနည်းတယ်။ ဒါပေမယ့် ဘော်စတွန်တက္ကသိုလ် Global Development Policy Centerရဲ့ တွေ့ရှိချက်အရဆိုရင် ဒီဘဏ် နှစ်ခုရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေးချေးငွေက ၂၀၁၉ ခုနှစ်မှာ ဒေါ်လာ ၄ ဘီလျံပဲ ရှိတော့တယ်လို့ ဆိုတယ်။ ( ပုံ ၁ )

အဲဒီတွေ့ရှိချက်ကြောင့် တရုတ်နိုင်ငံရဲ့ နိုင်ငံတကာချေးငွေတွေဟာ ကြွေးဆုံး အန္တရာယ်နဲ့ ရင် ဆိုင်နေရပြီး ပိုးလမ်းမသစ် စီမံကိန်းအတွက်ချေးငွေတွေကို ပြန်လည်သုံးသပ်နေရပြီလားဆို တဲ့ မှန်းဆချက်တွေပေါ်ထွက်လာခဲ့တယ်။

ဝါရှင်တန်အခြေစိုက် CSIS သုတေသနအဖွဲ့က ပညာရှင် ဟီလ်မန်းကတော့ တရုတ် အနေနဲ့ ကြွေးဆုံးမယ့်အခြေအနေမှာရှိနေတဲ့ နိုင်ငံတွေနဲ့ ကြွေးမြီသက်သာခွင့်တွေ ဆွေးနွေးရဖို့ လို တယ်။ အဲဒီလိုမလုပ်နိုင်ရင် တရုတ်ဘဏ်တွေ ပြဿနာတက်လိမ့်မယ်လို့ပြောခဲ့တယ်။

တစ်ချို့နိုင်ငံတွေရဲ့ ကြွေးမြီအခြေအနေက ဟီလ်မန်းပြောသလိုပဲ အခြေအနေအတော်ဆိုး နေတယ်။ ဗင်နီဇွဲလားနိုင်ငံဆိုရင် ၂၀၀၇ နဲ့ ၂၀၁၃ ကြားမှာ တရုတ်နိုင်ငံကနေ ဒေါ်လာ ၄၀ ဘီလျံ ချေးယူခဲ့တယ်။ ၂၀၁၃ နောက်ပိုင်းမှာ အရင်ကြွေးတွေကို ပြန်မဆပ်နိုင်တဲ့အပြင် စီးပွား ရေးကျဆင်းနေတာကို ကုစားနိုင်ဖို့အတွက်နောက်ထပ် ၂၀ ဘီလျံထပ်ချေးခဲ့ရတယ်။ လက်ရှိ အချိန်မှာ ဗင်နီဇွဲလားနိုင်ငံရဲ့ ပြည်ပကြွေးက ဒေါ်လာ ၁၅၀ ဘီလျံရှိနေပြီး တရုတ်အကြွေးက အများဆုံးဖြစ်နေတယ်။ ဒါ့အပြင် တရုတ်ဟာ ၂၀၂၀ ထဲမှာ နိုင်ငံ ၁၂ နိုင်ငံနဲ့ ဒေါ်လာ ၂၈ ဘီလျံ တန်းဖိုးရှိတဲ့ကြွေးမြီတွေကို ပြန်လည်ညှိနှိုင်းနေရတယ်လို့ သတင်းတွေကဆိုတယ်။

ဘေ့ာစတွန်တက္ကသိုလ်ရဲ့ လေ့လာတွေ့ရှိချက်ကို လူတိုင်းက သဘောတူတာတော့မဟုတ်ဘူး။ Diplomat မဂ္ဂဇင်းမှာဆောင်းပါးရှင် Tristan Kenderdine က တရုတ် နိုင်ငံက ပိုးလမ်းမသစ် စီမံကိန်းအတွက်ချေးငွေတွေကို လေ ျှာ့ချလိုက်တာမဟုတ်ဘူး။ ငွေချေး တဲ့ စနစ်ပြောင်းလိုက် တာဖြစ်တယ်။ ပိုးလမ်းမသစ်စီမံကိန်းအတွက်ချေးငွေတွေမှာ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်း (SOE)တွေ၊ အခြားဘဏ်တွေ နဲ့ နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များအရ ထောက်ပံ့တာတွေကို ဘော်စတွန်တက္ကသိုလ်က ထည့်တွက်မထားဘူးလို့ ဆိုတယ်။

Tristan Kenderdine က သာဓကအဖြစ် ကာဇက်စတန်နိုင်ငံကို ဥပမာပေးထားတယ်။ ဘော စတွန် တက္ကသိုလ်ရဲ့ တွေ့ရှိချက်အရ ကာဇက်စတန်နိုင်ငံကို ၂၀၀၈ ခုနှစ်ကနေ ၂၀၁၉ ခုနှစ် အတွင်း ဒေါ်လာ ၅.၇ ဘီလျံချေးခဲ့တယ်လို့ဆိုတယ်။ ဒါပေမယ့် တရုတ်-ကာဇက်စတန်နိုင်ငံ သဘောတူညီချက်အရ ပိုးလမ်းမစီမံကိန်း အခြေခံအဆောက်အအုံတည်ဆောက်ရေး စီမံကိန်း ၅၆ ခု ဒေါ်လာ ၂၄. ၅၂ ဘီလျံဖိုးလုပ်ဆောင်နေတာကို ထည့်တွက်ဖို့ကျန်နေခဲ့တယ်။ အဲဒီလို ပဲ ဘော်စတွန်တက္ကသိုလ်က အာရှအလယ်ပိုင်းဒေသအတွက် တရုတ် ချေးငွေက ၁၉ .၃ ဘီလျံ ပဲရှိတယ်လို့ ဆိုပေမယ့် လက်တွေ့မှာ အနည်းဆုံးဒေါ်လာ ၄၁ ဘီလျံကျော်ချေးထားတယ်။

