တတိယ မဲစာရင်း

မနေ့က Trends in Myanmar စကားဝိုင်းမှာ တတိယမဲစာရင်းဆိုတဲ့အချက်ကို ထည့်ဆွေးနွေး ခဲ့တယ်။

တတိယ မဲစာရင်းဆိုတာ ဘာလဲ လို့မေးရင် ဦးလှသိန်းကော်မရှင်က ပြည်သူတွေကို ပွင့်ပွင့် လင်းလင်း အသိပေးဖို့ပျက်ကွက်နေတဲ့ မဲစာရင်း၊ လူသိရှင်ကြားထုတ်ပြန်ဖို့ လက်တွန့်နေတဲ့ မဲစာရင်း လို့ ပြောရမှာပဲ။

ရွေးကောက်ပွဲ ပြီးသွားတဲ့နောက် မဲစာရင်းနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေဖြစ်တဲ့ အခါ ပြည်ခိုင်ဖြိုး ပါတီက မဲစာရင်းမိတ္တူကူးခွင့်တောင်းတယ်။ အဲဒါနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ဒီဇင်ဘာ ၇ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြီးတုန့်ပြန်တယ်။ အဲဒီကြေညာချက်မှာ မဲစာရင်းတွေကို ၂၀၂၀ ဇူလိုင် ၂၅ ရက် ရက်နေ့ သြဂုတ် ၁၄ ရက်နေ့အထိ တစ်ကြိမ်၊ အောက် တိုဘာ ၁ ရက်နေ့ကနေ အောက်တိုဘာ ၁၄ ရက်နေ့ အထိ တစ်ကြိမ်၊ စုစုပေါင်း နှစ်ကြိမ် အသိပေးကြေ ညာခဲ့ပြီးပြီ၊ အဲဒီအချိန်က မိတ္တူကူးခွင့်ပေးခဲ့တယ်။ အခု ရွေးကောက်ပွဲပြီးမှ ကူးခွင့်တောင်းလို့ မရတော့ဘူး။ ရွေးကောက်ပွဲဆိုင်ရာစာရွက်စာတမ်းတွေ အားလုံးချိတ်ပိတ် ထားလိုက်ပြီ လို့ ဖော်ပြ ခဲ့တယ်။ အဲဒီကြေညာချက်မှာ နောက်ထပ် တတိယမဲစာရင်း တစ်ခုရှိသေးတယ်ဆိုတာကို လုံး၀ ရည်ညွှန်းမထားဘူး။

တတိယမဲစာရင်းတစ်ခုရှိနေသေးတာကို မသိတဲ့သူတွေက ဦးလှသိန်းကော်မရှင်ပြောတဲ့အချက်ကို ကိုင်ပြီး အောက်တိုဘာလတုန်းက မိတ္တူကူးတာ စစ်ဆေးတာ မလုပ်ဘဲနဲ့ အခုမှ ပြဿနာရှာတယ် ဆိုပြီး ပြည်ခိုင်ဖြိုးပါတီကို ဝေဖန်ခဲ့ကြတယ်။ တစ်ချို့ စာနယ်ဇင်းသမားတွေဆိုရင် အခုအချိန်ထိ အဲဒီအယူအဆအတိုင်းရေးနေတာကို တွေ့ရတယ်။

ဒါပေမယ့် တပ်မတော်ဘက်က သူတို့ စစ်ဆေးတွေ့ရှိတဲ့ မဲစာရင်းဖောင်းပွမှုတွေ ၊ ကွဲလွဲမှုတွေကို ထုတ်ပြန်လာတဲ့အချိန်မှာတော့ ဦးလှသိန်းကော်မရှင်က ဒီဇင်ဘာ ၃၀ ရက်စွဲနဲ့ ကြေညာချက် တစ် စောင်ထုတ်တယ်။ အဲဒီကြေညာချက်မှာ တပ်မတော်က ထုတ်ပြန်နေတဲ့ စာရင်းတွေဟာ အောက်တိုဘာလတုန်းက ထုတ်ပြန်ခဲ့တဲ့ ဒုတိယအကြိမ်မဲစာရင်းကို အခြေခံပြီးပြောနေတာဖြစ် တယ်။ အောက်တိုဘာ မဲစာရင်းကို အခြေခံပြီး မဲဆန္ဒရှင်တွေရဲ့ တင်ပြချက်တွေကို ထပ်မံဖြည့် စွက် ထားတဲ့ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ မဲပေးခဲ့တဲ့ မဲစာရင်း မဟုတ်ဘူး လို့ ဖော်ပြခဲ့တယ်။

