သတင်းစာသမား

သတင်းစာလောကမှာ နှစ်ပေါင်းခြောက်ဆယ်ကျော် လုပ်ကိုင်ဖို့ဆိုတာ လွယ်တဲ့ အလုပ်မဟုတ် ဘူး။ ဒါပေမယ့် သတင်းစာအယ်ဒီတာလည်းမဟုတ်၊ သတင်းစာဆရာလည်းမဟုတ်၊ ပုံနှိပ်စက် ဆရာလည်း မဟုတ်တဲ့ သူလိုလူ လူတစ်ယောက် သတင်းစာလောကမှာ နှစ်ပေါင်းခြောက်ဆယ် ကျော် လှုပ်ရှားလုပ်ကိုင်နေတာကို သတိပြုမိသူ၊ အသိအမှတ်ပြုမယ့်သူလည်းမရှိပါဘူး။

သူ့ကို သတင်းစာလောကထဲရောက်အောင်ပို့ခဲ့တာတော့ သူ့ဆရာတော်ပဲ။ သူူ့ဇာတိက မော်လမြိုင်၊ မိဘတွေက လက်လုပ်လက်စား၊ သူ့ကိုမွေးတာက ၁၉ ၄၂ ခုနှစ် ၊ ခေတ်မပျက်ခင် လေးပေါ့။ ငယ်ငယ်က ဘုန်းကြီးကျောင်းသားဘ၀ နဲ့ နေခဲ့ရချိန်မှာ သူ့ဆရာတော်က သတင်းစာပုံမှန်ယူတယ်။ ထူးခြားတဲ့သတင်းတွေဆိုရင် ကိုရင်တွေ၊ ကျောင်းသားတွေကို ဖတ်ပြတယ်။ စစ်ပြီးခေတ်က သတင်းစာတစ်စောင်မှ တစ်မတ်ပဲပေးရ တယ်။

ဆရာတော် သတင်းစာဖတ်ပြတဲ့အခါတိုင်း သတင်းစာဆိုတာ တန်ဖိုးရှိတယ်။ သတင်းစာ ထုတ်တဲ့ လူတွေကိုလည်းကျေးဇူးတင်ဖို့ကောင်းတယ်၊ ငွေတမတ်နဲ့ တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံးက အကြောင်းတွေသိရတယ်လို့ ပြောလေ့ရှိတယ်။ ဆရာတော့်စကားကို အမြဲကြားနေရတော့ စတုတ္ထ မဏ္ဍိုင်တွေ ဘာတွေသိလို့တော့မဟုတ်ဘူး။ သတင်းစာဖတ်တာကောင်းတယ်။ သတင်းစာ ထုတ်တဲ့ သူတွေကိုကျေးဇူးတင်ရမယ်ဆိုတာ စိတ်ထဲစွဲနေတယ်။

သူအသက် ၁၅ နှစ်မှာ အလုပ်လုပ်မယ်ဆိုပြီး ရန်ကုန်ကို ထွက်လာတယ်။ ရန်ကုန်ဘူတာကြီး ရောက်တော့ အိပ်ထဲမှာ ငွေတစ်ကျပ်ခွဲပဲပါတယ်။ အဖေ၊ အမေကို ထောက်ပံ့ချင်လို့သာ ထွက် လာတာ ရန်ကုန်မှာ အသိမရှိဘူး။ ဘုန်းကြီးကျောင်းမှာတည်းမယ်၊ အလုပ်ရှာမယ်ဆိုတဲ့စိတ်ပဲ ရှိတယ်။ ကံကောင်းချင်တော့ ရန်ကုန်ရောက်တဲ့နေ့ပဲ အနော်ရထာလမ်းပေါ်မှာ လေ ျှာက်သွားရင်း နဲ့ ဖိနပ်တွေတင်လာတဲ့ တွန်းလှည်းတစ်စီး ဘီးပြုတ်ပြီး ဒုက္ခရောက်နေတာတွေ့လိုဝင်ကူညီပေး ရင်းနဲ့ ဖိနပ်လုပ်ငန်းရှင်က သဘောကျသွားပြီး ခေါ်သွားတယ်။ သူတို့ဆိုင်က ၃၅ လမ်းထိပ် မှာ ရှိတယ်။ လမ်းထဲမှာ အလုပ်ရုံရှိတယ်။ ပထမတော့ လခမရဘူး၊ ထမင်း ကျွေး၊နေစရာပေးပေါ့။ နောက်တော့ တစ်လ နှစ်ဆယ်ကျပ်ပေးတယ်။