ပိုးလမ်းမသစ်စီမံကိန်းဟာ သမ္မတ ရှီကျင်ဖျင်ရဲ့ စီမံကိန်းဖြစ်တဲ့အတွက် အရှိန်လျော့သွားဖို့ အကြောင်းမရှိဘူး။ ဒါပေမယ့် တရုတ်အစိုးရကိုယ်တိုင်က ပိုးလမ်းမသစ် စီမံကိန်းချေးငွေ တွေ နဲ့ပတ်သက်ပြီး ပိုပြီး ချင့်ချင့်ချိန်ချိန်ဆောင်ရွက်လာတော့အမှန်ပဲ။

ဒီလိုဆောင်ရွက်လာရတဲ့ ပထမအချက်ကတော့ အမေရိကန်နိုင်ငံက တရုတ်နိုင်ငံရဲ့ “ကြွေးမြီ ထောင်ချောက် ” ဆိုတဲ့ စကားလုံး နဲ့ ပိုးလမ်းမသစ်စီမံကိန်းအပါအဝင် တရုတ်နိုင်ငံရဲ့ နိုင်ငံ ဖွံ့ဖြိုးရေးစီမံကိန်းတွေကို ဝါဒဖြန့်တိုက်ခိုက်လာတဲ့အတွက်ဖြစ်တယ်။ ဒါ့ကြောင့် ချေးငွေများ နဲ့ ပတ်သက်ရင် တရုတ်ဘက်က စီမံကိန်းရဲ့ အကျိုးအမြတ်နဲ့ သက်ဆိုင်ရာနိုင်ငံရဲ့ ပြန်လည်ပေးဆပ်နိုင်စွမ်းကို ပိုပြီး တွက်ချက်လာတယ်။ သဘာဝပတ်ကျင်ထိခိုက်နိုင်မှုကို ထည့်စဉ်းစားလာတယ်။ အရင်လို နိုင်ငံရေးမဟာမိတ်ဖြစ်လို့၊ ပထဝီနိုင်ငံရေးအရ လိုအပ်လို့ ဆိုပြီး ပုံအော ချေးတာမျိုး မလုပ်တော့ဘူး။

ဒုတိယအချက်ကတော့ ကိုဗစ် ၁၉ နဲ့ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကြောင့် ပြောင်းလဲလာတဲ့ ကမ္ဘာ့စီးပွားရေးအခြေအနေ၊ ပြည်တွင်းစီးပွားရေးအခြေအနေများနဲ့ ပြန်လည် ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်တဲ့အတွက်ဖြစ်တယ်။ ပြီးခဲ့တဲ့အောက်တိုဘာ ၂၆ ရက်ကနေ ၂၉ ရက်နေ့အထိ ကျင်းပခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးမှာ သမ္မတ ရှီက စီးပွားရေးအရ ဆုံးရှုံးနိုင်မှုတွေကို ကာကွယ်ရမယ်၊ လေ ျှာ့ချရမယ်။ နိုင်ငံတကာအခြေအနေတွေ ကြောင့်ဖြစ်ပေါ်လာရတဲ့စိန်ခေါ်မှုတွေကို ထက်ထက်မြက်မြက်တုန့်ပြန်ဆောင်ရွက်ရမယ်လို့ ပြောခဲ့တယ်။

အဲဒီဗဟိုကော်မတီအစည်းအဝေးက ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်း ( ၂၀၂၁ – ၂၀၂၅) ကို အတည်ပြုခဲ့တယ်။ အဲဒီငါးနှစ်စီမံကိန်းရဲ့ ထူးခြားချက်ကတော့ အရင်လို တစ်နှစ်ကို ဂျီဒီပီ ဘယ်နှစ်ရာခိုင်နှုန်းတိုးရမယ်ဆိုတာက အဓိက မဟုတ်တော့ဘူး။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နဲ့ ပတ်သက်ရင် အရေအတွက် ထက် အရည်အသွေးကို ပိုပြီး ဦးစားပေးမယ်လို့ဖော်ပြခဲ့တယ်။ အဲဒါ အပြင် ပြည်ပဈေးကွက်ကို ဦးစားပေးသလို ပြည်တွင်းဈေးကွက်ကို ဦးစားပေးမယ်၊ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုကို ဦးစားပေးမယ်လို့ သတ်မှတ်ခဲ့တယ်။ ဒီမူဝါဒဟာ နိုင်ငံတကာချေးငွေတွေ အပေါ်မှာလည်း သက်ရောက်မှုရှိနိုင်တယ်။

ပြန်ချုပ်လိုက်ရင်တော့ ပိုးလမ်းမသစ် စီမံကိန်းက အရှိန်မကုန်ပါဘူး။ ဒါပေမယ့် လက်ဖွာဖွာနဲ့ ငွေ ထုတ်ချေး တဲ့ခေတ်ကုန်သွားပြီလို့တော့ ပြောလို့ရပါတယ်။

ကိုးကား

၁။ Speech by H.E. Xi Jinping , President of the People’s Republic of China
At the Opening Ceremony of The Belt and Road Forum for International Cooperation
14 May 2017, Xinhua News Agency .
၂။ Financial Times, 12 December 2020.
၃။ Diplomat , 12 December 2020.
၄။ China Briefing, 12 November 2020.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: