ပြည်ခိုင်ဖြိုးပါတီ ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ခိုင်ဖြိုးပါတီ၊ တိုင်းရင်းသားပါတီတစ်ချို့ နဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေပူးပေါင်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၈၄ အရ လွှတ်တော်အထူးအစည်းအဝေးခေါ်ယူဖို့ တောင်းဆိုမယ်လို့ ပြောခဲ့တယ်။
ဒီတောင်းဆိုမှုဟာ ဒုတိယအကြိမ်လွှတ်တော်အစည်းအဝေးတွေ ကျင်းပ ဖို့ ဖိတ်ကြားခြင်းမရှိဘဲ တတိယအကြိမ်လွှတ်တော်အစည်းအဝေးတွေကိုပဲ ၂၀၂၁ ဖေဖော်ဝါရီ လ ၁ ရက်နေ့ မှာကျင်းပဖို့ ဖိတ်ကြားခဲ့တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင် သန်း တို့ရဲ့ လုပ်ဆောင်ချက်ကြောင့်ပေါ်ထွက်လာရတာဖြစ်ပါတယ်။
လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်ရဲ့ လုပ်ဆောင်ချက်က ပထမအကြိမ်လွှတ်တော် နောက်ဆုံး အစည်းအဝေးတွေကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလနောက်ဆုံးပတ်အထိ ပြုလုပ်ခဲ့တဲ့ အစဉ်အလာကို ချိုးဖောက်လိုက်တဲ့ လုပ်ဆောင်ချက်လည်းဖြစ်ပါတယ်။
ပထမအကြိမ် လွှတ်တော်
၂၀၁၀ ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ ပထမအကြိမ်လွှတ်တော် ရဲ့ နောက်ဆုံးအစည်း အဝေးဖြစ်တဲ့ ၁၃ ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ ကနေ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ အထိ ကျင်းပခဲ့တယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကျင်းပပြီးစီးခဲ့ပေမယ့် ပထမ အကြိမ်လွှတ်တော်ရဲ့ သက်တမ်းမကုန်သေးတဲ့ အတွက် ဥပဒေပြုရေး လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နိုင်ဖို့အတွက် လွှတ်တော်အစည်းအဝေးများ ကို ကျင်းပ ခဲ့တာဖြစ်ပါတယ်။
ပထမကြိမ် ( ပြည်ထောင်စုလွှတ်တော်/ ပြည်သူ့လွှတ်တော် / အမျိုးသားလွှတ်တော်) လွှတ်တော် ရဲ့ ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ မပြီးပြတ်သေးတဲ့ ဥပဒေပြုရေးလုပ်ငန်းတွေကို အပြီး သတ်လုပ်ဆောင်ခဲ့သလို အစိုးရ နဲ့ လွှတ်တော်များတာဝန်လွှဲပြောင်းရေးနဲ့ပတ်သက်ပြီး အောက်ပါ လုပ်ငန်းတွေကို လည်း ဆောင်ရွက်ခဲ့တာတွေ့ရပါတယ်။
၁။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သမ္မတ သက်တမ်းငါးနှစ် ကာလအတွင်း လုပ်ဆောင်ချက် တွေနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်ကို အစီရင်ခံခဲ့တယ်။
၂။ လွှတ်တော်ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများက လွှတ်တော်သက်တမ်းငါးနှစ် ကာလအတွင်း လုပ်ဆောင်ချက်များကို ပြန်လည်သုံးသပ်တင်ပြခဲ့တယ်။
၃။ နိုင်ငံရေးပါတီအသီးသီးနဲ့ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့ များကလည်း လွှတ်တော် သက်တမ်းငါးနှစ် ကာလ လုပ်ဆောင်ချက်များကို ပြန်လည်သုံးသပ်တင်ပြခဲ့တယ်။
၄။ ဒုတိယအကြိမ်လွှတ်တော် အတွက် ရွေးချယ်တင်မြှောက်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ် များကို လုပ်ငန်းဆိုင်ရာများရှင်းလင်းပြောကြားခြင်း၊ ဆွေးနွေးပွဲများပြုလုပ်ပေးခြင်းတို့ကို ပထမ အကြိမ်လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးက တာဝန်ခံဆောင်ရွက်ပေးခဲ့တယ်။
၅။ လွှတ်တော် နောက်ဆုံးနေ့ အစည်းအဝေး ( ၂၀၁၆ ဇန်နဝါရီ ၂၉ ရက်နေ့ ) နောက်ဆုံးအစီ အစဉ်မှာ ပြည်ထောင်စုလွှတ်တော်နာယက သူရ ဦးရွှေမန်းက
“ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဲ့ ပထမအကြိမ် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးများ အောင်မြင်စွာပြီးမြောက်ကြောင်း ” ကြေညာခဲ့ တယ်။ အစည်းအဝေးမှတ်တမ်း အဆုံးမှာလည်း “ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ငါးနှစ် သက်တမ်းအတွက် အစည်းအဝေးများ အောင်မြင်စွာပြီးဆုံးပါသည် ” လို့ နိဂုံးချုပ်အဖြစ်ဖော်ပြခဲ့ တယ်။ ( ပုံ ၁ )
ဒုတိယအကြိမ် လွှတ်တော်
ဒုတိယအကြိမ် လွှတ်တော်များရဲ့ ၁၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၃ ရက်ကနေ သြဂုတ်လ ၂၈ ရက်နေ့ အထိ ကျင်းပခဲ့တယ်။ နိုဝင်ဘာရွေးကောက်ပွဲ အပြီးမှာ ဒုတိယအကြိမ်လွှတ်တော်များရဲ့ သက်တမ်း ကျန်ရှိနေသေးပေမယ့် အစည်းအဝေးဆက်မလုပ် တော့ဘူးဆိုတော့ အဲဒီ ၁၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေးဟာ ဒုတိယအကြိမ်လွှတ်တော်များ ရဲ့ နောက်ဆုံးအစည်းအဝေးလို့ပဲ ပြောရမှာပဲ။
ဒါပေမယ့် ပြဿနာက ၁၇ ကြိမ်မြောက် အစည်းအဝေးနောက်ဆုံးနေ့မှာ ပြည်ထောင်စုလွှတ်တော် နာယကက ဒီအစည်းအဝေးက နောက်ဆုံးအစည်းအဝေးဖြစ်ပါတယ်လို့ မပြောခဲ့ဘူး။ လွှတ်တော် နောက်ဆုံးနေ့ အစည်းအဝေး ( ၂၀၂၀ သြဂုတ်လ ၂၈ ရက်နေ့ ) နောက်ဆုံးအစီ အစဉ်မှာ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က
“ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ ၁၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာ ပြီးမြောက်ကြောင်း” လို့ ပဲ ကြေညာခဲ့တယ်၊ ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် အစည်း အဝေးများ ပြီးဆုံးပြီလို့မပြောခဲ့ဘူး။ အစည်းအဝေးမှတ်တမ်းအဆုံးမှာလည်း ဒုတိယ အကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်းငါးနှစ်အတွက် အစည်းအဝေးများ အောင်မြင်စွာ ပြီး ဆုံးပါသည်” လို့ ဖော်ပြထားတာလည်းမရှိဘူး။ ( ပုံ ၂ )
ဒါ့အပြင် ၁၇ ကြိမ်မြောက်အစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော်ရဲ့ နောက်ဆုံးအစည်းအဝေး အနေနဲ့ မဖြစ်မနေ ဆောင်ရွက်သင့် တဲ့ နိုင်ငံတော်သမ္မတကသော်လည်းကောင်း၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကသော်လည်းကောင်း၊ လွှတ်တော် ဥက္ကဋ္ဌ များကသော်လည်းကောင်း အစိုးရနဲ့ လွှတ်တော်သက်တမ်းငါးနှစ်အပေါ် ပြန်လည်သုံးသပ် အစီရင် ခံတာတွေမလုပ်ခဲ့ဘူး။
ဒီနေရာမှာ ၁၇ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ကိုဗစ် အခြေအနေကြောင့် လွှတ်တော်အစည်းအဝေးတွေမခေါ်တာဖြစ်တယ်လို့ အကြောင်းပြ နိုင် ပါတယ်။
မှန်ပါတယ်။ လွှတ်တော်အစည်းအဝေးတွေခေါ်ယူတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ လွှတ်တော်ဆိုင်ရာဥပဒေ/ နည်းဥပဒေတွေအရ လွှတ်တော် နာယက/ ဥက္ကဋ္ဌတွေ ရဲ့လုပ်ပိုင်ခွင့် ဖြစ်ပါတယ်။
ဒါပေမယ့် ၁၇ ကြိမ်မြောက် လွှတ်တော်အစည်းအဝေး နောက်ပိုင်း အခြေအနေအရ လွှတ်တော်မခေါ်တော့ဘူးလို့ ဆုံးဖြတ်မယ်ဆိုရင်တော့ လွှတ်တော်အတွင်း မှာ ရှိတဲ့ နိုင်ငံရေးပါတီတွေနဲ့ တိုင်ပင်ဖို့လိုပါတယ်။
ဘာ့ကြောင့်လဲဆိုတော့ နာယက/ဥက္ကဋ္ဌက အစည်းအဝေးမခေါ်ချင်ပေမယ့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်လေးပုံတစ်ပုံက ခေါ်ပေးဖို့တောင်းဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မဖြစ်မနေခေါ်ပေးရမယ့်အခြေအနေ ရှိတဲ့ အတွက် ပါတီတွေနဲ့ ကြိုတင်ညှိနှိုင်းမှုလုပ်ကို လုပ်ရမှာဖြစ်ပါတယ်။
အခုဖြစ်လာတဲ့ပြဿနာက လွှတ်တော်နာယက/ ဥက္ကဋ္ဌတွေအနေနဲ့ နိုင်ငံရေးပါတီတွေနဲ့ ကြိုတင် ညှိနှိုင်းမှုလည်းမရှိ၊ ၁၇ ကြိမ်မြောက်အစည်းအဝေးတုန်းကလည်း နောက်ဆုံးအစည်းအဝေးလို့ မပြောခဲ့တဲ့အတွက် ဖြစ်လာရတာပါ။ ဘယ်သူမပြု မိမိမှုပဲ။
ဘာဖြစ်လာနိုင်လဲ
၁။ လွှတ်တော်အထူးအစည်းအဝေးခေါ်ပေးဖို့ တောင်းဆိုတဲ့အရေအတွက်က လေးပုံ တစ်ပုံ ပြည့်ရင်တော့ အထူးအစည်းအဝေးခေါ်ပေးရမှာပဲ။ အဲဒါကို မလိုက်နာဘူးဆိုရင်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ရာရောက်လိမ့်မယ်။ ဒီကိစ္စကို အခြေခံဥပဒေကို ချိုးဖောက်ရာ ရောက် မရောက် အခြေခံဥပဒေဆိုင်ရာခုံရုံးကို ဆုံးဖြတ်ခိုင်းဖို့မလိုပါဘူး။ အခြေခံဥပဒေပုဒ်မ ၈၄ မှာ အနည်းဆုံးလေးပုံ တစ်ပုံကတောင်းဆိုလ ျှင် အမြန်ဆုံးခေါ်ယူကျင်းပပေးရမယ်လို့ အတိအကျ ပြဋ္ဌာန်းထားပါတယ်။
၂။ ဒါပေမယ့် အထူးအစည်းအဝေးကျင်းပဖို့ ဆိုရင် ပြည်ထောင်စု လွှတ်တော်နည်းဥပဒေ ပုဒ် ၈ (ဂ) အရ အနည်းဆုံး ၁၅ ရက်ကြိုတင် ဖိတ်ကြားရမယ်ဆိုတော့ ဒီနေ့ ဖိတ်စာပို့ရင်တောင်မှ ဇန်နဝါရီ ၂၆ ရက်နေ့မှ အစည်းအဝေးစနိုင် မယ့် အခြေအနေရှိတယ်။ ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် သက်တမ်းက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်တဲ့အတွက် ပြည်သူ့ လွှတ်တော်သက်တမ်းကုန်ရင် ပြည်ထောင်စုလွှတ်တော်လည်း သက်တမ်းကုန်ပြီ။ ဆွေးနွေးဖို့ အချိန်မကျန်တော့ဘူး။ ပြည်ခိုင်ဖြိုး သတင်း စာရှင်းလင်းပွဲပြောကြားချက် အရတော့ အခုမှလက်မှတ်ထိုးဖို့ စီစဉ်နေတုန်းဆိုတော့ အတော် နောက်ကျနေပြီ။
၃။ ဒီတော့ နောက်ဆုံးမှာ လေးပုံတစ်ပုံက တောင်းဆိုတဲ့ စာကိုလက်ခံရရှိပါတယ်။ ဒါပေမယ့် ၁၅ ရက် ကြိုတင်ဖိတ်ကြားရမှာဖြစ်တဲ့အတွက် ဒုတိယအကြိမ်လွှတ်တော်သက်တမ်း အတွင်းမှာ အထူး အစည်းအဝေးကျင်းပဖို့ မဖြစ်နိုင်တော့ဘူးဆိုတာနဲ့ ပဲ ဇာတ်သိမ်းသွားမယ်ထင်ပါတယ်။
အဲဒီလိုသာဖြစ်သွားခဲ့ရင်တော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ပတ်သက် တဲ့ မေးခွန်းတွေ မေးလာ တဲ့အခါ သမ္မတရုံးနဲ့ ရွေးကော် တို့က မဖြစ်မနေလာဖြေရမယ့် အခြေ အနေကို ရှောင်လွှဲနိုင်ဖို့အတွက် ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးတွေ မကျင်းပဖို့ ရုတ်တရက်ဆုံးဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်က သမိုင်းမှတ်တမ်း အဖြစ်ကျန်နေခဲ့မှာ သေချာတယ်။
အဲဒီလို ရည်ရွယ်ချက်မရှိပါဘူးလို့ ပြောရင်လည်းပြောပေါ့လေ။ ဒါပေမယ့် မပြေးသော် ကန်ရာရှိ နေတာ လည်း အမှန်ပဲ၊ ငြင်းလို့မရဘူး။