၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်မှာ ထုတ်ေ၀ ဖြန့်ချိ ဖို့ ရည်ရွယ်ခဲ့ပေမယ့် အကြောင်းကြောင်းသော အကြောင်းများကြောင့် ကြန့်ကြာနေတဲ့စာအုပ်။ ဒီနေ့ ( ဇူလိုင် ၆ )ရက်နေ့မှာ စတင်ဖြန့်ချိပါပြီ။ City Mart စာအုပ်ဆိုင်တွေမှာတော့ ဇူလိုင် ၁၁ နောက်ပိုင်းမှ ရောက်မယ်လို့သိရပါတယ်။
ဒီစာအုပ် မှာ ရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲ နေ့ နဲ့ ရွေးကောက်ပွဲလွန်ကာလ ကျွန်တော်ရေးခဲ့တဲ့ဆောင်းပါးတွေ၊ မီဒီယာတွေကို ဖြေကြားခဲ့တဲ့ အမေး/အဖြေတွေကို စုစည်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ၂၀၀၇ ခုနှစ် မှာရေးခဲ့တဲ့ အချိုးကျရွေးကောက်ပွဲစနစ်နဲ့ ပတ်သက်တဲ့ဆောင်းပါးတွေကိုလည်း ပြန်လည် စုစည်းဖော်ပြထားပါတယ်။
ရွေးကောက်ပွဲအကြိုကာလ မှာ ရေးခဲ့၊ပြောခဲ့တာတွေက ၂၀၂၀ ရွေးကောက်ပွဲကို ၂၀၁၅ ရွေးကောက်ပွဲကဲ့သို့ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှု အနည်းဆုံး နဲ့ ကျင်းပနိုင်ဖို့ မေ ျှာ်လင့်ချက်နဲ့ ဝေဖန်ထောက်ပြ ချက်တွေဖြစ်ပါတယ်။
ရွေးကောက်ပွဲနေ့နဲ့ရလဒ်များအပေါ် ရေးခဲ့ပြောခဲ့တာတွေကတော့ အင်န်အယ်လ်ဒီ ပါတီ အနိုင်ရမှု နဲ့ ပြည်ခိုင်ဖြိုး ပါတီ အရေးနိမ့်ခဲ့မှုအပေါ်သုံးသပ်ချက်တွေဖြစ်ပါတယ်။
ရွေးကောက်ပွဲအလွန် ကာလမှာ ရေးခဲ့၊ ပြောခဲ့တာတွေကတော့ ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲ ရလဒ်ကို လက်မခံဘူးလို့ ပြောဆိုခဲ့တဲ့အခြေအနေ နဲ့တပ်မတော်က မဲစာရင်းတွေ ပြန်စစ်ဖို့ တောင်းဆိုတဲ့ အခြေအနေပေါ်မူတည်ပြီး ဝေဖန်သုံးသပ်ချက်တွေဖြစ်ပါ တယ်။
ကျွန်တော်က ရွေးကောက်ပွဲ ဆိုင်ရာ အငြင်းပွားမှုတွေဟာ နိုင်ငံရေး ပြဿနာ၊ ဥပဒေ ကြောင်းဆိုင်ရာ ပြဿနာတွေဖြစ်တဲ့ အတွက် နိုင်ငံရေးလမ်းကြောင်း၊ ဥပဒေလမ်းကြောင်း တွေနဲ့ ပဲဖြေရှင်းသင့် တယ်၊ ရွေးကောက်ပွဲ တစ်ကြိမ်ပြီးတိုင်း မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ရှေ့ တစ်လှမ်းတက်နိုင်ဖို့ သက်ဆိုင်သူအားလုံး ပူးပေါင်း ညှိနှိုင်းဆောင်ရွက်သင့်တယ်လို့ ယုံကြည်သူဖြစ်ပါတယ်။ ဒါ့ကြောင့် အဲဒီမူအပေါ်မှာ ရပ်တည်ပြီး ရွေးကောက်ပွဲလွန် ကာလ အပေါ် ဝေဖန် သုံးသပ်ခဲ့ တယ်။
ရွေးကောက်ပွဲလွန်ကာလ မှာ ရေးခဲ့တဲ့ဆောင်းပါးလည်းဖြစ်၊ မျက်နှာဖုံးဓာတ်ပုံအဖြစ်လည်း သုံးထားတဲ့ “ ၂၀၁၆ အလွှဲအပြောင်း” ကတော့ ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်ကို ငြိမ်းချမ်းစွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ သမ္မတ ဦးသိန်းစိန် နဲ့ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ပူးပေါင်းဆောင်ရွက်ခဲ့ တဲ့အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပြဿနာတွေအကြောင်းဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းမှုဖြစ်ဖို့ ဘယ်လောက် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတယ်ဆိုတာ ပြန်ပြောင်းသတိရစေချင်တဲ့စိတ် နဲ့ အဲဒီ ကြိုးပမ်းမှုတွေ သဲထဲရေသွန် ဖြစ်သွားမှာကို စိုးရိမ်တဲ့ စိတ်တွေကြောင့် ရေးခဲ့တဲ့ဆောင်းပါး လည်းဖြစ်ပါတယ်။
ကျွန်တော်ရေးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ ဆိုင်ရာ ဆောင်းပါးတွေ၊မီဒီယာအမေးအဖြေ တွေနဲ့ပတ်သက်ပြီး လက်ခံသူရှိသလို လက်မခံနိုင်တဲ့ သူ၊ ပြင်းပြင်းထန်ထန်တိုက်ခိုက်သူ တွေလည်း ရှိတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော့်အယူအဆတွေ အပေါ်မှာ ဒီနေ့ အထိ ခိုင်ခိုင်မာမာ ရပ်တည်နေဆဲဖြစ်ပါတယ်။
ဒ့ါကြောင့်လည်း နောင်တစ်ချိန်မှာ ဘယ်သူမှန်သလဲ၊ဘယ်သူမှားသလဲဆိုတာ ပြန်လည်သုံးသပ် နိုင်ဖို့အတွက် ဆောင်းပါး ပေါင်းချုပ်အဖြစ် ပြန်လည်စုစည်းထုတ်ဝေနိုင်ဖို့ ကြိုးစားခဲ့တာဖြစ် ပါတယ်။
ဆောင်းပါးပေါင်းချုပ်စာအုပ်ကို ထုတ်ဝေပေးတဲ့ Myanmar Heritage စာအုပ်တိုက်ကိုလည်း အထူးကျေးဇူးတင်ပါတယ်။