( မတ်လ ၈ ရက်နေ့ ထုတ်ဝေခြင်းလုပ်ငန်းပိတ်သိမ်းခံရတဲ့ မီဒီယာငါးခုလုံးမှာ ကျွန်တော်နဲ့ လုပ်ငန်းသဘောအရ ခင်မင်သိကျွမ်းခဲ့၊ အပြန်အလှန်ဆက်ဆံခဲ့ရတဲ့ သတင်းထောက်တွေရှိပါ တယ်။ ဒါပေမယ့် ဆဲဗင်းဒေး၊ DVB နဲ့ မဇ္ဈိမ သတင်းဌာနတွေကတော့ ပြန်ကြားရေးဝန်ကြီး ဌာန ရဲ့ မီဒီယာပြုပြင်ပြောင်းလဲရေး ( ၂၀၁၁ – ၂၀၁၆) မှာ ပါဝင်ကူညီခဲ့ဖူးတဲ့အတွက် ပိုပြီး အမှတ်တရ ဖြစ် ရပါတယ်။ သူတို့ ကူညီတယ်ဆိုတာ က အစိုးရကို ဖော်လံဖားတာမျိုးမဟုတ်ပါဘူး။ သတင်း သမား ရဲ့ အလုပ်ဖြစ်တဲ့ အစိုးရကို ဝေဖန် ထောက်ပြတာလည်း လုပ်တယ်။ တစ်ဖက်ကလည်း မီဒီယာပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး ဥပဒေပြုရေး၊ လေ့ကျင့်ရေး ကိစ္စတွေမှာ ကူညီ ပေးခြင်းအားဖြင့် သတင်းလွတ်လပ်ခွင့်ရရှိရေးမှာ အထောက်အကူဖြစ်စေမယ်ဆိုတဲ့ စိတ်နဲ့ ကူညီ တာမျိုးဖြစ်ပါတယ်။ အခုဆောင်းပါးတွေက မီဒီယာပြုပြင်ပြောင်းလဲရေးမှာ သူတို့ ပါဝင်ခဲ့တဲ့ အခန်း ကဏ္ဍများကို အမှတ်တရရေးသားလိုက်တာဖြစ်ပါတယ်။ )
ဆဲဗင်းဒေး နဲ့ ကျွန်တော့် ဆက်ဆံရေးအစက ဆရာရဲနိုင်မိုး ဖြစ်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲပြီးတဲ့အချိန်ကစပြီး ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ အစိုးရသစ် လက်ထက် မီဒီယာအခင်းအကျင်း အတွက် ပြင်ဆင်မှုတွေကို စလုပ်ပါတယ်။ အဲဒီလို လုပ်ဆောင်တဲ့အထဲမှာ ဝန်ထမ်းတွေအရည်အသွေးမြှင့်တင်ပေးဖို့ လုပ်ငန်းလည်းပါဝင်တဲ့အတွက် ပြန်ဆက်ဌာနကလည်း ကိုယ့်ဝန်ထမ်းတွေရဲ့ သတင်းစုဆောင်းထုတ်ပြန်ရေး အရည်အသွေးကို မြှင့်တင်ဖို့ဆောင်ရွက်ရ တယ်။ အဲဒီအချိန်မှာ ကျွန်တော်က ပြန်ဆက် ညွှန်ချုပ်ဖြစ်နေပါပြီ။
ပြန်ဆက် အနေနဲ့ပထမဆုံးဖွင့်လှစ်တဲ့သင်တန်းက အခြေခံသတင်းထောက်သင်တန်း ဖြစ် ပါတယ်။ ၂၀၁၁ ခုနှစ် မတ်လမှာ ဖွင့်တယ်။ အဲဒီ နှစ်ပတ်ကြာသင်တန်းမှာ ပြန်ဆက်က ဒုဦးစီးမှူး နဲ့ အထက် သင်တန်းသား ၂၂ ယောက်တက်တယ်။ သင်တန်းနည်းပြတွေရွေးတော့ ကျွန်တော်က ဝန်ကြီးဌာနသင်တန်းတွေမှာ ပို့ချနေကျ နည်းပြတွေအပြင် အစိုးရနဲ့ ဘက်မတူတဲ့ သတင်းစာ ဆရာတွေကိုလည်း ဖိတ်ရင်ကောင်းမယ်၊ အဲဒါဆိုရင် သင်တန်းသားတွေပိုပြီး အတွေ့အကြုံရမယ် လို့ စဉ်းစားမိတယ်။
ဒါ့ကြောင့် ဆရာမောင်ဝံသ နဲ့ ဆဲဗင်းဒေးက ဆရာ ရဲနိုင်မိုးကို ဖိတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမယ့် ပြင်ပနည်းပြတွေဖိတ်တာ ထိရှလွယ်တဲ့ကိစ္စ ဖြစ်တဲ့အပြင် ဆရာမောင်ဝံသဆိုရင် တပ် မတော် အစိုးရက နိုင်ငံရေးကိစ္စနဲ့ ထောင်ဒဏ်ချမှတ်တဲ့အထိ အပြစ်ပေးခံခဲ့ရသူဖြစ်တဲ့အတွက် ဝန်ကြီး ခွင့်ပြုချက်မပါဘဲ လုပ်လို့မရဘူး။
ဒီတော့ ဝန်ကြီးဗိုလ်မှူးချုပ်ကျော်ဆန်းကို တင်ပြရတယ်။ ဝန်ကြီးက ဆရာမောင်ဝံသကိုတော့ စာတွေကနေ ရင်းနှီးပြီးဖြစ်တဲ့အတွက် သဘောတူတယ်။ ဆရာရဲနိုင်မိုးကိုတော့ သူမသိဘူး။ ဒီတော့ ကျွန်တော်က စာပေစိစစ်ညွှန်ကြားရေးမှူး ကိုတင့်ဆွေကို အကူအညီတောင်းပြီး ဝန်ကြီး ကို ရှင်းပြတော့ လက်ခံပါတယ်။
ဝန်ကြီးခွင့်ပြုချက်ရတော့ ဆရာနှစ်ယောက်ကို ချဉ်းကပ်ပြီး ရှင်းပြရတယ်။ သင်တန်းပို့ချတဲ့အခါ အစိုးရကို ဖြုတ်ချဖို့ တိုက်တွန်းတာကလွဲရင် ကြိုက်တာပြောပါ၊ လက်ရှိ အစိုးရ မီဒီယာတွေရဲ့ အားနည်းချက်တွေကိုလည်း ဝေဖန်လို့ ရပါတယ်လို့ ရှင်းပြပါတယ်။ ဆရာနှစ်ယောက်က လည်း အံ့သြဖို့ကောင်းလောက်အောင် ချက်ခြင်းသဘောတူခဲ့တယ်။
တိုတိုပြောရရင် အဲဒီသင်တန်းက အောင်မြင်တယ်၊ ဝန်ထမ်းတွေရဲ့ သတင်းသမားစိတ်ကို ကောင်း ကောင်းနှိုးဆွပေးနိုင်ခဲ့တယ်။ အဲဒီသင်တန်းပြီးတော့ နည်းပြတွေနဲ့ ပြန်လည်သုံးသပ်ခြင်း လုပ်တဲ့ အခါ ဆရာရဲနိုင်မိုးက ပြန်ဆက် ဝန်ထမ်းတွေက သတင်းထုတ်ပြန်ရေးလုပ်ရမယ့်သူတွေဖြစ် တယ်။ ဒီမိုကရေစီစနစ်ကို သွားမယ်ဆိုရင် အစိုးရရဲ့ သတင်းထုတ်ပြန်ရေးက ပွင့်လင်းမြင်သာရမယ်၊ အဲဒီ အတွက် ကြိုတင်ပြင်ဆင်သင့်တယ်လို့ အကြံပေးပါတယ်။ အဲဒီကနေ ပြန်ဆက် ဝန်ထမ်းတွေ အတွက် ပြည်သူ့ဆက်ဆံရေးအရာရှိသင်တန်း ( Public Relation Training ) ပေးဖို့ စီစဉ်ဖြစ် တယ်။ နည်းပြကတော့ ဆရာရဲနိုင်မိုး တစ်ဦးတည်းပါပဲ။
ဒီလိုနဲ့ ပြည်သူ့ဆက်ဆံရေးအရာရှိသင်တန်း အမှတ်စဉ် ၁ နဲ့ ၂ ကို ၂၀၁၁ ခုနှစ် မေလ နဲ့ သြဂုတ်လ နေပြည်တော်မှာ ဖွင့်တယ်။ သင်တန်းကာလက ငါးရက်။ ပြန်ဆက်က ဒုတိယဦးစီးမှူး ကနေ လက်ထောက်ညွှန်ကြားရေးမှူး အထိ ပါဝင်တဲ့ သင်တန်းသားငါးဆယ်တက်ရောက်ခဲ့တယ်။
အမှတ်စဉ် ၃ ကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ မကွေးမှာဖွင့်တယ်။ ပြန်ဆက်သင်တန်းသား ၂၈ ယောက်တက်တယ်။ အမှတ်စဉ် ၄ ကို ၂၀၁၁ ခုနှစ် အောက်တိုဘာ လားရှိုး မှာ ဖွင့်တယ်။ အဲဒီ သင်တန်းကတော့ ထူးခြားတယ်။ ပြန်ဆက်ဝန်ထမ်း ၂၅ ဦး အပြင် ဒေသခံသတင်းထောက် ၁၇ ဦး ပါတက်ရောက်ခဲ့တယ်။
အဲဒီသင်တန်းလေးခုကို ပြန်ဆက် အစီအစဉ်နဲ့ ဖွင့်ခဲ့ပေမယ့် အမှတ်စဉ် ၅ ကိုတော့ ယူနက်စကို အစီအစဉ်နဲ့ ၂၀၁၂ ဒီဇင်ဘာ နေပြည်တော်မှာဖွင့်တယ်။ နည်းပြက ဆရာရဲနိုင်မိုးပဲ။ ဒါပေမယ့် သင်တန်းသားတွေကတော့ ဝန်ကြီးဌာန ၃၈ ခုက ညွှန်ကြားရေးမှူးနဲ့ အထက် အရာရှိကြီးတွေ ဖြစ်ပါတယ်။
ဆရာရဲနိုင်မိုးက အဲဒီသင်တန်းအားလုံးရဲ့ နောက်ဆုံးနေ့မှာ လက်တွေ့သတင်းစာရှင်းလင်းပွဲ တစ်ခု လုပ်ခိုင်းတယ်။ အကြောင်းအရာကို ဆရာရဲနိုင်မိုးကပဲ ရွေးပေးတယ်။ သင်တန်းသား တစ်ချို့က အစိုးရဘက်က သတင်းစာရှင်းလင်းသူအဖြစ်တာဝန်ယူရပြီး ကျန်တဲ့သင်တန်းသား တွေက သတင်းထောက်အဖြစ်လုပ်ရတယ်။ သင်တန်းသားတွေကို ဆရာ ရဲနိုင်မိုးက ဘယ်လို ဈန်သွင်းပေးထားလဲတော့မသိဘူး၊ သတင်းထောက်အဖြစ်မေးရတဲ့သူတွေက တကယ်ကို အား မနာတမ်း ဘက်စုံက ထောက်ပြမေးတော့တာပဲ။ မှတ်မှတ်ရရ သင်တန်းအမှတ်စဉ် ၂ မှာ ဆရာ ရဲနိုင်မိုး ရွေးပေးတဲ့ အကြောင်းအရာက မြစ်ဆုံစီမံကိန်း လုပ်သင့်/မသင့် ဖြစ်ပြီး ဝန်ကြီးဌာန ကိုယ်စားပြုရတဲ့ သင်တန်းသားတွေ ကောင်းကောင်းအတွယ်ခံရတာမှတ်မိပါသေးတယ်။
ကျွန်တော်ကတော့ သင်တန်းသားမဟုတ်ပေမယ့် နေပြည်တော်မှာလုပ်တဲ့ သင်တန်းတိုင်းမှာ ဆရာရဲနိုင်မိုးပို့ချချက်တွေကို နားထောင်တယ်။ သတင်းစာရှင်းလင်းပွဲလေ့ကျင့်ခန်းကို လေ့လာ တယ်။ နောင် သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ပေးခံရတဲ့အခါ အဲဒီအတွေ့အကြုံတွေ က အများကြီး အသုံးဝင်ခဲ့တယ်။ ဒါ့ကြောင့် သတင်းထုတ်ပြန်ရေးနဲ့ ပတ်သက်တဲ့ ကျွန်တော့်ရဲ့ ဆရာတွေထဲမှာ ဆရာရဲနိုင်မိုးလည်းပါတယ်။
ပြောရေးဆိုခွင့်ရှိသူအဖြစ်တာဝန်ယူရတော့ ဆရာရဲနိုင်မိုးကို အကြောင်းပြုပြီး ဆဲဗင်းဒေး သတင်း ထောက်အတော်များများနဲ့ ဆက်ဆံခဲ့ရတယ်။ ဆဲဗင်းဒေးသတင်းထောက်တွေက အတော် လက်တံ ရှည်တယ်။ သတင်းအစအနရအောင်လိုက်တာတော်တယ်။ အစရတာနဲ့ ကျွန်တော့်ဆီ က အဖြေမရရအောင် ဆက်တိုက် လိုက်တော့တာပဲ။ ဒီတော့ ကျွန်တော့်ကို ကိုးကားပြီး ရေးတဲ့သတင်းတွေ ဆဲဗင်းဒေးမှာ အတော် များများပါတယ်။ အဲဒီလို ပါတဲ့အတွက် တစ်ချို့ မီဒီယာ တွေက ကျွန်တော်ဟာ ဆဲဗင်းဒေးကို မျက်နှာသာပေးတယ်လို့ ဝေဖန်ခဲ့ဖူးတယ်။ အဲဒီလို မဟုတ် ပါဘူး။
ဆဲဗင်းဒေးက ကျွန်တော်နဲ့ ဆက်ဆံတာများလို့ ကျွန်တော့်ကို မျက်နှာသာပေးတယ်လို့လည်းမရှိ ပါဘူး။ သတင်းမီဒီယာဥပဒေ၊ ပြည်သူ့ဝန်ဆောင်မှုဥပဒေကြမ်း တွေနဲ့ပတ်သက်ရင် ဝန်ကြီးက ဦးအောင်ကြည်ဖြစ်ပေမယ့် ကျွန်တော်က ရှေ့ထွက်ရသူဆိုတော့ ဆဲဗင်းဒေးကရေးရင် ကျွန်တော့် ကိုပဲ အဓိကထား ဝေဖန်ခဲ့တာပါ။
ကျွန်တော် ပြန်ကြားရေးဝန်ကြီးတာဝန်ယူရတော့ ဆဲဗင်းဒေးမီဒီယာရဲ့ သတင်းခန်းကို လေ့လာ ချင်တယ်လို့ အကူအညီတောင်းခဲ့တယ်။ သူတို့သဘောတူတဲ့အတွက် ကျွန်တော်၊ ဦးရဲတင့် ( အခု ဒုဝန်ကြီး) နဲ့ ဦးအေးကြွယ် ( အခု ပြန်ဆက်ညွှန်ချုပ် ) သွား ရောက်လေ့လာခဲ့တယ်။ ကိုသောင်းစုငြိမ်း၊ ကိုအားမာန် နဲ့ မငြိမ်းငြိမ်းနိုင်တို့က စိတ်ရှည် လက်ရှည် ရှင်းပြပါတယ်။ သတင်းခန်း အဖွဲ့တွေနဲ့တွေ့ပြီး သိချင်တာမေးခွင့်လည်းရခဲ့ပါတယ်။
တာဝန်က အနားယူပြီးတဲ့အခါကျတော့ ဆဲဗင်းဒေးသတင်းထောက်တစ်ချို့နဲ့ အလုပ် သဘော ဆက်ဆံရေးသာမက ပုဂ္ဂိုလ်ရေးခင်မင်ရင်းနှီးမှုလည်းရှိလာခဲ့တယ်။ ကျွန်တော် မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ( ၂၀၁၀ – ၂၀၁၆ ) အတွက် အချက်အလက်တွေစုဆောင်းတော့လည်း ဆဲဗင်း ဒေးက သူတို့ သတင်းစာ/ဂျာနယ်မှတ်တမ်းတွေကို လေ့လာဖတ်ရှုနိုင်ဖို့ ကူညီပေးခဲ့တယ်။ သတင်းဓာတ်ပုံတွေကို အကူအညီပေးခဲ့တယ်။ မီဒီယာပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး သူတို့ အမြင်တွေကို ဆွေးနွေးပေးခဲ့တယ်။ ဒါ့ကြောင့်လည်း ကျွန်တော့်စာအုပ်အမှာစာမှာ ဆဲဗင်းဒေးက သတင်းသမားတွေကို ကျေးဇူးတင်ကြောင်း သီးခြားဖော်ပြပေးခဲ့တယ်။
ကျွန်တော်နဲ့ ထိတွေ့ဆက်ဆံခဲ့တဲ့ကာလတွေမှာ ဆဲဗင်းဒေးသတင်းသမားတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီပါတီအပေါ်မှာ တိမ်းညွှတ်မှု၊ စာနာမှုရှိတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် အဲဒီအချက်က ဆဲဗင်းဒေး နဲ့ ကျွန်တော့်ဆက်ဆံရေးမှာ အတားအဆီးမဖြစ်ခဲ့ဘူး။ အနောက်နိုင်ငံတွေမှာလည်း သတင်းစာကြီး တွေက ပါတီတစ်ခုခု ဘက်ကို တိမ်းညွှတ်မှုရှိတာပဲဆိုတော့ ကျွန်တော်တို့ အစိုးရ အဖွဲ့နဲ့ ပတ်သက်တဲ့ သတင်းတွေကို ကျင့်ဝတ်နဲ့ အညီရေးသားပေးရင် လုံ လောက်တယ်လို့ပဲ သဘောထားခဲ့တယ်။
အခု ဆဲဗင်းဒေး ရပ်နားသွားပြီဆိုတော့ ကျွန်တော့်မိတ်ဆွေ သတင်းသမားတွေလည်း ဘယ် တွေကို လွင့်စင်ရောက်ရှိသွားကြမလဲဆိုတာ မသိနိုင်ဘူး။ ဒါပေမယ့် သူတို့ နဲ့ဆက်ဆံခဲ့ရတဲ့ ဖြစ်ရပ်တွေကိုတော့ အမြဲသတိရနေမှာပါ။ သူတို့ရှင်သန်နေမယ်၊ တစ်ချိန်မှာ ပြန်လာ လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။