( မတ်လ ၈ ရက်နေ့ ထုတ်ဝေခြင်းလုပ်ငန်းပိတ်သိမ်းခံရတဲ့ မီဒီယာငါးခုလုံးမှာ ကျွန်တော်နဲ့ လုပ်ငန်းသဘောအရ ခင်မင်သိကျွမ်းခဲ့၊ အပြန်အလှန်ဆက်ဆံခဲ့ရတဲ့ သတင်းထောက်တွေရှိပါ တယ်။ ဒါပေမယ့် ဆဲဗင်းဒေး၊ DVB နဲ့ မဇ္ဈိမ သတင်းဌာနတွေကတော့ ပြန်ကြားရေးဝန်ကြီး ဌာန ရဲ့ မီဒီယာပြုပြင်ပြောင်းလဲရေး ( ၂၀၁၁ – ၂၀၁၆) မှာ ပါဝင်ကူညီခဲ့ဖူးတဲ့အတွက် ပိုပြီး အမှတ်တရ ဖြစ် ရပါတယ်။ သူတို့ ကူညီတယ်ဆိုတာ က အစိုးရကို ဖော်လံဖားတာမျိုးမဟုတ်ပါဘူး။ သတင်း သမား ရဲ့ အလုပ်ဖြစ်တဲ့ အစိုးရကို ဝေဖန် ထောက်ပြတာလည်း လုပ်တယ်။ တစ်ဖက်ကလည်း မီဒီယာပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး ဥပဒေပြုရေး၊ လေ့ကျင့်ရေး ကိစ္စတွေမှာ ကူညီ ပေးခြင်းအားဖြင့် သတင်းလွတ်လပ်ခွင့်ရရှိရေးမှာ အထောက်အကူဖြစ်စေမယ်ဆိုတဲ့ စိတ်နဲ့ ကူညီ တာမျိုးဖြစ်ပါတယ်။ အခုဆောင်းပါးတွေက မီဒီယာပြုပြင်ပြောင်းလဲရေးမှာ သူတို့ ပါဝင်ခဲ့တဲ့ အခန်း ကဏ္ဍများကို အမှတ်တရရေးသားလိုက်တာဖြစ်ပါတယ်။ )
မဇ္ဈိမ နဲ့ ပြန်ကြားရေးဆက်ဆံမှုက နည်းနည်းထူးခြားတယ်။ မဇ္ဈိမက ပြန်ကြားရေးကို မီဒီယာလေ့လာရေး၊ လေ့ကျင့်ရေးကိစ္စတွေမှာ ကူညီခဲ့သလို့ ပြန်ကြားရေး ကလည်း မဇ္ဈိမ ကို လုပ်ငန်းတွေ အပ်ပြီးဝင်ငွေရအောင်လုပ်ပေးခဲ့ဖူးတယ်။
အတိုက်အခံမီဒီယာတွေဖြစ်တဲ့ DVB ၊ ဧရာဝတီတို့နဲ့ နှိုင်းယှဉ်လိုက်ရင် မဇ္ဈိမ က ဘဏ္ဍာရေး အင်အားရော၊ ပြည်တွင်းပရိသတ်ရရှိမှုမှာပါ အင်အားသေးတဲ့ မီဒီယာလို့ပြောနိုင်ပါတယ်။ တပ်မတော်အစိုးရလက်ထက် ပြန်ကြားရေးက ပြည်ပ အခြေစိုက် မီဒီယာတွေကို စောင့်ကြည့် တုန့်ပြန်တဲ့အခါ မဇ္ဈိမ ကို ဒုတိယအဆင့် ပဲ ထားပြီး စောင့်ကြည့်တာပါ။ ဦးစားပေးစောင့်ကြည့်သူ တွေကတော့ အဲဒီအချိန်က နိုင်ငံပိုင် သတင်းစာတွေမှာ ဆောင်ပုဒ်တွေနဲ့ တိုက်ခိုက်ခံရ တဲ့မီဒီယာတွေပေါ့။
ဒါအပြင် မဇ္ဈိမရဲ့ လုပ်ငန်းဖွဲ့စည်းပုံက ( ကျွန်တော်တို့ အမြင်) DVB နဲ့ ကွာခြားတာကို တွေ့ရတယ်။ DVB ကတော့ ဒါရိုက်တာအဖွဲ့ Board of Director ရဲ့ ကြီးကြပ်မှုနဲ့ ဆောင်ရွက်ရတယ်။ ပြန်ကြားရေးနဲ့ ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စတွေဆိုရင်လည်း ဒါရိုက်တာအဖွဲ့ရဲ့ လမ်းညွှန်မှုကို ယူရတယ်။ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ မီဒီယာလေ့လာရေး အဖွဲ့ နော်ဝေကိုရောက်တော့လည်း DVB မှာ လက်တွေ့လုပ်နေတဲ့ သူတွေနဲ့ ဆွေးနွေးရသလို ဒါရိုက်တာ အဖွဲ့နဲ့လည်းတွေ့ဆုံဆွေးနွေး ရတယ်။ ဦးဟန်ယောင်ဝေ၊ ဘာတေးလ်လစ်တနာ တို့ဟာ အဲဒီ ဒါရိုက်တာအဖွဲ့ဝင်တွေပေါ့။ နိုင်ငံခြားသားဒါရိုက်တာအဖွဲ့ဝင်တွေလည်း ပါတယ်။