ဖိနပ်ဆိုင်မှာလုပ်ရင်းနဲ့ တစ်နှစ်လောက်ကြာတော့ အပိုဝင်ငွေရအောင် အလုပ်တစ်ခုလုပ်မယ်လို့ စဉ်းစားတော့ ဆရာတော် ပြောတဲ့စကားကို သတိရပြီး သတင်းစာပို့တဲ့အလုပ်ဝင်လုပ်တယ်။ အဲဒီ ခေတ်က သတင်းစာတွေက မနက်နှစ်နာရီဆိုရင် စဖြန့်ပြီ။ ဒီတော့ မနက်ပိုင်းသတင်းစာပို့ ပြီးမှ ဆိုင်အလုပ်လုပ် လို့ရတယ်။ ကျောင်းသားတွေ၊ ရုံးဝန်ထမ်းတွေတောင် မနက်ပိုင်းသတင်းစာပို့ ပြီး အပိုဝင်ငွေရှာကြတယ်။ ဒီဘက်ခေတ်မှာတော့ အစိုးရသတင်းစာတွေက တစ်ခါတစ်လေ ထွက် ချိန်နောက်ကျတယ်။ မမှန်တော့ဘူး။

အဲဒီခေတ်က သတင်းစာတစ်စောင်ကို ၁၅ ပြားနဲ့ယူရတယ်။ ပြန်ရောင်းတော့ ၂၅ ပြား (တစ်မတ်)၊ ဖြန့်တာကလည်း အခုခေတ်လို့ ကိုယ့်မြို့နယ်နဲ့ ကိုယ်မဟုတ်သေးဘူး။ မြို့အနှံ့လက်ပွေ့လိုက် ရောင်းရင်း ဖောက်သည်ဖြစ်သွားတဲ့သူဆီ ပုံမှန်ပို့ပေးတာပဲ။ သူဆိုရင် ကျောက်တံတား၊ ပန်းဘဲ တန်းကနေ လမ်းမတော်၊ အလုံအထိ ပို့ခဲ့ဖူးတယ်။ တစ်နေ့ကို အစောင်တစ်ရာလောက်ပို့ရတယ်။ အဲဒီအချိန်က ငွေတန်ဖိုးရှိတော့ အဖေနဲ့ အမေကို ကောင်းကောင်းထောက်ပံ့နိုင်တယ်။

၁၉ ၆၇ ခုနှစ်ကျတော့ သူ့အလုပ်ရှင်တွေ ဆိုင်ပိတ်ပြီး ပြည်ပထွက်သွားတယ်။ အဲဒီအချိန်ကစပြီး သတင်းစာပို့တဲ့အလုပ်တစ်ခုပဲ လုပ်ခဲ့တာ ဒီနေ့အထိပဲ။

သတင်းစာပို့သမားသက်တမ်းမှာ သူပို့ခဲ့တဲ့သတင်းစာတွေက ဗိုလ်တထောင်၊ ကြေးမုံ၊ မြန်မာ့အလင်း ၊လုပ်သားပြည်သူ့နေ့စဉ်၊ ရန်ကုန် သတင်းစာတွေ၊ အဲဒီအချိန်က သတင်းစာ တွေက ဆိုက်ကြီးတွေများတယ်။ သူ့ဘဝမှာ သတင်းစာတွေက အရွယ်အစားသေးသေး လာတယ်။ သတင်းစာဈေးကကြီးကြီးလာတယ်။ သတင်းစာကိုယ်စားလှယ်ယူရတဲ့စနစ်တွေ လည်းပြောင်းလာတယ်။ ကိုယ့်မြို့နယ်နဲ့ကိုယ်ပဲပို့ရတော့တယ်။ဒ့ါကြောင့် ကျောက်တံတား မြို့နယ်တစ်ခုပဲပို့တော့တယ်။

ဟိုတုန်းက သတင်းစာယူတဲ့သူဆိုရင် လေးငါးဆယ်နှစ် ဆက်တိုက်ယူတယ်။ အပြောင်းအလဲ မရှိဘူး။ အခုတော့ အဲဒီလို ယူတဲ့သူအတော်နည်းသွားပြီ။ တစ်ချို့က အခန်းငှားနေတော့ ဟို ပြောင်း၊ သည်ပြောင်း၊ တစ်ချို့ကလည်း သတင်းစာဈေးတက်လို့၊ စိတ်ဝင်စားစရာသတင်း နည်း လို့ဆိုပြီး ယူလိုက်၊ မယူလိုက်။ သတင်းစာပို့ရတာလည်း အရင်နဲ့မတူတော့ဘူး။ ဟိုတုန်းက တိုက်တွေကလည်း သုံးလေးထပ်ပဲမြင့်တယ်။ အိမ်တွေကလည်း တစ်အိမ်နဲ့တစ်အိမ် ခြားတယ်။ ဒီတော့ စက်ဘီးပေါ်ကနေ ပစ်တင်ပေးသွားလို့ရတယ်။ အခုကျတော့ အထပ်မြင့်တိုက်တွေ၊ အခန်း တွေကလည်း ပြွတ်သိပ်နေတော့ စက်ဘီးပေါ်က ဆင်းပြီး ပစ်တင်လို့ရတာပစ်တင်။ တွဲလောင်းချ ထားတဲ့ ကလစ်မှာ ညှပ်သင့်တာညှပ်လုပ်ရတယ်။ သတင်းစာလိပ်ပြီး ပစ်တင်တာကလည်း နည်းစနစ်လိုတယ်။ လက်ကိုလွှဲပြီး ပစ်ရင် အချိန်အဆမမှန်ဘူး။ လက်ကောက်ဝတ်ကို ဆတ်ပြီး ပစ်ရတယ်။ ဒါမှ ကိုယ်လိုချင်တဲ့နေရာကို တည့်တည့်ရောက်တယ်။

သတင်းစာတွေခေတ်ကောင်းချိန်က သတင်းစာပို့သူတွေလည်းခေတ်ကောင်းခဲ့တာပဲ။ သူဆိုရင် တစ်ချိန်မှာ အစောင်သုံးရာလောက်အထိ ပို့ခဲ့ရပြီး တစ်ယောက်ထဲမနိုင်လို့ အကူနှစ်ယောက် တောင် ငှားခဲ့ရဖူးတယ်။ အဲဒီလို ခေတ်ကောင်းခဲ့သလို ဒုက္ခလည်းရောက်ဖူးတယ်။ လွန်ခဲ့တဲ့ ရှစ်နှစ် ကျော် လောက်က အစိုးရသတင်းစာတိုက်တွေမှာ သတင်းစာဖိုးတွေမသွင်းလို့ဆိုပြီး အမှုတွေဖြစ်ကြ တယ်။ အဲဒီတော့မှာ သူသွင်းတဲ့ငွေတွေ စာရင်းမဝင်ဘဲ ကြွေးကျန် စာရင်းပေါ်နေ တယ်ဆိုတာသိရတယ်။ တကယ်တော့ လစဉ်ငွေသွင်းနေတာပဲ။ ဒါပေမယ့် လူချင်းခင်နေတော့ ပြေ စာတွေဘာတွေမတောင်းမိဘူး။ ကိုယ်ရမယ့် သတင်းစာကလည်း လစဉ်ရနေတော့ သံသယ လည်း မရှိဘူးပေါ့။

အမှုဖြစ်တော့ ကြွေးကျန်ရှိတဲ့ကိုယ်စားလှယ်တွေ ကို သတင်းစာဖြတ်လိုက်တယ်။ ပေးရမယ့် ကြွေးက လည်း ငါးသိန်း၊ခြောက်သိန်းဆိုတော့ ချက်ခြင်းမဆပ်နိုင်ဘူး။ ချေးငှားရသေးတယ်။ အဲဒီမှာ သတင်းစာတစ်လလောက်ဖြတ်ခံလိုက်ရပြီးဖောက်သည်တွေအတော်ဆုံးသွားတယ်။ ( သူ က ကျွန်တော့်ကို ဘယ်သူမှန်းမသိဘူး။ ဒါပေမယ့် သူပြောတာနားထောင်ရင်း အဲဒီအမှုအကြောင်းသိနေတဲ့အတွက် ပြန်ကြားရေး ကိုယ်စား မျက်နှာပူမိတယ်။ )

သတင်းစာသမားဘဝက ကျန်တဲ့အလုပ်တွေနဲ့မတူဘူး။ သင်္ကြန်တွင်းကလွဲရင် ပိတ်ရက်မရှိဘူး။ နေပူပူ၊မိုးရွာရွာ အလုပ်ပျက်လို့မရဘူး။ ဒါပေမယ့် သူ့ဘဝမှာ အသက်ခြောက်ဆယ်ကျော်တဲ့ အထိ ဖျားနာတာလုံးဝမရှိဘူး။ အသက်ခြောက်ဆယ်ကျော်မှ ကားနှစ်ခါအတိုက်ခံရတယ်။ ပထမ တစ်ခါက ကမ်းနားလမ်းမှာ၊ နောက်တစ်ခါက ဗိုလ်အောင်ကျော်လမ်းမှာ။ နှစ်ခါလုံးပေါင်ကျိုးပြီး စတီးချောင်းထည့်ထားရတယ်။ တိုက်တဲ့အချိန်က မနက်အစောကြီးဆိုတော့ မောင်းပြေးသွားတဲ့ အတွက် ဘေးက ဝိုင်းပြီးဆေးရုံပို့ရတယ်။ ဒီနှစ်ဆန်းမှာ လေဖြန်းပြီး ရန်ကုန်ဆေးရုံကြီးမှာ ငါးရက် တက်လိုက်ရသေးတယ်။

ဒါပေမယ့် ခြေထောက်ပဲကျိုးကျိုး၊လေပဲဖြန်းဖြန်း ဆေးရုံဆင်းတာနဲ့ သတင်းစာပြန်ပို့တာပဲ။ သတင်းစာပို့တာကိုက နလံပြန်ထူဖို့အတွက်လေ့ကျင့်ခန်းလို့ ခံယူထားတယ်။ နောက်ပြီး ငွေယူထားပြီး သတင်းစာမပို့နိုင်ရင် သူ့တာဝန်မကျေဘူးလို့ခံစားရတယ်။ ဒါ့ကြောင့် လေဖြန်း ထားလို့ ခြေထောက်တစ်ဖက် နည်းနည်းဆာနေပေမယ့် သတင်းစာပို့မပျက်ဘူး။

လူတွေသတင်းစာဖတ်တာနည်းလာတာကို သူလည်းခံရတာပဲ။ တစ်ချိန်က စောင်ရေ နှစ်ရာ သုံးရာ ပို့ရာကနေ ကြေးမုံ တစ်ရာလောက် ၊ မြန်မာ့အလင်း သုံးဆယ်ကျော် ၊ အင်္ဂလိပ်သတင်းစာ ဆယ်စောင်၊ ဆယ့်ငါးစောင် ပဲပို့ရတော့တယ်။ ကိုဗစ်ဖြစ်ပြီးနောက်ပိုင်း အခုတော့ ကြေးမုံ ၅၇ စောင် ၊ မြန်မာ့အလင်း ၁၆စောင် နဲ့ အင်္ဂလိပ်သတင်းစာ ငါးစောင် ပဲရှိတော့တယ်။ ပုဂ္ဂလိက သတင်းစာထဲမှာ စံတော်ချိန်တစ်ခုပဲ ပို့ရတယ်။ ဒါကလည်း လေးငါးစောင်ပဲ။

အခု အသက် ၇၉ နှစ်ရှိပြီဆိုတော့ သူ့အသက်အရွယ်နဲ့ ဒီအလုပ်က အနားယူသင့်ပြီ ပေါ့။ သား ဖြစ်သူက မှော်ဘီမှာ အလုပ်အကိုင်နဲ့ ၊ အိမ်ထောင်နဲ့ ။ ဇနီးဖြစ်သူက သားနဲ့သွားနေ တယ်။ သူက လိုက်မသွားဘူး။ သာကေတမှာ တစ်လသုံးသောင်းနဲ့ အခန်းငှားနေတယ်။ မနက် လေးနာရီဆိုရင် ကြားကားနဲ့ ၄၆ လမ်းထိပ်ကိုလာတယ်။ မိတ်ဆွေတွေနဲ့လက်ဖက်ရည်သောက် တယ်။ သတင်းစာလိုက်ပို့တယ်။ သတင်းစာ နောက်မကျဘူးဆိုရင် ၁၁ နာရီဆိုရင် သူ့အလုပ်ပြီး ပြီ။ သာကေတပြန်၊ သူ့အခန်းလေးထဲမှာ စာဖတ်၊ ညနေ လေးနာရီ၊ငါးနာရီဆိုရင် သူ့ခြေထောက် အတွက် ထိုင်၊ထ လေ့ကျင့်ခန်းလုပ်၊ ရေချိုး၊ ထမင်းစား၊ ည ၇နာရီထိုးရင်း ဘုရားရှိခိုး။ အိပ်ယာဝင်။ ထမင်းချက်မစားဘူး။ မြို့ထဲ နဲ့သာကေတ အဆင်ပြေတဲ့နေရာဝယ်စားလိုက်တာပဲ။ တစ်ခါ ပြင် ၈၀၀/ ၁၀၀၀ ဆိုရင် သူ့အတွက်လုံလောက်ပြီ။

ဘယ်အချိန်ထိ သတင်းစာပို့ဦးမလဲဆိုတော့ အိပ်ယာထဲက မထနိုင်အောင် နေမကောင်းဖြစ်တဲ့ အထိ၊ ဒါမှ မဟုတ် သတင်းစာပို့ရင်း လဲကျပြီး သေတဲ့အထိ လုပ်ဦးမှာပဲတဲ့။ သတင်းစာပို့တဲ့ လူသစ် လေးတွေကို ဘာမှာခဲ့ချင်လဲဆိုတော့

“ သတင်းစာလပေး မှာဖတ်တဲ့သူက သူ့အတွက် အရေးကြီး တဲ့ သတင်း၊ ကြော်ငြာတွေကို အချိန်မီ သိချင်လို့မှာဖတ်တာ။ အဲဒါကို ကိုယ်ချင်း စာ ပါ။ သတင်းစာကို ဘယ်အချိန်ပို့ ပို့ ရပါတယ်လို့ သဘောမထားနဲ့၊ အစောဆုံးရောက်အောင်ပို့ ” လို့ မှာခဲ့ချင်တယ်တဲ့။

သတင်းလောကသားမဟုတ်ပေမယ့် သတင်းစာကို ချစ်တဲ့သူတစ်ယောက် ကျောက်တံတား မြို့နယ်မှာ သတင်းစာပို့နေပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: