လ ျှပ်တစ်ပြက် ဘဏ်

အသုပ်စုံသည်လေးဟာ စတီးဇလုံထဲက မုန့်ဖတ်တွေကို တစ်ခါသုံးလက်အိတ်စွတ်ထားတဲ့ လက်နဲ့ အားပါး တရ နယ်နေတယ်။

ဆိုင်ရှေ့ ခွေးခြေခုံတွေမှာ အမျိုးသမီးလေးယောက်ထိုင်နေတယ်။ ၀၀ဖိုင့်ဖိုင့် တစ်ယောက်နဲ့ ပိန်ပိန် သွယ်သွယ်တစ်ယောက်က တစ်ဖွဲ့၊ အဒေါ်ကြီးတစ်ယောက်နဲ့ သူ့သမီးအရွယ် အမျိုး သမီးငယ်လေးက တစ်ဖွဲ့၊ အဒေါ်ကြီးနဲ့ သူ့အဖော်က အသုပ်စုံစားပြီးလို့ ဟင်းခါးကို ဇိမ်ခံ သောက်နေတယ်။ ငြုပ်ကောင်းများများ၊ အချိုမှုန့်များများနဲ့ ဟင်းခါးဟာ အဟာရတန်ဖိုးအရ အနှစ်သာရ မရှိပေမယ့် မိုးအေးအေး အသုပ်စုံစပ်စပ်နဲ့ လိုက်ဖက်ခံတွင်းတွေ့တာတော့ အမှန်ပဲ။ မူလတန်ဖိုးမရှိပေမယ့် အခြေအနေအချိန်အခါကြောင့် တန်ဖိုးတက်သွားတတ်တာကလည်း လောက သဘာဝပဲ။

၀၀ဖိုင့်ဖိုင့်အမျိုးသမီးကတော့ အသုပ်စုံသည်လေးကို မန်ကျည်းရေ နည်းနည်းထပ်ထည့်၊ ပဲမှုန့် ထပ်ထည့်ဦး၊ ငြုပ်သီးလျော့ စသည်ဖြင့် ညွှန်ကြားနေတယ်။ သူတို့ နှစ်ယောက်ပြောဆိုနေပုံ အရတော့ ဒီအမျိုးသမီးနဲ့ သူ့အဖော်က အသုပ်ဆိုင်လေးနဲ့ မနီးမဝေး ဘဏ်ခွဲက ဝန်ထမ်း တွေ၊ ဒီဆိုင်လေးရဲ့ ပုံမှန်ဖောက်သည်တွေပဲ။ အရင်က ဘဏ်ဝန်ထမ်းဝတ်စုံလေးနဲ့ ကြော့ကြော့ မော့မော့ သွားလာနေတဲ့ ဘဏ်ဝန်ထမ်းတွေဟာ ခေတ်အခါအရ သာမန်အရပ်ဝတ်လေးတွေ နဲ့ ဖြစ်နေပြီ။

စားသုံးသူရဲ့ အလိုကျ ဆောင်ရွက်ပြီးတဲ့အခါ အသုပ်စုံသည်လေးက အသုပ်စုံနှစ်ပွဲကို အမျိုးသမီး နဲ့ သူ့အဖော်ရှေ့မှာ ချပေးလိုက်တယ်။ ပြီးတော့ “ အမတို့ ဘဏ်က ဒီနေ့ ပေးမှာလား” လို့ မေး လိုက်တယ်။ တကယ်တော့ ဒီဘဏ်ခွဲလေးဟာ ဘဏ်ရှေ့မှာ ရှိတဲ့ အေတီအမ် စက်မှာ တစ်ပါ တစ်ခါ လောက်ငွေဖြည့်ပေးတာ၊ မိုဘိုင်း အပလီကေးရှင်းဖွင့်ပေးတာကလွဲရင် ငွေသွင်း ၊ ငွေထုတ် ဘဏ်အလုပ်မလုပ်တာ ကြာပါပြီ။

အသုပ်စုံသည်လေး အမေးကို ကြားတော့ ဝဖိုင့်ဖိုင့် အမျိုသမီးက “ ပေးနေတယ်လေ၊ သောကတွေ” လို့ ပြန်ဖြေတယ်။ ပြီးတော့ သူ့အဖြေကို သူသဘောကျပြီး သူ့အဖော် အမျိုးသမီးနဲ့ တူ ရယ်နေတယ်။

သူ့အဖြေကို မရယ်နိုင်တာကတော့ အဒေါ်ကြီးဘေးမှာ ထိုင်နေတဲ့ အမျိုးသမီးငယ်လေးပဲ။ ဘဏ် ဝန်ထမ်းအမျိုးသမီးရဲ့ အဖြေကို ကြားတာနဲ့ ဆတ်ကနဲ့ လှည့်ကြည့်ပြီး “ ဟုတ်တယ်။ ဘဏ်တွေက သောကတွေပေးတယ်၊ ကျွန်မတို့က ယုံကြည်မှုတွေ ပြန်ထုတ်ယူနေကြတယ်” လို့ ပြောလိုက်တယ်။