မဇ္ဈိမ နဲ့ ဆက်ဆံချိန်မှာ အဲဒီလို ဒါရိုက်တာအဖွဲ့နဲ့ တစ်ကြိမ်တစ်ခါမှ မဆက်ဆံခဲ့ဖူးဘူး။ ဒါရိုက်တာ အဖွဲ့ရှိတယ်ဆိုရင်တောင် ကျွန်တော်တို့ မသိခဲ့ရဘူး။ ကိုစိုးမြင့်၊ ကိုစိန်ဝင်း ညီအကို ရယ်၊ ကိုစိုးမြင့် ဇနီး မသင်းသင်းအောင် ရယ်နဲ့ပဲ ဆက်ဆံခဲ့ရတယ်။ သူတို့ ပြီးရင် ပြီးတာပဲ။ ဒီတော့ ပြန်ကြားရေးဘက်က DVB က ပုံမှန်မီဒီယာအဖွဲ့အစည်းပုံစံနဲ့ ဖွဲ့စည်းထားတယ်၊ မဇ္ဈိမ ကတော့ မိသားစုပိုင် မီဒီယာလုပ်ငန်းပုံစံနဲ့အလုပ်လုပ်တယ်လို့ ပဲမြင်ခဲ့တယ်။ အဲဒီလိုပဲ သဘော ထားဆက်ဆံခဲ့တယ်။
ပြည်ပအခြေစိုက်သတင်းမီဒီယာတွေကို မြန်မာနိုင်ငံလာရောက်ခွင့်ပြုတဲ့အချိန် အစောဆုံး ရောက်လာတဲ့အထဲမှာ ကိုစိန်ဝင်းပါတယ်။ ကျွန်တော်မှတ်မိသလောက် သူက ဝန်ကြီး ဦးအောင်မင်း တို့ အဆက်နဲ့ ဝင်လာတာ။ ကိုစိန်ဝင်းက ပြန်ကြားရေးကိုလာတွေ့ပြီး မီဒီယာပြုပြင်ပြောင်းလဲရေး အခြေအနေတွေကို မေးတယ်။ ၂၀၁၂ မတ် နိုင်ငံတကာမီဒီယာ ဆွေးနွေးပွဲလုပ်တော့ ကိုစိုးမြင့် လာတက်တယ်။ အဲဒီဆွေးနွေးပွဲအပြီးမှာ မဇ္ဈိမ သတင်းဌာနကို မြန်မာနိုင်ငံအတွင်းပြောင်းရွှေ့ဖွင့်လှစ်မယ်လို့ ကြေညာခဲ့တယ်။
အဲဒီအချိန်မှာ ဝန်ကြီး ဦးကျော်ဆန်းက ဥရောပ သတင်းမီဒီယာတွေကို လေ့လာသလို အာရှ ဒီမိုကရေစီနိုင်ငံတွေက သတင်းမီဒီယာတွေကိုလေ့လာချင်တယ်။ အထူးသဖြင့် စာနယ် ဇင်းကောင်စီဖွဲ့တဲ့အခါ အာရှတိုက်အတွေ့အကြုံကို သုံးချင်တယ်။ မဇ္ဈိမ က အိန္ဒိယနိုင်ငံကို အခြေခံလှုပ်ရှားခဲ့တာဆိုတော့ အာရှဒီမိုကရေစီနိုင်ငံတွေက စာနယ်ဇင်းကောင်စီတွေနဲ့ အဆက် အဆံရှိတယ်။ ဒ့ါကြောင့် မဇ္ဈိမ က အိန္ဒိယ၊ သီရိလင်္ကာ၊ အင်ဒိုနီးရှား စာနယ်ဇင်းကောင်စီတွေကို လေ့လာနိုင်ဖို့ ဆက်သွယ်ပေးတယ်။ ခရီးစဉ်ကုန်ကျစရိတ်ကို International Media Support , IMS က အကူအညီပေးတယ်။ အဲဒီခရီးစဉ်ကို ၂၀၁၂ ဇူလိုင်လမှာ အကောင်အထည်ဖော်တယ်။ ပြန်ကြားရေးက ညွှန်ချုပ် ဦးတင့်ဆွေ၊ ဦးရဲတင့် နဲ့ ပုဂ္ဂလိက သတင်းမီဒီယာသမားတွေ ပါသွား ပြိး နိုင်ငံသုံးနိုင်ငံရဲ့ စာနယ်ဇင်းကောင်စီဖွဲ့စည်းမှုတွေကို လေ့လာတယ်။ မဇ္ဈိမ ကိုစိုးမြင့်က ဆက်ဆံရေး တာဝန်ခံအဖြစ်လိုက်သွားတယ်။
နေ့စဉ်သတင်းစာတွေထုတ်တော့ မဇ္ဈိမကလည်း သတင်းစာတစ်စောင်ထုတ်တယ်။ အဲဒီ အချိန်က ပုဂ္ဂလိက သတင်းစာအများစု ရင်ဆိုင်ရသလိုပဲ အရှုံးနဲ့ ရင်ဆိုင်ရတဲ့သတင်းတွေကြားရတယ်။ သူတို့ သတင်းစာမှာ စီးပွားရေးလုပ်ငန်းရှင်တွေ အစုရှယ်ယာဝင်လာအောင်ကိုစိုးမြင့်တို့ ကြိုးစာနေတာလည်း မြင်ရတယ်။
မြန်မာ့အသံ ညွှန်ချုပ် ကိုတင့်ဆွေကတော့ ပြည်တွင်း ကို အစောကြီးပြန်ဝင်လာတဲ့ မဇ္ဈိမ ဆက်ပြီး ရပ်တည်နိုင်အောင် အတော်ကူညီပေးခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်ထဲမှာ မဇ္ဈိမသတင်းစာ ဘက်မှာ အခက်အခဲတွေကြုံ နေတော့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက မဇ္ဈိမ မီဒီယာကနေ ရုပ်သံ အစီအစဉ် တွေဝယ်ပေးတယ်။ အပတ်စဉ် ပုံမှန် လွှင့်တယ်။ မှတ်မိသလောက်တော့ ခရီးသွားနဲ့ အမျိုးသမီး ကဏ္ဍ အစီအစဉ်တွေပါတယ်။ တစ်ဖက်မှာ မြန်မာ့အသံက နယ်သတင်း ဗျူရို တွေ ဖွင့်ဖို့ ဝန်ကြီးဌာန ဘတ်ဂျက် နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ သတင်းရိုက်ကူး တည်းဖြတ်ရေးသင်တန်းတွေ၊ လက်တွေ့လေ့ကျင့်ခန်းတွေလုပ်တဲ့အခါ မဇ္ဈိမကို ဖိတ်ခေါ်ခဲ့ပြီး လိုအပ်တဲ့ ကုန်ကျစရိတ်တွေ ထုတ်ပေးခဲ့တယ်။
၂၀၁၃ SEA Game မှာ ပြန်ကြားရေးက အားကစားပွဲ မီဒီယာစင်တာကို တာဝန်ယူရတဲ့အခါ မီဒီယာစင်တာရဲ့ လုပ်ငန်းတစ်ခုဖြစ်တဲ့ မီဒီယာဆက်ဆံရေးလုပ်ငန်းကို လုပ်ဖို့ မဇ္စိျိမ ကို ငှားခဲ့ တယ်။ အဓိက တာဝန်ကတော့ ပြည်ပသတင်းထောက်များဗီဇာလေ ျှာက်ထားခြင်း၊ ပြည်တွင်း ပြည်ပသတင်းထောက်များ ပြိုင်ပွဲအတွင်းဝင်ခွင့်ကတ်ပြားများထုတ်ပေးခြင်း ကိစ္စများကို ဆောင်ရွက်ဖို့ နဲ့ ပြိုင်ပွဲ သတင်းလွှာ ထုတ်ဝေပေးဖို့ဖြစ်ပါတယ်။
အဲဒီလုပ်ငန်းကို တကယ်တန်း တာဝန်ခံရတာက သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ဖြစ်ပါတယ်။ ဒါ့ကြောင့် မဇ္ဈိမ က လုပ်ငန်းလုပ်တဲ့အခါ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေး မှူး ကိုကျော်စိုးအောက်မှာ လုပ်ရတယ်။
အဲဒီလို လုပ်နေရင်းနဲ့ ဘာအဆင်မပြေဖြစ်လဲမသိဘူး။ ကိုစိုးမြင့်က ပြန်ကြားရေးကို ဆန္ဒပြတဲ့ အကြောင်း ဝှိုက်ဘုတ်မှာရေးသားထားတာ မီဒီယာတွေမှာပါလာတော့ ကိုတင့်ဆွေ နဲ့ ကျွန်တော် သွားဖြေရှင်းပေးရသေးတယ်။ အလုပ်သဘောအရ ပြောရင် ပြန်ကြားရေးက မဇ္ဈိမ ကို အခကြေး ငွေပေးပြီး ငှားရမ်းထားတာဖြစ်တဲ့အတွက် ဆန္ဒပြတယ်ဆိုရင်စာချုပ်ဖျက်သိမ်းပြီး အလုပ်ရပ်ဆိုင်း ဖို့ပဲရှိတယ်။ ဝန်ကြီးဦးအောင်ကြည်ကလည်း အဲဒီကိစ္စကို အတော်စိတ်ဆိုးခဲ့တယ်။ ကျွန်တော် တို့ ကတော့ ကိုစိုးမြင့် အကြောင်း သိနေလို့ အဆင်ပြေအောင်ဖြေရှင်းပြီး မဇ္ဈိမ ကိုပဲ ပြိုင်ပွဲပြီးတဲ့ အထိ ဆက်တာဝန်ပေးခဲ့ပါတယ်။
၂၀၁၂ ခုနှစ်က စပြီး နှစ်စဉ်ပုံမှန်ကျင်းပတဲ့ နိုင်ငံတကာ မီဒီယာဆွေးနွေးပွဲမှာလည်း မဇ္ဈိမက ပါဝင်ခဲ့ပါတယ်။ ပြန်ကြားရေးနဲ့ IMS သဘောတူညီချက်အရ သတင်းစာအတတ်ပညာကျောင်း ဖွင့်တော့ ကိုစိန်ဝင်းပါဝင်ဆောင်ရွက်တယ်။ ၂၀၁၆ နောက်ပိုင်းမှာ တော့ မဇ္ဈိမ ကလည်း မြန်မာအသံနဲ့ ရုပ်မြင် သံကြားရဲ့ ရုပ်သံလိုင်း တစ်ခုကို စာချုပ်ချုပ်ဆို ငှားရမ်း ပြီးလွှင့်တယ်။ ကြော်ငြာရရှိမှုအခြေအနေအရ အကျိုးအမြတ်ရဖို့အတော်ရုန်းကန် ရမယ့် အခြေအနေကို မြင်ခဲ့ရတယ်။
နောက်တော့ အစုရှယ်ယာရှင်အပြောင်းအလဲကြောင့်လား၊ အခြား အကြောင်းကြောင့် လားမသိဘူး၊ ပုဇွန်တောင်မှာ ရုံးဖွင့်ထားရာကနေ သံလျင် Star City ကို ပြောင်းသွားရတယ်။ ရုံးခန်းငှားရမ်းခသက်သာတယ်ဆိုရင်တောင် နေ့စဉ်ဝန်ထမ်းအကြိုအပို့လုပ်ရတာ၊ ရိုက်ကူး ရေးမှာ ပါဝင်မယ့် ပြင်ပဧည့်သည်တွေကို အကြိုအပို့လုပ်ရတာနဲ့ အတော်ဝန်ပိမယ့် အခြေအနေ ပဲ။
ကျွန်တော်ကတော့ ၂၀၁၆ နောက်ပိုင်း မဇ္ဈိမ စကားဝိုင်းတစ်ချို့မှာ ပါဝင်ဆွေးနွေးဖူးတယ်။ သံလျင်ပြောင်းသွားတော့ ဝေးတဲ့အတွက် မသွားဖြစ်တော့ဘူး။ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ မဇ္ဈိမ က နေ့စဉ် ကြိုပို့လုပ်ပေးလို့ Star City မဇ္ဈိမ ရိုက်ကူးရေးခန်းမမှာ သုံးရက် ဆက်တိုက်ပါဝင်ဆွေးနွေးခဲ့တယ်။ အဲဒီအချိန်က ကိုစိုးမြင့်၊ ကိုစိန်ဝင်း နဲ့ မသင်းသင်းအောင်တို့ သုံးယောက်လုံးနဲ့ နောက်ဆုံးဆုံခဲ့ရတာပဲ။
အခုတော့ မဇ္ဈိမ လည်း DVB လိုပဲ ၂၀၁၁ မတိုင်ခင်က ပြည်ပအခြေစိုက်မီဒီယာအခြေအနေကို ပြန်ရောက်သွားပါပြီ။ ဒါပေမယ့် ၂၀၁၁ – ၂၀၁၆ မီဒီယာပြုပြင် ပြောင်းလဲရေးကာလ မှာ မဇ္ဈိမ နဲ့အပြန်အလှန်ပူးပေါင်းဆောင်ရွက်ခဲ့ရတာတွေကတော့ အမှတ်တရ ကျန်နေမှာပါ။