လာမယ့် ဧပြီလ ၂၄ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး အာဆီယံ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။ ဒီဆွေးနွေးပွဲက နှစ်စဉ်ကျင်းပနေကျ အာဆီယံ ထိပ်သီးအစည်းအဝေးမဟုတ်ပါဘူး။ လိုအပ်ချက်အရ ကျင်းပတဲ့ သီးခြားအစည်းအဝေး ဖြစ်ပါတယ်။
ဒီအစည်းအဝေးဟာ မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီး အာဆီယံခေါင်းဆောင်တွေ ကြား ညှိနှိုင်းတိုင်ပင်ဆွေးနွေးရတဲ့ ဒုတိယမြောက်ထိပ်သီးအစည်းအဝေးလို့ ပြောနိုင်ပါတယ်။
မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး အာဆီယံခေါင်းဆောင်တွေ ပထမအကြိမ်ဆွေးနွေးခဲ့တာက ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၁၃ ကြိမ် မြောက် အာဆီယံထိပ်သီးအစည်းအဝေးဖြစ်ပါတယ်။
၂၀၀၇ အတွေ့အကြုံ
အဲဒီ ထိပ်သီးအစည်းအဝေးမကျင်းပမီ မြန်မာနိုင်ငံမှာ ရွှေဝါရောင်တော်လှန်ရေးလို့ လူသိများတဲ့ ၂၀၀၇ စက်တင်ဘာအရေးအခင်း ဖြစ်တယ်။ အဲဒီအရေးအခင်းနောက်ဆက်တွဲအနေနဲ့ အမေရိ ကန် နဲ့ ဥရောပသမဂ္ဂ က မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့တယ်။
ဒါ့ အပြင် အာဆီယံအဖွဲ့ကြီးအနေနဲ့လည်း မြန်မာနိုင်ငံအပေါ် အရေးယူမှု၊ ရှုံ့ချမှုတွေ ပြုလုပ်ဖို့ အနောက်အုပ်စုနိုင်ငံများက ဖိအားပေးခဲ့ကြတယ်။ အမေရိကန် က ဆိုရင် အာဆီယံက မြန်မာ နိုင်ငံအပေါ် အရေးယူမှုမလုပ်ဘူးဆိုရင် အာဆီယံ – အမေရိကန် လွတ်လပ်သော ကုန်သွယ်မှု ဇုန် ဆိုင်ရာဆွေးနွေးပွဲတွေကို ထိခိုက်နိုင်တယ်လို့ သတိပေးခဲ့တယ်။ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့ အစည်းတွေကတော့ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ်ကနေ ဆိုင်းငံ ဒါမှမဟုတ် ထုတ်ပယ် ဖို့ အထိ တောင်းဆိုခဲ့ကြတယ်။
တိုက်ဆိုင်ချင်တော့ ၂၀၀၇ ထိပ်သီးအစည်းအဝေးဟာ အာဆီယံအဖွဲ့ကြီး နှစ်လေးဆယ် မြောက် အထိမ်းအမှတ်အဖြစ် အာဆီယံ ပဋိညာဉ် စာတမ်းကို လက်မှတ်ထိုးမယ့် အစည်းအဝေးလည်း ဖြစ် နေပါတယ်။ အာဆီယံ ပဋိညာဉ် အပိုဒ် ၁ ရည်ရွယ်ချက်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း “ ဒီမိုကရေစီ၊ ကောင်းမွန်သောအုပ်ချုပ်မှု၊ တရားဥပဒေစိုးမိုးမှုများခိုင်မာအားကောင်းစေရန်၊ လူ့ အခွင့်အရေးနှင့် အခြေခံအခွင့်အရေးများကို မြှင့်တင်အကာအကွယ်ပေးရန်” လို့ဖော်ပြထားတဲ့ အတွက် မြန်မာနိုင်ငံကို အာဆီယံပဋိညာဉ်မှာ လက်မှတ်ထိုးခွင့်မပြုသင့်ဘူးလို့ တောင်းဆိုမှု တွေလည်း ပေါ်ပေါက်ခဲ့တယ်။
ဒါပေမယ့် အာဆီယံဥက္ကဌ တာဝန်ယူထားတဲ့ စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းက “ မြန်မာနိုင်ငံကို ထုတ်ပစ်လိုက်ရင်ကော အခြေအနေက ပိုကောင်းသွားမှာ လား ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် သြဇာပိုရှိလာမှာလား”လို့ ပြန်မေးခဲ့တယ်။ စီးပွားရေးအရ ဒဏ်ခတ် အရေးယူဖို့နဲ့ပတ်သက်ပြီးတော့လည်း လီရှန်လွန်းက ကမ္ဘာ့နေရာ အနှံ့ အပြားမှာ စီးပွားရေး ပိတ်ဆို့မှုတွေက အလုပ်မဖြစ်ဘူးဆိုတာ အတွေ့အကြုံတွေရှိခဲ့ပြီးပြီ။ ပိတ်ဆို့မှုက မလိုလား အပ်တဲ့ တန်ပြန်အကျိုးသက်ရောက်မှုတွေကိုပဲဖြစ်စေ ပါတယ်” လို့ တုန့်ပြန်ခဲ့တယ်။
ဒါ့အပြင် လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားတို့ကတော့ အာဆီယံရဲ့ အခြေခံမူလည်းဖြစ်၊ အတည်ပြုမယ့် ပဋိညာဉ် အပိုဒ် ၂ မှာလည်း ထည့်သွင်းပြဋ္ဌာန်းထားတဲ့ “ အဖွဲ့ဝင်နိုင်ငံ များရဲ့ ပြည် တွင်းရေးမှာ ဝင်ရောက်စွက်ဖက်မှုမပြုရေး၊ အချုပ်အခြာအာဏာပိုင်မှုကို လေးစားရေး” ဆိုတဲ့ အချက်တွေကို ထောက်ပြခဲ့တယ်။ ထိုင်း နိုင်ငံကလည်း ၂၀၀၆ ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့ မှာ ထိုင်းတပ်မတော်က ဝန်ကြီးချုပ် သက်ဆင်ကို ဖြုတ်ချပြီး အာဏာသိမ်းထားတဲ့ အချိန်ဖြစ် တဲ့ အတွက် အဖွဲ့ဝင်နိုင်ငံများရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးဆိုတဲ့အချက်ကို စွဲကိုင် ထားခဲ့တယ်။ ဖိလစ်ပိုင်သမ္မတ အာရိုရို တစ်ဦးတည်းကသာ မြန်မာနိုင်ငံအခြေအနေအပေါ် ပွင့် ပွင့်လင်းလင်းဝေဖန်ခဲ့တယ်။
အဲဒီအချိန်မှာ စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းက အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေကိုလာတက်မယ့် အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဂျပန်၊ သြစတေးလျ နိုင်ငံ တွေကို နှစ်သိမ့် တဲ့အနေနဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ် စားလှယ် မစ္စတာ ဂမ်ဘာရီကို ဖိတ်ခေါ်ပြီး အာဆီယံထိပ်သီးအစည်းလာတက်တဲ့ ခေါင်းဆောင် တွေကို မြန်မာနိုင်ငံအခြေအနေ နဲ့ ပတ်သက်ပြီး ရှင်းပြဖို့ စီစဉ်ခဲ့တယ်။
ဒါပေမယ့် ပြဿနာက ဂမ်ဘာရီကို ဖိတ်ခေါ်ရှင်းပြခိုင်းမယ့် အစီအစဉ်ကို မြန်မာနိုင်ငံနဲ့ ကြိုတင် ညှိနှိုင်းလုပ်ဆောင်ခဲ့တာမဟုတ်ဘူး။ ဒါ့ကြောင့် အာဆီယံခေါင်းဆောင်တွေ တွေ့ဆုံတဲ့အချိန် မှာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က မြန်မာနိုင်ငံအခြေ အနေကို ဂမ်ဘာရီက ရှင်းပြမယ်ဆိုတဲ့ အစီအစဉ်ကို ကန့်ကွက်ခဲ့တယ်။
မြန်မာနိုင်ငံက ဂမ်ဘာရီ ရဲ့ တာဝန်က မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကို တင်ပြဖို့ ဖြစ်တယ်။ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ အရှေ့အာရှ ထိပ်သီးအစည်းအဝေးကို ရှင်းပြဖို့တာဝန်မရှိဘူး၊ မြန်မာ့နိုင်ငံအရေးဟာ ပြည်တွင်းရေးသက်သက်သာဖြစ်တယ်လို့ ရပ်တည် ပြောဆိုခဲ့တယ်။
အာဆီယံ လုပ်ထုံး လုပ် နည်းအရ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ သဘောတူညီချက်မရရင် ဆောင်ရွက် လို့ မရတဲ့အတွက် အာဆီယံထိပ်သီးအစည်းအဝေး ခေါင်းဆောင်တွေကို ဂမ်ဘာရီက မြန်မာ နိုင်ငံအခြေအနေ ရှင်းပြမယ့်အစီအစဉ် ပျက်သွားခဲ့တယ်။
ဝန်ကြီးချုပ်လီရှန်လွန်းရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ “ အာဆီယံခေါင်းဆောင်တွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ ဆန္ဒကို လေးစားဖို့၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းနဲ့ ပတ်သက် ပြီး မြန်မာနိုင်ငံအနေနဲ့ပဲ တိုက်ရိုက်ဆွေးနွေးဖို့ ဆိုတာကို သဘောတူခဲ့ပါတယ်၊ အာဆီယံ အနေနဲ့ကတော့ မြန်မာနိုင်ငံက လိုအပ်တယ် ဆိုရင် ပါဝင်ဆောင်ရွက်ဖို့ အသင့်ရှိတယ်” “The ASEAN Leaders agreed that ASEAN would respect Myanmar’s wishes and make way for Myanmar to deal directly with the UN and the international community on its own. ASEAN stands ready to play a role whenever Myanmar wants it to do so.” လို့ ဖော် ပြခဲ့တယ်။
၂၀၂၁ ဘာဖြစ်မလဲ
နိုင်ငံတကာအခြေအနေ၊ အာဆီယံအဖွဲ့ရဲ့ ဒေသတွင်း/ နိုင်ငံတကာဆက်ဆံမှုအနေအထား နဲ့ လက်ရှိ မြန်မာနိုင်ငံ အခြေအနေတွေက ၂၀၀၇ နဲ့ မတူတော့ဘူး။ ဒါ့ကြောင့် မြန်မာ့အရေးမှာ အာဆီယံအနေနဲ့ တက်တက်ကြွ ကြွ ပါဝင်ဆောင်ရွက်ပေးဖို့ လိုအပ်တယ်ဆိုတဲ့ အမြင်တွေ ပို အားကောင်းလာတာလည်းတွေ့ရတယ်။
တစ်ဖက်မှာလည်း အာဆီယံ အဖွဲ့ဝင်နိုင်ငံအားလုံးက ဒီမိုကရေစီစနစ် ဖွံ့ဖြိုးတဲ့နိုင်ငံတွေ မဟုတ်ဘူး။ လက်ရှိအခြေအနေမှာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား နဲ့ မလေးရှား သုံးနိုင်ငံပဲ ပါတီ စုံ ဒီမိုကရေစီစနစ်ကို ပီပီပြင်ပြင် ကျင့်သုံးနေတယ်လို့ပြောနိုင်တယ်။ စင်္ကာပူ နဲ့ ကမ္ဘောဒီးယားက ပါတီစုံ စနစ် လို့ ဆိုပေမယ့် အာဏာရပါတီတွေက တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားတဲ့ နိုင်ငံရေးစနစ်ဖြစ်လို့ တစ်စိတ်တစ်ပိုင်း ဒီမိုကရေစီလို့ပဲဆိုနိုင်တယ်။ ဘရူးနိုင်းက အာဏာ အပြည့်အဝရှိတဲ့ ဘုရင် စနစ်ကျင့်သုံးတဲ့နိုင်ငံ၊ ဗီယက်နမ် နဲ့ လာအိုက တစ်ပါတီစနစ် နဲ့ အုပ်ချုပ်တဲ့နိုင်ငံတွေ ဖြစ်ပြီး ထိုင်းနိုင်ငံက တပ်မတော်ကအာဏာသိမ်းပြီးနောက် ရေးဆွဲခဲ့တဲ့ အခြေခံ ဥပဒေအပေါ် အငြင်းပွားမှုတွေကြောင့် နိုင်ငံရေးအခြေအနေတင်းမာနေတဲ့နိုင်ငံ ဖြစ်ပါတယ်။
ဒ့ါကြောင့် အဖွဲ့ဝင်နိုင်ငံတစ်ခုရဲ့ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးအခြေအနေအပေါ် အာဆီယံ အဖွဲ့ က တိုက်ရိုက် ဝင်ရောက်ဆောင်ရွက်တာ၊ ဒဏ်ခတ်အရေးယူပိတ်ဆို့တာမျိုးကို ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားတို့လို နိုင်ငံတွေက ထောက်ခံဖို့အလားအလာ အလွန်နည်းပါတယ်။ “ အဖွဲ့ဝင်နိုင်ငံ များရဲ့ ပြည် တွင်းရေးမှာ ဝင်ရောက်စွက်ဖက်မှုမပြုရေး၊ အချုပ်အခြာအာဏာပိုင်မှုကို လေးစားရေး” ဆိုတဲ့ အာဆီယံပဋိညာဉ် အပိုဒ် ၂ ကို ကိုင်ဆွဲပြီး ကန့်ကွက်ဖို့ အလားအလာက ပို များတယ်။ အာဆီယံအဖွဲ့ရဲ့ မူကလည်း အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ သဘောတူညီချက်ရမှ ဆောင်ရွက် တာဖြစ်တဲ့အတွက် အနောက်နိုင်ငံတွေက လိုလားနေတဲ့ ဆုံးဖြတ်ချက်မျိုးကို အာဆီယံ ထိပ်သီး အစည်းအဝေးက ဆုံးဖြတ်ဖို့ အလားအလာအလွန်နည်းပါတယ်။
အများဆုံးဖြစ်နိုင်တာကတော့ မြန်မာဘက်က တင်ပြချက်များ အပေါ် အခြေခံပြီး မြန်မာနိုင်ငံမှာ ပေါ်ပေါက်နေတဲ့ နိုင်ငံရေးအကျပ်အတည်း နဲ့ ပဋိပက္ခအခြေအနေများကို တွေ့ဆုံဆွေးနွေး အဖြေရှာဖို့တိုက်တွန်းခြင်း၊ အသက်ဆုံးရှုံးမှု များ အပေါ်ဝမ်းနည်းကြောင်း ထုတ်ဖော် ပြောကြား ခြင်း၊ ဖမ်းဆီးထိန်းသိမ်းထားသူများကို ဥပဒေနဲ့ အညီ ကိုင်တွယ်ဖြေရှင်းရန် တောင်းဆိုခြင်း၊ ဒီမိုကရေစီနည်းကျရွေးကောက်ပွဲများ အမြန်ဆုံးပြန်လည် ပြုလုပ်ရန် တိုက် တွန်းခြင်းတွေကို ကြေညာချက်ထုတ်ပြန်တာပဲ ဖြစ်မှာပါ။
တကယ်လို့ ထိပ်သီးခေါင်းဆောင်တွေကြား ညှိ နှိုင်းမှုတွေအဆင်ပြေရင်တော့ မြန်မာနိုင်ငံ ဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်တစ်ဦး တာဝန်ပေးတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။