အမျိုးသမီးငယ်လေးကို လှမ်းကြည့်လိုက်တော့ သူ့လက်ဖျံ ဖြူဖြူသွယ်သွယ်လေးမှာ အနီရောင် နဲ့ ဂဏန်းနှစ်လုံးရေးထားတယ်။ ဒါဟာ ဆေးမှင်ကြောင်မဟုတ်ဘူး။ မနက်လေးနာရီ၊ ငါးနာရီ ထပြီး ငွေထုတ်ပေးမယ်လို့ မေ ျှာ်လင့်ရတဲ့ အေတီအမ်စက် ကို လာ၊ အရင်ရောက်တဲ့သူတွေက ပြုစု ထားတဲ့ တန်းစီ စာရင်းမှာ နာမည်ပေး။ လူစားသွင်းလို့မရအောင် ကိုယ့်စီနီယာနံပါတ်ကို လက်ဖျံ မှာ ရေးခံထားရတဲ့ ဘဏ်ဒုက္ခသည် ဖြစ်ကြောင်း ထောက်ခံစာ အမှတ်အသားပဲ။ နာဇီဂျာမနီ နိုင်ငံ တော်ကြီးမှာ ဂျူးလူမျိုး အကျဉ်းသားတွေကို တက်တူးထိုးပြီး မှတ်တမ်းတင်ခံရ သလို အခု အမျိုးသမီးလေး လက်ဖျံပေါ်က နံပါတ်ကလည်း ကိုယ့်ပိုက်ဆံနဲ့ ကိုယ် ဘဏ်မှာ ဒုက္ခခံ တန်းစီနေရသူဖြစ်ကြောင်း အမှတ်အသားပဲ။ တစ်နေ့ တစ်နေ့ ဒီလို ဒုက္ခသည်တွေ သောင်းချီရှိမယ်ထင်ပါရဲ့။ ကိုယ်လည်း ပါခဲ့ဖူးတာပဲ။

အမျိုးသမီးငယ်လေးရဲ့ စကားကြောင့် ဘဏ်ဝန်ထမ်းအမျိုးသမီး အိုးတိုးအမ်းတမ်း ဖြစ်သွားတယ်။ ဘာမှ ဆက်မပြောတော့ပဲ အသုပ်စုံကို ငုံ့စားနေတယ်။ အသုပ်စုံက မစပ်ပေမယ့် သူ့ နဖူးမှာ ချွေးတွေစို့လာပါလား။ အမျိုးသမီးငယ်လေးနဲ့ အဒေါ်ကြီးကတော့ ထပြီး မလှမ်းမကမ်းက ရှော့ ပင်းစင်တာဆီကို ထွက်သွားတယ်။ အဲဒီက အေတီအမ်စက်မှာ တန်းစီစာရင်းပေးထားတယ် ထင်ပါရဲ့။

အသုပ်စုံသည်လေးကို ကျွန်တော့်အတွက် ပါဆယ်နှစ်ထုပ်မှာလိုက်တယ်။ ပြီးတော့ “မင်းရော ဘယ်မှာ အပ်ထားသေးလဲ” လို့ မေးလိုက်တယ်။ အသုပ်ဆရာလေးက ရယ်ကျဲကျဲ နဲ့ ကျွန်တော် က ကြွပ်ကြွပ်အိပ်ထဲမှာ အပ်ထားတယ်လေ” လို့ပြောတယ်။ အသုပ်စုံ အထမ်းမှာ တွဲလောင်း ချိတ်ထားတဲ့ ကြွပ်ကြွပ်အိပ်က ငါးရာတန်၊ တစ်ထောင်တန်၊ နှစ်ရာတန်၊ တစ်ရာတန်တွေ နဲ့ ဖောင်း နေတယ်။

တစ်ခါတုန်းက သူ့ အထမ်းလေးမှာ ဘာPay ၊ ညာ Pay ဆိုင်းဘုတ်လေး ထောင်ထားခဲ့ဖူးတာကို သတိ ရပြီး ဟို ဆိုင်းဘုတ်လေးရောလို့ မေးလိုက်တော့ အသုပ်ဆရာလေးက ဘဏ်ဝန်ထမ်း အမျိုးသမီး ကို အားနာတဲ့ ပုံစံနဲ့ ရယ်ကျဲကျဲလုပ်နေတယ်။ သူလည်း ယုံကြည်မှုကို ပြန်ထုတ် ယူလိုက်ပြီထင်ပါရဲ့။

ဒါပေမယ့် လူတွေကို သောကတွေ ပေးမိလို့ ယုံကြည်မှုတွေ ပြန်ထုတ်ယူခံနေရတာ ဘဏ်လောက တစ်ခုထဲတော့ မဟုတ်ဘူး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: