ဖေ့စ်ဘွတ်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေတဲ့ Quad အဖွဲ့ဆိုတာ ဘာလဲ
လေးပွင့်ဆိုင် ( Quad ) အစ
Quad ရဲ့ အမည်အပြည့်အစုံက Quadrilateral Security Dialogue (QSD) လေးပွင့်ဆိုင် လုံခြုံရေးဆွေးနွေးပွဲ ဖြစ်ပါတယ်။ လေးပွင့်ဆိုင်ဆိုတာ အမေရိကန်၊ သြစတေးလျ၊ ဂျပန် နဲ့ အိန္ဒိယနိုင်ငံလေးနိုင်ငံကို ရည်ညွှန်းတာ ဖြစ် ပါတယ်။
လေးပွင့်ဆိုင် အဖွဲ့မပေါ်ခင်မှာ သုံးပွင့်ဆိုင်လုံခြုံရေးဆွေးနွေးပွဲ Trilateral Strategic Dialogue (TSD) ဆိုတာ အရင်ပေါ်ခဲ့တယ်။ အဲဒီအဖွဲ့မှာ အမေရိကန်၊ သြစတေးလျ နဲ့ ဂျပန်ပါဝင်ပြီး ၂၀၀၂ ခုနှစ်မှာ စတင်ခဲ့တယ်။ ရည်ရွယ်ချက်ကတော့ စက်တင်ဘာ ၁၁ တိုက်ခိုက်မှုနောက်ပိုင်း အမေရိကန်နိုင်ငံရဲ့ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးစစ်ပွဲ အတွက်အာရှဒေသမှာ ပူးပေါင်းဆောင် ရွက်ဖို့ ဖွဲ့စည်းခဲ့တာဖြစ်တယ်။ ပထမတော့ သုံးနိုင်ငံက ကာကွယ်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိ ကြီးများအဆင့်ဆွေးနွေးပွဲတွေလုပ်တယ်။ ၂၀၀၅ ခုနှစ်မှာတော့ ဝန်ကြီး အဆင့်ဆွေးနွေးပွဲအဖြစ် အဆင့်မြှင့်တင်ခဲ့တယ်။
လေးပွင့်ဆိုင်အဖွဲ့အယူအဆကို စပြောခဲ့တာက ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ အာဘေးက အင်ဒို – ပစိဖိတ် လုံခြုံရေး နယ်ဝန်း ဆိုတဲ့အယူအဆ နဲ့ အမေရိကန်၊ သြစတေးလျ၊ ဂျပန်၊ အိန္ဒိယ လေးပွင့်ဆိုင်လုံခြုံရေးဆွေးနွေးပွဲ ဆိုတဲ့အယူအဆကို တင်ပြခဲ့တယ်။
ဝန်ကြီးချုပ်အာဘေးက အာရှတိုက်မှာ တရုတ်နိုင်ငံရဲ့ သြဇာချဲ့ထွင်လာမှုကို လေးနိုင်ငံပေါင်း ပြီး ခုခံကာကွယ်ရမယ်။ ဒီလေးနိုင်ငံဟာ “ အာရှဒီမိုကရေစီလုံခြုံရေးစိန်ပွင့်” (“Asia’s democratic security diamond”) အဖြစ်တာဝန်ယူရမယ်လို့ ဆိုတယ်။ အဲဒီအယူအဆကို ကျန်တဲ့ သုံးနိုင်ငံက လက်ခံတဲ့အတွက် လေးပွင့်ဆိုင်အဖွဲ့ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လေးပွင့်ဆိုင် အဖွဲ့ အဆင့်မြင့်အရာရှိကြီးတွေကြားမှာ အလွတ်သဘောတွေ့ဆုံမှုတွေပဲများတယ်။ မူဝါဒတွေ၊ ရည်မှန်းချက်တွေ တိတိကျကျ ချမှတ်ပြီးဆောင်ရွက်တာမျိုး၊ ပုံမှန် အစည်းအဝေးကျင်းပ တာမျိုး မရှိဘူး။ ၂၀၀၈ နဲ့ ၂၀၁၀ ကြားမှာဆိုရင် တရုတ်နိုင်ငံရဲ့ ဖိအားကြောင့် သြစတေးလျနိုင်ငံက လေးပွင့်ဆိုင် အဖွဲ့မှာ ပါဝင်ဆွေးနွေးမှုတွေကို လက်ရှောင်နေခဲ့ဖူးတယ်။
အင်ဒို – ပစိဖိတ်မဟာဗျူဟာ နှင့် လေးပွင့်ဆိုင်အဖွဲ့
အမေရိကန် သမ္မတ ထရမ့် က တရုတ်နိုင်ငံကို ထိန်းချုပ်ဖို့အတွက် အင်ဒို – ပစိဖိတ် မဟာဗျူဟာ ကို ချမှတ်တဲ့အချိန်မှာ လေးပွင့်ဆိုင်အဖွဲ့ က ပိုပြီးအရေးပါလာတယ်။ ဒါ့ကြောင့် ၂၀၁၇ ခုနှစ် မနီလာ အာဆီယံ ထိပ် သီး အစည်းအဝေးလာတက်တဲ့ အမေရိကန် သမ္မတ ထရမ့် နဲ့ ဂျပန်၊ အိန္ဒိယ သြ စတေးလျ ဝန်ကြီးချုပ်တွေ တွေ့ဆုံဆွေးနွေးပြီးနောက် လေးပွင့်ဆိုင် အဖွဲ့ဝင် နိုင်ငံတွေကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့၊ တောင်တရုတ် ပင်လယ်အတွင်း လွတ် လပ်စွာရေကြောင်းသွားလာခွင့်ကို ကန့်သတ်ရာရောက်တဲ့ တရုတ်နိုင်ငံရဲ့ ဆောင်ရွက်ချက်တွေ ကို တားဆီးဖို့ သဘောတူခဲ့ကြတယ်။
အဲဒီနောက်မှာတော့ လေးပွင့်ဆိုင်အဖွဲ့ဝင်နိုင်ငံတွေကြားပူးပေါင်းဆောင်ရွက်မှုကို နိုင်ငံခြားရေး ဝန်ကြီးအဆင့်မြှင့်တင်ဖို့ သဘောတူခဲ့ကြတယ်။ ၂၀၁၉ ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပနေချိန်မှာ လေးပွင့်ဆိုင်အဖွဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ ပထမဆုံး အစည်းအဝေးကျင်းပနိုင် ခဲ့တယ်၊ ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်တွေမှာလည်း နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးတွေ လုပ် နိုင်ခဲ့တယ်။
၂၀၂၁ ထိပ်သီးဆွေးနွေးပွဲ
၂၀၂၁ မတ်လ ၁၂ ရက်နေ့မှာတော့ အမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒန်ရဲ့ ဖိတ်ကြားမှုနဲ့ လေးပွင့်ဆိုင်အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေကြားမှာ ပထမ ဆုံးအကြိမ် အွန်လိုင်း ထိပ်သီးအစည်းအဝေးကျင်းပနိုင်ခဲ့တယ်။ ဒီအစည်းအဝေးက အမေရိကန်သမ္မတ သစ် ဂျိုးဘိုင်ဒန်အနေနဲ့ ထရမ့်ရဲ့ လွတ်လပ်ပွင့်လင်း တဲ့ အင်ဒို – ပစိဖိတ်ဒေသ မဟာဗျူဟာကို ဆက်လက်ကျင့်သုံးမယ်လို့ အချက်ပြလိုက်တာဖြစ်ပါတယ်။
ဒါပေမယ့် ဂျိုးဘိုင်ဒန်က အာဆီယံအပါအဝင် အင်ဒို – ပစိဖိတ်ဒေသတွင်းနိုင်ငံတွေအနေနဲ့ အမေရိ ကန်နဲ့ တရုတ် ကြား တစ်ခုခုကို ရွေးရမယ်ဆိုတဲ့ အကျပ်အတည်းမျိုးမဖြစ်အောင် သတိထားခဲ့ တယ်။ ဒါဟာ ထရမ့် ရဲ့ လေးပွင့်ဆိုင်အဖွဲ့အပေါ်ချဉ်းကပ်ပုံနဲ့ အဓိက ကွာခြားတဲ့အချက်ဖြစ်ပါ တယ်။ ဂျိုးဘိုင်ဒန်က လေးပွင့်ဆိုင်အဖွဲ့ဟာ ဒေသတွင်းတည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးအတွက် ရွေးချယ်စရာအခွင့်အလမ်းတွေပိုများလာအောင် အထောက်အကူပြုတဲ့အဖွဲ့ဆိုတဲ့ ပုံရိပ်ကို ဖော်ဆောင်ခဲ့တယ်။ လေးပွင့်ဆိုင်အဖွဲ့ဟာ စစ်ရေးမဟာမိတ်မဟုတ်ဘူး။ အာရှတိုက်ရဲ့ နေတိုး အဖွဲ့မဟုတ်ဘူးဆိုတဲ့ သတင်းစကားကို ပါးခဲ့တယ်။
ဒ့ါကြောင့် ထိပ်သီးအစည်းအဝေးပြီးထုတ်ပြန်ချက်မှာ တရုတ်နိုင်ငံကို ရည်ညွှန်းဝေဖန်တဲ့ စကားလုံးတွေမပါဘူး။ အင်ဒို ပစိဖိတ်ဒေသကို လွတ်လပ် ပွင့်လင်းတဲ့ ၊ နိုင်ငံအားလုံးက နိုင်ငံတကာ ဥပဒေများ ၊ ဒီမိုကရေစီစံနှုန်းများနဲ့ ကိုက်ညီစွာ ရပ်တည်တဲ့ ၊ ဖိအားပေး အနိုင်ကျင့်မှု ကင်းလွတ်တဲ့ဒေသအဖြစ်တည်ဆောက်မယ်လို့ပဲပြောခဲ့တယ်။ လတ်တလောဦးစားပေးလုပ်ငန်း အနေနဲ့ လွတ်လပ်ပြီး ဥပဒေနဲ့ ကိုက်ညီတဲ့ရေကြောင်းကုန်သွယ်မှုစနစ်ပေါ်ပေါက်ဖို့၊ ဒေသတွင်းမှာ ကိုဗစ်ရောဂါ ကာကွယ်ဆေးများအခမဲ့ဖြန့်ဝေပေးနိုင်ဖို့၊ ရာသီဥတုပြောင်းလဲမှု အရေးကို ကိုင်တွယ်ဖြေရှင်းဖို့နဲနည်းပညာဖွံ့ဖြိုးမှု အစီအစဉ်တွေအကောင်အထည်ဖော်ဖို့ ကို ပဲ ဦးစားပေးဖော်ပြခဲ့တယ်။
ထူးခြားတဲ့အချက်ကတော့ လေးပွင့်ဆိုင်အဖွဲ့ရဲ့ အနာဂတ်လုပ်ငန်းစဉ်တွေကို တိတိကျကျ ချမှတ် နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ အရင်က လေးပွင့်ဆိုင်အဖွဲ့ကို အပြောသက်သက်ပဲ လို့ဝေဖန်နေမှု တွေကို ရပ်ဆိုင်းသွားစေပါတယ်။ ထိပ်သီးအစည်းအဝေးအပြီးမှာ လေးနိုင်ငံခေါင်းဆောင်တွေက ကိုဗစ် ကာကွယ်ရေးထုတ်လုပ်မှု၊ ရာသီဥတုပြောင်းလဲမှု နဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ လုပ်ငန်းကော်မတီသုံးခုကို ဖွဲ့စည်းခဲ့တယ်။ တစ်နှစ်တစ်ကြိမ် နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်း အဝေးတွေကျင်းပဖို့ သဘောတူခဲ့တယ်။ နောက်ပြီး လေးနိုင်ငံခေါင်းဆောင်တွေ ဒီနှစ်မကုန်ခင် လူချင်းတွေ့ဆုံတဲ့ ထိပ်သီးအစည်းအဝေးတစ်ခု ကျင်းပဖို့လည်း သဘောတူခဲ့တယ်။
မာလာဘာ ( Malabar) စစ်ရေးလေ့ကျင့်မှု
တကယ်တော့ မာလာဘာ ရေတပ်လေ့ကျင့်ခန်းက ၁၉ ၉ ၂ ခုနှစ်ထဲက အမေရိကန် ၊ အိန္ဒိယ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုအနေနဲ့ စတင်ခဲ့တာပါ။ ၂၀၀၇ နောက်ပိုင်းမှာ ဂျပန် ကနှစ်စဉ်ပါဝင် လေ့ ကျင့်တယ်။ သြစတေးလျက ၂၀၀၇ မှာ တစ်ကြိမ်ပါတယ်။ နောက်ပိုင်း နှစ်တွေမှာ မပါတော့ဘဲ ၂၀၂၀ ရောက်မှ ပြန်ပါလာ တယ်။
စစ်ရေးလေ့ကျင့်တဲ့နေရာတွေကလည်း အိန္ဒိယနိုင်ငံ ကမ်းခြေ၊ ဖိလစ်ပိုင်ပင်လယ်ပြင်၊ ဂျပန်ပင်လယ်ပြင်၊ ပါရှန်ပင်လယ်ကွေ့၊ အာရေဗီယန်ပင်လယ် နဲ့ ဘင်္ဂလားပင်လယ်အော် တွေဖြစ် ပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာ လေ့ကျင့်ခဲ့တာ ငါးကြိမ် ( ၂၀၀၇၊ ၂၀၁၂ ၊ ၂၀၁၅ ၊ ၂၀၁၇ နဲ့ ၂၀၂၀ ) ရှိတယ်။
၂၀၂၀ နိုဝင်ဘာလထဲမှာ ပြုလုပ်တဲ့ မာလာဘာ စစ်ရေးလေ့ကျင့်မှုမှာ အဆင့်နှစ်ဆင့်ပါတယ်။ ပထမအဆင့်က ဘင်္ဂလားပင်လယ်အော်မှာ လုပ်တယ်။ ဒုတိယအဆင့်က အရှေ့အလယ်ပိုင်း အာရေဗီယန် ပင်လယ်ပြင်မှာလုပ်တယ်။ ဒါဟာ ၂၀၀၇ နောက်ပိုင်း ပထမဆုံးအကြိမ် လေးပွင့်ဆိုင်နိုင်ငံတွေရဲ့ ပူးပေါင်းလေ့ကျင့်ခန်းဖြစ်ပါတယ်။ အဲဒီလေ့ကျင့်ခန်းနဲ့ ၂၀၂၁ ထိပ်သီး ဆွေးနွေးပွဲဟာ လေးပွင့်ဆိုင်အဖွဲ့ အနေနဲ့ အင်ဒို – ပစိဖိတ်ဒေသမှာ တက်တက်ကြွကြွ ပါဝင် လှုပ်ရှားတော့မယ်ဆိုတာကို သက်သေပြလိုက်တာပဲဖြစ်ပါတယ်။
ဒါပေမယ့် အခု ထိပ်သီးအစည်းအဝေးကြေညာချက်မှာတော့ လေးနိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှု တွေရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး တိတိကျကျ ဖော်ပြထားတာမတွေ့ရဘူး။
လေးပွင့်ဆိုင်အဖွဲ့ နဲ့ မြန်မာနိုင်ငံ
လေးပွင့်ဆိုင်အဖွဲ့ဝင်နိုင်ငံတွေမှာ လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီး သဘောထား သုံးခုရှိတယ်လို့ ပြောနိုင်ပါတယ်။ အမေရိကန် နဲ့ သြစတေးလျကတော့ တင်းမာတဲ့သဘောထားရှိ တယ်။ ဒဏ်ခတ်အရေးယူမှုတွေကို ပြင်းပြင်းထန်ထန်လုပ်မှာပဲ။ ဂျပန်ကတော့ ၂၀၁၁ မတိုင်မီက အခြေအနေလိုပဲ မြန်မာနိုင်ငံနဲ့ လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေမလုပ်ဘူး၊ ဒဏ်ခတ် အရေးယူမှုတွေကို အကန့်အသတ်နဲ့လုပ်မယ်။ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကို ဆက်ပေးမယ်ဆိုတဲ့ မူအတိုင်းရပ်တည်မယ့်အခြေအနေရှိပါတယ်။
အိန္ဒိယကတော့ မြန်မာ နိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ထောက်ခံပေမယ့် တစ်ဖက်မှာလည်း ပထဝီနိုင်ငံရေးအခြေအနေအရ တရုတ် သြဇာပိုပြီး ကြီးမားမလာအောင် ထိန်းထိန်းသိမ်းသိမ်းလုပ်မယ့် အခြေအနေမှာရှိတယ်။
ဒါ့ကြောင့်လည်း လေးပွင့် ဆိုင်ထိပ်သီးအစည်းအဝေး ကြေညာချက်မှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး “ မြန်မာနိုင်ငံနှင့် မြန်မာ့ပြည်သူများကို အစဉ်အဆက်ထောက်ခံခဲ့သော ကျွန်ုပ်တို့ အနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီအမြန်ပြန်လည်ရရှိရန် နှင့် ဒီမိုကရေစီ စနစ်ရှင်သန်ခိုင်မာရေး အတွက် ဦးစားပေးဆောင်ရွက်ရန် လိုအပ်ကြောင်း အလေးထားဖော်ပြအပ်ပါသည်။ As long-standing supporters of Myanmar and its people, we emphasize the urgent need to restore democracy and the priority of strengthening democratic resilience.” လို့ပဲ ဖော်ပြ ထားတာကို ကြည့်ရင် လေးနိုင်ငံလုံးရဲ့ သဘောထားကို ညှိပြီး ရေးထားတယ်ဆိုတာ တွေ့နိုင်ပါ တယ်။
နဝတ/နယက အစိုးရကာလနဲ့ ဦးသိန်းစိန် အစိုးရ ကာလမှာ မြန်မာနိုင်ငံအနေနဲ့ လေးပွင့်ဆိုင် အဖွဲ့လှုပ်ရှားမှုတွေအပေါ် အလေးထားမှုမရှိခဲ့ပါဘူး။ တရုတ်ဆန့်ကျင်ရေးအဖွဲ့လို့ပဲ မြင်ခဲ့ပုံ ရပါ တယ်။ ဒါပေမယ့် သမ္မတ ဘိုင်ဒန် ရဲ့ အစီအစဉ်အရဆိုရင်တော့ လေးပွင့်ဆိုင်အဖွဲ့ဟာ အရှေ့ တောင်အာရှ အပါ အဝင် အင်ဒို – ပစိဖိတ်ဒေသအတွင်း နိုင်ငံရေး၊စီးပွားရေး၊ လုံခြုံရေးဆိုင်ရာ ကဏ္ဍ အားလုံးမှာ တက် တက်ကြွကြွ ပါဝင်လှုပ်ရှားလာမယ့်အခြေအနေရှိပါတယ်။ အဖွဲ့ဝင် လေးနိုင်ငံရဲ့ စီးပွားရေး၊ ကာကွယ်ရေး အင်အားအရလည်း အဲဒီလို လုပ်ဆောင် နိုင်စွမ်းရှိပါတယ်။
အရင်ကတော့ အာရှဒေသမှာ အာဆီယံအဖွဲ့က ဒေသတွင်းရေးရာများမှာ အတက်ကြွဆုံး လှုပ်ရှားတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ အခုတော့ လေးပွင့်ဆိုင်အဖွဲ့ကလည်း အာဆီယံ နဲ့အပြိုင် လှုပ်ရှားမယ့်အလားအလာရှိပါတယ်။
ဒ့ါကြောင့် အမေရိကန်ကို မကြိုက်ဘူးဆိုရင်တောင် အာရှဒေသမှာ လေးပွင့်ဆိုင်အဖွဲ့ရဲ့ အနေ အထားကို လျစ်လျူရှုလို့မရတော့ဘူးလို့ သုံးသပ်မိပါတယ်။