သမ္မတ ထရမ့်ကတော့ ထွက်တော်မူ နန်းကခွာသွားပြီ။ ဒါပေမယ့် သူချန်ထားခဲ့တဲ့ အကွဲအပြဲ ဇာတ်လမ်းက မပြီးသေးဘူး။ သူ့မူဝါဒကြောင့် အမေရိကန် လူ့အဖွဲ့အစည်းထဲမှာ အကွဲအပြဲ တွေ ၊ ဒေါသတွေအများကြီးကျန်ခဲ့တယ်။ သမ္မတသစ် ဂျိုးဘိုင်ဒန်က အဲဒီဒဏ်ရာတွေကို ကုစားဖို့ အများကြီးကြိုးစားရဦးမယ်။
အမေရိကန်နိုင်ငံ သမ္မတရွေးကောက်ပွဲတွေက ပြိုင်ဆိုင်မှု အလွန်ပြင်းထန်ပါတယ်။ ရွေးကောက်ပွဲ အကြိုကာလမှာ မူဝါဒအရရော၊ ပုဂ္ဂိုလ်ရေးအရပါ တိုက်ခိုက်ကြတယ်။ ရွေးကောက်ပွဲရလဒ်ပေါ် ထွက်လာတဲ့အခါမှာလည်း ရှုံးနိမ့်သူက အနိုင်ရသူကို ချက်ခြင်း အသိအမှတ်ပြုတာရှိသလို ပြည်နယ်အလိုက် မဲပြန်လည်ရေတွက်ဖို့အတွက် တရားရုံးတွေမှာ လေ ျှာက်ထားတဲ့ အမှုတွေ ရှိတယ်။ ၂၀၀၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲဆိုရင် ဖလော်ရီဒါ ပြည်နယ်မှာ မဲပြန်လည် ရေတွက်သင့်၊မသင့်ဆိုတဲ့ကိစ္စက ပြည်ထောင်စုတရားရုံးချုပ် အထိရောက်ခဲ့ရတယ်။
ဒါပေမယ့် ရွေးကောက်ပွဲအကြိုကာလမှာ ဘယ်လောက်ပဲ ပြိုင်ဆိုင်မှု ပြင်းထန်သည် ဖြစ်စေ၊ တရား ရုံးတက်ရသည်ဖြစ်စေ ဥပဒေကြောင်းအရ လုပ်စရာတွေကုန်သွားတဲ့အချိန်မှာတော့ ရှုံးတဲ့သူက ရွေးကောက်ပွဲရလဒ်ကို ကြည်ကြည်ဖြူဖြူလက်ခံပြီး အနိုင်ရသူကို ဂုဏ်ပြု၊ တိုင်းပြည်အကျိုး အတွက် လက်တွဲဆောင်ရွက်ဖို့ လူသိရှင်ကြား ကတိပြုကြတာပါပဲ။
အခု သမ္မတ ထရမ့် လက်ထက်ရောက်မှ တရားရုံးအဆင့်ဆင့်တက်ပြီးတဲ့အပြင် တရားရုံး ဆုံးဖြတ်ချက်ကို လက်မခံဘဲ လွှတ်တော်ထဲကို ဝင်ရောက် စီးနင်းတဲ့ အထိ ရုပ်ပျက် ဆင်းပျက်ဖြစ်ခဲ့ရတယ်။ ထရမ့်နဲ့ သူ့ကိုထောက်ခံသူတွေရဲ့ လုပ်ရပ်ကြောင့် မဲဆန္ဒရှင်တွေကြားမှာ ရီပတ်ဘလီကင်ပါတီကို အစွန်းရောက်တွေရဲ့ ပါတီ၊ အာဏာ လက်မလွှတ်ချင်တဲ့ပါတီဆိုပြီး ပုံရိပ်ဆိုးကျန်ခဲ့တယ်။
ဒ့ါကြောင့် လာမယ့် လေးနှစ်အတွက် ရီပတ်ဘလီကင် ပါတီရဲ့ အဓိက စိန်ခေါ်မှုက ထရမ့်ရဲ့ လုပ်ရပ် တွေကြောင့် အစွန်းအထင်းဖြစ်သွားတဲ့ ပါတီပုံရိပ်ကို ဘယ်လို အဖတ်ဆယ်မလဲ ၊ ဘယ်ပါတီ ဝင်မှ မဟုတ်တဲ့ ကြားနေ မဲဆန္ဒရှင်အများစု က ပါတီကို ထောက်ခံလာအောင် ဘယ်လို လုပ်မလဲ၊ ဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ တနည်းအားဖြင့် ပါတီပြုပြင်ပြောင်းလဲရေး၊ ပါတီပြန်လည်တည်ဆောက်ရေး လုပ်ငန်းလုပ်ဖို့ဖြစ်ပါတယ်။
ဒါပေမယ့် ခက်တာက ရီပတ်ဘလီကင်ပါတီထဲမှာ ထရမ့်ထောက်ခံသူတွေက အားကောင်းနေ တုန်းပဲ။ ဇန်နဝါရီလ ၁၇ ရက်နေ့ CBS သတင်းဌာနရဲ့ စစ်တမ်းကောက် ယူချက်အရ ရီပတ်ဘလီကင်ပါတီဝင် ၈၇% က ထရမ့် ကို ထောက်ခံနေဆဲလို့တွေ့ရတယ်။
ပြီးခဲ့တဲ့အောက်လွှတ်တော် အစည်းအဝေးမှာ သမ္မတ ထရမ့်ကို ပြစ်တင် စွပ်စွဲဖို့ မဲခွဲတော့ ရီပတ်ဘလီကင်အမတ် ဆယ်ယောက်ပဲ ထောက်ခံမဲပေးခဲ့တယ်။ ကျန်တဲ့ အမတ်တွေက ကန့်ကွက်ခဲ့တယ်။ အဲဒီထောက်ခံတဲ့ အမတ်ဆယ်ယောက်ကိုလည်း ရီပတ် ဘလီ ကင်ပါတီဝင်တွေက ပြင်းပြင်းထန်ထန်ဝေဖန်တိုက်ခိုက်ခဲ့ကြတယ်။
ဒီကြားထဲမှာ ထရမ့်ကလည်း သူပြန်လာဦးမယ်။ ရီပတ်ဘလီကင်ပါတီတွင်း ရွေးကောက်ပွဲ တွေမှာလည်း သူ့အဆို ရီပတ်ဘလီကင်ခေါင်းဆောင် လူပျော့တွေ အရွေးမခံရအောင်လုပ် မယ်ဆိုပြီး ကြွေးကြော်ထားတယ်။ ဒီတော့ ပါတီထဲမှာ ထရမ့်ရဲ့ အစွန်းရောက်အယူအဆ တွေကို ဖယ်ရှားရေးကလည်း စိန်ခေါ်မှုတစ်ခုဖြစ်လာပြန်တယ်။
တကယ်တော့ ရွေးကောက်ပွဲရှုံးတာဟာ ပါတီပျက်သွားတာမဟုတ်ဘူး။ အမေရိကန်သမိုင်းမှာ ၁၉ ၃၂ ခုနှစ်ကနေ ၁၉ ၄၈ ခုနှစ်အထိ သမ္မတ ရွေးကောက်ပွဲ ငါးကြိမ်ဆက်တိုက် ဒီမိုကရက် ပါတီကအနိုင်ရခဲ့တယ်။ ဒါပေမယ့် ရီပတ်ဘလီကင်ပါတီက အရှုံးသံသရာထဲကနေ ရုန်းထွက်နိုင်ဖို့ ကြိုးစားခဲ့တဲ့ အတွက် ၁၉ ၅၂ ခုနှစ်မှာ ပြန်အနိုင်ရခဲ့တာပဲ။
ဒါ့ကြောင့် ရီပတ်ဘလီကင်ပါတီက ၂၀၂၀ အရှုံးထဲကနေ သင်ခန်းစာယူပြီး ကြိုးစားဖို့ လို တယ်။ အရှုံးကို အနာလုပ်ပြီး ပြဿနာရှာနေရင်တော့ အရှုံးပေါ် အရှုံးဆင့်ဖို့ပဲရှိတယ်။
လေ့လာမိသလောက်တော့ ရွေးကောက်ပွဲရှုံးလို့ ပါတီကျဆုံးသွားတာမတွေ့မိဘူး။ နိုင်ငံရေး လမ်းစဉ်မှားလို့ ကျဆုံးသွားတဲ့ သာဓကတွေကတော့ အများကြီးပဲ။
.
LikeLike