အဲဒါဟာ ကျွန်တော်ပြောတဲ့ တတိယမဲစာရင်း ပဲ။

၂၀၁၅ ရွေးကောက်ပွဲ မှာရော၊ ၂၀၂၀ ရွေးကောက်ပွဲမှာပါ မဲစာရင်း သုံးကြိမ် ကပ်ခဲ့တယ်။ ပထမ အကြိမ် ကပ်တယ်။ မဲဆန္ဒရှင်တွေနဲ့ ပါတီတွေရဲ့ ကန့်ကွက်ချက်၊ ဖြည့်စွက်ချက်တွေကို စိစစ်ပြီး မဲစာရင်း ပြင်သင့်တာပြင်တယ်။ အဲဒီလို ပြင်ပြီးတဲ့အခါ ဒုတိယအကြိမ်မဲစာရင်းကို ကပ်တယ်။ မဲဆန္ဒရှင်တွေနဲ့ ပါတီတွေက ပြန်စစ်တယ်။ လိုရင် ဖြည့်စွက်၊ ကန့်ကွက် ဖို့လိုရင် ကန့်ကွက်။ အဲဒါတွေကို စိစစ်ပြီးတဲ့အခါ တတိယစာရင်း တနည်းအားဖြင့် ရွေးကောက်ပွဲ မဲပေးမယ့်နေ့မှာ သုံးမယ့် မဲစာရင်းထွက်လာတယ်။

အဲဒီမဲစာရင်းမှာ ကန့်ကွက်ဖို့၊ဖြည့်စွက်ဖို့ရှိရင် ကန့်ကွက်/ဖြည့်စွက်လို့ရသေးတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ ဥပဒေ/ နည်းဥပဒေအရ ကော်မရှင်အဆင့်ဆင့် စိစစ်ပြီး လက်ခံ/ လက်မခံ တစ်ထိုင်တည်း ဆုံးဖြတ် တယ်။ အဲဒီဆုံးဖြတ်ချက်က အတည်ပဲ။ ပြင်လို့မရတော့ဘူး။

ဒီနေရာမှာ ၂၀၁၅ ဦးတင်အေး ကော်မရှင် နဲ့ ၂၀၂၀ ဦးလှသိန်း ကော်မရှင် မဲစာရင်းတွေ ဘယ်လို ပြုစုခဲ့သလဲဆိုတာ နှိုင်းယှဉ်လေ့လာလိုက်ရင် ဦးလှသိန်းကော်မရှင်က တတိယမဲစာရင်း ကိစ္စကို ပွင့်ပွင့်လင်းလင်း မပြောရဲတဲ့အကြောင်းကို မှန်းဆလို့ရတယ်။ အဲဒီလို နှိုင်းယှဉ်တဲ့ အခါ ၂၀၁၅ ရွေးကောက်ပွဲရော၊ ၂၀၂၀ ရွေးကောက်ပွဲပါ နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပတာဖြစ်တဲ့ အတွက် ကော်မရှင်နှစ်ခုရဲ့ လုပ်ဆောင်ချက်တွေကို ပိုပြီး မြင်သာစေပါတယ်။

ပထမ မဲစာရင်း

ဦးတင်အေးကော်မရှင် လေးသုတ်ခွဲပြီး ၂၀၁၅ မတ် လက နေ ဇွန်လကြားမှာကပ်တယ်။

ဦးလှသိန်းကော်မရှင် ၂၀၂၀ ဇူလိုင် ၂၅ ကနေ သြဂုတ် ၁၄ ထိ ကပ်တယ်။

ဒီပထမအကြိမ်မဲစာရင်းကပ်တဲ့အချိန် နေပြည်တော်မှာ မဲဆန္ဒရှင် ၃၀% ပဲ မဲစာရင်းလာစစ်တဲ့ အချက်ကို အခြေခံပြီး မီဒီယာတွေကို ဦးတင်အေးက မဲစာရင်းစစ်တဲ့သူနည်းတယ်၊ ၃၀% ပဲ စစ်တော့ ၃၀% နှုန်းပဲမှန်တယ်ဆိုတာ အာမခံနိုင်တဲ့သဘောဖြစ်နေတယ်။ ဒုတိယအကြိမ် မဲစာရင်း ကို လူများများစစ်အောင် ဝိုင်းပြီးတိုက်တွန်းကြပါလို့ပြောခဲ့တယ်။ အဲဒါကို မီဒီယာတွေက ဆွဲထုတ်ပြီး ခေါင်းစဉ်တတ်ရာကနေ ၂၀၁၅ ရွေးကောက်ပွဲမှာ မဲစာရင်း ၃၀% ပဲမှန်တယ်ဆိုတဲ့ ပြောဆိုချက် တွေဖြစ်လာတာပဲ။ တကယ်တော့ ၂၀၁၅ ဒုတိယအကြိမ်မဲစာရင်းနဲ့ တတိယအကြိမ် မဲစာရင်းမှာ မဲစာရင်း မှားတာ ၊ အငြင်းပွားတာ ၂၀၂၀ နဲ့ယှဉ်လိုက်ရင် အများကြီးနည်းပါတယ်။

ဒုတိယမဲစာရင်း

ဦးတင်အေးကော်မရှင် စက်တင်ဘာ ၁၄ မှာကပ်တယ်။

ဦးလှသိန်းကော်မရှင် အောက် တိုဘာ ၁ ရက်နေ့ အောက်တိုဘာ ၁၄ အထိ ကပ်တယ်။

တတိယ မဲစာရင်း

ဦးတင်အေးကော်မရှင် နိုဝင်ဘာ ၁ ရက်နေ့မှာကပ်တယ်။ ပါတီတွေကို စီဒီနဲ့လည်းပေးတယ်။ အခြားသူတွေ မိတ္တူကူးချင်ရင် တစ်မျက်နှာ ၂၅ ကျပ်နဲ့ ကူးခွင့်ပေးမယ်။ ရွေးကောက်ပွဲ မတိုင်မီ တစ်ပတ်အလို မှာ ကပ်တဲ့အတွက် ပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေက ဒုတိယမဲစာရင်း မှာ သူတို့ ကန့်ကွက်/ ဖြည့်စွက်တဲ့အချက်တွေ ပြင်ရဲ့လား၊နောက်ထပ် အမှားတွေရှိသေးလားဆိုတာ စိစစ်ဖို့ အချိန်ရတယ်။

ဦးလှသိန်းကော်မရှင် နိုဝင်ဘာ ၆ ရက်နဲ့ ၇ ရက်မှာ ကိုယ်စားလှယ်လောင်းတွေကို စီဒီနဲ့ ေ၀ တယ်။ ဒါပေမယ့် ကိုယ်စားလှယ်လောင်းတိုင်းမရဘူး။ ရွေးကောက်ပွဲပြီး အခု အချိန်ထိလဲ မရ သေးသူတွေရှိတယ်။ ပြည်ခိုင်ဖြိုး ပြောရေးဆိုခွင့်ရှိသူ ဦးနန္ဒာလှမြင့်ကတော့ သူအပါအဝင် ပါတီ ကိုယ်စားလှယ် လောင်း ရှစ်ရာ နီးပါး တတိယမဲစာရင်းမရသေးဘူးလို့ဆိုတယ်။

တတိယမဲစာရင်းရတဲ့ ကိုယ်စားလှယ်လောင်းတွေကလည်း ရွေးကောက်ပွဲမတိုင်မီ တစ်ရက်၊နှစ်ရက် အလိုဆိုတော့ စိစစ်ဖို့ အချိန်လည်း မရတော့ဘူး။ အခြားမဲဆန္ဒရှင်တွေဆိုရင် ပိုဆိုးတာပေါ့။

ဦးလှသိန်း ရဲ့ အရှောင်အတိမ်း

ဒါ့ကြောင့် ဦးလှသိန်းကော်မရှင်က မဲစာရင်းကိစ္စပြောတဲ့အချိန်တိုင်းလိုလိုမှာ တတိယမဲစာရင်းကိစ္စ ကို ချန်ထားဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီတောင်းဆိုသလို မဲစာရင်းကို မိတ္တူကူး ခွင့်မပေးဘူးဆိုရင်တောင် တတိယမဲစာရင်း ရသင့်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတိုင်းကို စီဒီထုတ်ပေးလိုက်ရင် မိတ္တူကိစ္စက အလိုလိုဖြေရှင်းပြီးသားဖြစ်သွားမှာပါ။ ဒါပေမယ့် အဲဒီလို လည်း မလုပ်ဘူး။

ဇန်နဝါရီ ၂၆ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်က သူတို့ရထားတဲ့ တတိယအကြိမ် မဲစာရင်း အရ စစ်ဆေးထားတဲ့ မြို့နယ်လေးဆယ် ရဲ့ စစ်ဆေးတွေ့ရှိချက်တွေကို ထုတ်ပြခဲ့တယ်။ ကြိုက်တဲ့သူ စစ်ပါလို့ စိန်ခေါ်ခဲ့တယ်။

ဒါပေမယ့် ဦးလှသိန်းကော်မရှင်ဟာ တတိယအကြိမ်မဲစာရင်းနဲ့ပတ်သက်ပြီး သူ့ဘက်က အထောက်အထားတွေပြပြီးရှင်းဖို့နေသာသာ ဒီနေ့ ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက် အပိုဒ် ၃ မှာလည်း အောက်တိုဘာလက ထုတ်ပြန်တဲ့ ဒုတိယအကြိမ်မဲစာရင်းကို ပွင့်လင်းမြင်သာစွာ ဖြန့် ဝေခဲ့ပါတယ်လို့ပဲ ပြောပြီး တတိယ အကြိမ်မဲစာရင်း ဘယ်နေ့မှာ ကပ်တယ် ဆိုတဲ့ အချက် နဲ့ နိုင်ငံရေးပါတီတွေကို ဝေ/မေ၀ ဆိုတဲ့ အချက်လုံးဝထည့်မပြောခဲ့တာ အံ့သြစရာတွေ့ရပါတယ်။
( ပုံ ၁)

အစိုးရ ရဲ့ တာဝန်

၂၀၂၀ မဲစာရင်းပြုစုရေးမှာ အင်န်အယ်လ်ဒီအစိုးရလည်း အတိုင်းအတာတစ်ခုအထိ တာဝန်ရှိနေ တယ်လို့ ယူဆစရာအကြောင်းလည်းတွေ့ရတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမဲစာရင်းပြုစုချိန်မှာ အစိုးရက ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့် ရဲ့ မဲစာရင်းပြုစုရေးလုပ်ငန်းတွေမှာ ဝင်မပါခဲ့ဘူး။ ဦးတင်အေးကော်မရှင်ကပဲ သက်ဆိုင်ရာဌာန တွေနဲ့ ညှိနှိုင်းပြီးလုပ်သွားခဲ့တယ်။

၂၀၂၀ ရွေးကောက်ပွဲမှာတော့ အစိုးရက မြို့နယ်ရွေးကောက်ပွဲကော်မရှင် ၃၃၀ ခု မှာ မဲစာရင်း ပြုစု ဖို့အတွက် ကွန်ပျူတာကျွမ်းကျင်သူ နှစ်ဦးဆီတွဲဘက်ပေးခဲ့တယ်လို့ သိရတယ်။ ( ပုံ ၂ )

အဲဒီ ကျွမ်းကျင်သူတွေက နိုင်ငံ့ဝန်ထမ်းတွေလား၊ လုပ်အားပေးတွေလား၊ နိုင်ငံရေးပါတီတွေနဲ့ ကင်းရှင်း ရဲ့လား၊ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို ဘယ်လို ကြီးကြပ်လဲ ဆိုတဲ့ အချက်တွေ နဲ့ ပတ်သက်ပြီး အစိုးရကရော၊ ဦးလှသိန်းကော်မရှင်ကရော ပွင့်လင်းမြင်သာစွာသတင်းထုတ်ပြန် တာ၊ပါတီတွေကို ရှင်းပြတာ မတွေ့မိဘူး။

ဒီတော့ မဲစာရင်းမှားရာမှာ အစိုးရလည်း အတိုင်းအတာတစ်ခုအထိ တာဝန်ရှိမယ်လို့ ပြောရင် မှားမယ်မထင်ဘူး။

ရွေးကော်ဘယ်လဲ

မဲစာရင်း အငြင်းပွားမှုမှာ အဖြေရှာမရတဲ့ မေးခွန်း ကတော့ ရွေးကောက်ပွဲကော်မရှင်က သူ့အချက် အလက်တွေကို ချပြပြီး လာစမ်း ၊စစ်စမ်း ဆိုပြီး ဘာ့ကြောင့်မဖြေရှင်းတာလဲ၊ ဆိုတဲ့မေးခွန်းပဲ။ ကိုယ့်ဘက်ကသာ ပိုင်ပိုင်နိုင်နိုင် ရှင်းနိုင်ရင် တပ်မတော်ဘက်က နောက်ငါးနှစ်လုံးလုံး မဲစာရင်းကိစ္စ နှုတ်ပိတ်သွားအောင်လုပ်နိုင်တာပဲ။

တစ်ဖက်ကလည်း ဦးလှသိန်းကော်မရှင်ဟာ သူ့ မဲစာရင်းတွေကို သူကိုယ်တိုင် အယုံအကြည်မရှိလို့များလားလို့ စဉ်းစားမိတယ်။ လက်တွေ့မှာလည်း မဲပေးခွင့်ရှိသူ စာရင်းတောင် ၃၇ သန်းလား၊ ၃၈ သန်းလား ၊ ၃၉ သန်းလားဆိုတာ ဂဏန်းငြိမ်အောင် မရှင်း နိုင်တဲ့ အခြေအနေတွေရှိခဲ့တာကိုး။

ဒါ့ကြောင့် တတိယမဲစာရင်းကို ထုတ်ပြပြီးတိုက်စစ်လိုက်လို့ အမှားအယွင်းတွေ တွေ့လာခဲ့ရင် ပို ဆိုးမယ်။ အစိုးရသစ်ဖွဲ့ပြီးတဲ့အချိန်၊ ရွေးကောက်ပွဲကော်မရှင်အသစ်ဖွဲ့ပြီးတဲ့အချိန်ထိ ရွေးကောက်ပွဲကော်မရှင်အဆုံးအဖြတ်ဟာ အတည်ပဲဆိုတဲ့အချက်ကိုကိုင်ပြီး ဘူးခံနေတာက အကောင်းဆုံးပဲ ဆိုပြီး လုပ်နေပုံရတယ်။

အင်န်အယ်လ်ဒီထောက်ခံသူတွေကတော့ ဦးလှသိန်းကော်မရှင် ကို ဝန်းရံနေကြတာပေါ့။ တကယ် တော့ ဦးလှသိန်းကော်မရှင်က အင်န်အယ်လ်ဒီပါတီကို ဒုက္ခပေးသလိုဖြစ်နေတယ်ဆိုတာ မြင်ပုံ မရဘူး။

ဦးတင်အေးကော်မရှင်က သေသေသပ်သပ် လုပ်ခဲ့တော့ အင်န်အယ်လ်ဒီပါတီက လွှတ်တော်ကို ရော၊ အစိုးရအဖွဲ့ကိုရော အေးအေးဆေးဆေး တာဝန်ယူနိုင်ခဲ့တယ်။ အင်န်အယ်လ်ဒီပါတီ အနိုင် ကို မကျေနပ်တဲ့သူရှိမယ်ရင်တောင် အစဆွဲထုတ်ဖို့ အခွင့်အလမ်းမရှိခဲ့ဘူး။

ဦးလှသိန်းကော်မရှင် လုပ်ဆောင်ချက်တော့ မြင်တဲ့အတိုင်းပဲ အင်န်အယ်လ်ဒီပါတီမှာ ကိုယ့်ပါတီ ပဲ အာဏာပြန်ယူရမယ့် ကိစ္စမှာတောင် ပူပူလောင်လောင်ဖြစ်နေရှာတယ်။

ဒါ့ကြောင့် မနေ့က Trends in Myanmar ဆွေးနွေးပွဲမှာ “တပ်မတော်ဘာကိုလိုချင်နေတာလဲ” လို့ မေးရင် ဦးလှသိန်းကော်မရှင်ကိုလည်း “ ကော်မရှင်က (တိုင်းပြည်ကို) ဘယ်လိုဖြစ်စေချင် နေတာလဲ” လို့ မေးရမယ်လို့ပြောခဲ့တာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: