၂၀၂၀ ရွေးကောက်ပွဲ အကြိုကာလ က စပြီး ရွေးကောက်ပွဲလွန် ကာလအထိ ဦးလှသိန်းကော်မရှင် ရဲ့ လုပ်ဆောင်ချက်တွေကို စောင့်ကြည့်လေ့လာခဲ့တယ်။ အဲဒီမှာ ဦးလှသိန်း ကော်မရှင်က နိုင်ငံရေးပါတီတွေ၊ စောင့်ကြည့်လေ့လာသူတွေ၊ မီဒီယာတွေရဲ့ အမြင် တွေ၊ သဘောထားတွေကို ထည့်တွက်ဖို့ ရှင်းပြဖို့ မလိုဘူး၊ ငါတို့လုပ်ပိုင်ခွင့်အရ၊ ဥပဒေအရ လုပ်ခွင့်ရှိရင်၊ လုပ်သင့်တယ်ထင်ရင် လုပ်မှာပဲ ဆိုတဲ့သဘောထားရှိတာကို ထင်ထင်ရှားရှားတွေ့ခဲ့ရတယ်။
နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပွဲတစ်ခုမှာ ပါတီတွေက ဘာပြောပြော ကျုပ်တို့ လုပ်ချင်တာလုပ် မှာပဲ ဆိုတဲ့ သဘောကို “ ရွာလယ်မှာဖြတ်မောင်းတဲ့ လှည်းတန်းကြီး” နဲ့ ဥပမာပေး ပြောခဲ့ဖူးကြောင်း တစည ပါတီလူကြီးတစ်ယောက်ကလည်း ကျွန်တော့်ကို ပြောပြဖူးတယ်။
အခုလည်း မဲစာရင်း မှား/ မှန်ကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်ထောက်ပြမှုတွေ ဖြစ်နေချိန်မှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ဆိုင်ရာ စာရွက်စာတမ်းတွေကို မီးရှို့ဖျက်ဆီးတယ်။ ရွေးကောက်ပွဲ နည်း ဥပဒေ ၈၆ (ခ) အရ ရွေးကောက်ပွဲ တစ်ခုနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေ၊ ပစ္စည်းတွေ ကို နောက်ရွေးကောက်ပွဲကျင်းပချိန်အထိပဲ ထိန်းသိမ်းထားဖို့လိုတဲ့အတွက် ဒီလိုဖျက်ဆီးပစ်တာ ဥပဒေနဲ့ အညီဖြစ်တယ်။ ဒါ အငြင်းပွားဖို့အကြောင်းမရှိဘူး။
သို့သော် လက်ရှိအခြေအနေအရ ဒီလို မီးရှို့ဖျက်ဆီးမှုကနေ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ဝေဖန်ထောက်ပြမှုအသစ်တွေပေါ်ထွက်မလာအောင်၊ နောက်တစ်ဆင့်တက် ရရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ခန့်အပ်ခဲ့တဲ့ သမ္မတ ကိုပါ အပြစ်တင်မှုတွေ ဖြစ်ပေါ် မလာအောင်လုပ်ဖို့တာဝန်ရှိတယ်။ တနည်းပြောရရင် အမြင်ကျယ်ကျယ်တွေးပြီးလုပ်ဖို့ လို တယ်။
အခု မီးရှို့ဖျက်ဆီးတဲ့ကိစ္စမှာလည်း ပထမစဉ်းစားသင့်တာက ဒီအချိန်မှာ ဖျက်ဆီးဖို့လိုပြီလားဆို တဲ့အချက်ပဲ။ ငါးနှစ်တောင်သိမ်းထားခဲ့ပြီးပြီပဲ ။ ရွေးကောက်ပွဲ နည်းဥပဒေမှာ ဘယ်နေ့ နောက်ဆုံးထားပြီး မီးရှို့ဖျက်ဆီးရမယ်လို့ သတ် မှတ်ထားချက်မရှိတဲ့အတွက် နောက်နှစ်လ ၊ သုံးလ စောင့်တော့ ဘာဖြစ်သွား မှာလဲ။
ဒုတိယအချက်က မဖြစ်မနေ ဖျက်ကို ဖျက်ဆီးချင်တယ်ဆိုရင် ကိုယ့်ဘက်က ခိုင်ခိုင်မာမာဖြစ်ဖို့ အတွက် ၂၀၁၅ ရွေးကောက်ပွဲ စာရွက်စာတမ်းတွေကို xxx ရက်နေ့ မှာ မြို့နယ်အလိုက် ဖျက်ဆီး ဖို့ရှိတယ်။ ဌာနဆိုင်ရာအဖွဲ့တွေနဲ့ စစ်ဆေးမှာဖြစ်သလို မဲဆန္ဒရှင်တွေ၊ နိုင်ငံရေးပါတီတွေ၊ မီဒီယာ တွေလည်း ကြည့်ရှုစစ်ဆေးလို့ရတယ် လို့ကြေငြာလိုက်ရင်လည်း အားလုံးသံသယရှင်းသွားတာ ပေါ့။
အခုတော့ သတင်းမီဒီယာတွေပေါ်တက်လာမှ မြို့နယ်ကော်မရှင်တွေက ထွက်ရှင်းရတယ်။ အဲဒီ လို ရှင်းနေချိန်မှာပဲ မီးရှို့မယ့်နေရာမှာ ၂၀၂၀ ရွေးကောက်ပွဲ ဆိုတဲ့ အိတ်တွေပါနေတယ် ဆိုတဲ့ ဓာတ်ပုံ တွေ လည်း အင်တာနက်ပေါ်မှာ တက်လာတာတွေ့ရတယ်။ ( ပုံ ၁ ၊ ၂ နဲ့ ၃ )
အဲဒီလို ဓာတ်ပုံတွေပေါ်လာတော့ ဓာတ်ပုံတွေက အတုလား၊ အစစ်လား၊ ၂၀၂၀ ရွေးကောက်ပွဲ အိတ်ထဲမှာ ၂၀၁၅ ရွေးကောက်ပွဲ ပစ္စည်းတွေ ထည့်ထားတာလားဆိုတဲ့ နောက်ဆက်တွဲ ပြဿနာတွေဖြစ်လာတယ်။
ကိုယ်မှန် ရင် ပြီးတာပဲ၊ ငါ့လှေ ငါထိုး ပဲခူးရောက်ရောက် ဆိုတာ နေရာတိုင်းတော့ မကောင်းဘူး။ တစ်ချို့ကိစ္စတွေမှာ နိုင်ငံရေးအရ ရိုက်ခတ်နိုင်မှုတွေ ကို ပါထည့်တွက်ဖို့လိုပါတယ်။