အမေရိကန်အတွက် အာဖဂန် သင်ခန်းစာ

အာဖဂန်နစ္စတန်မှာ တာလီဘန်တွေ အောင်ပွဲခံပြီးနောက် အမေရိကန်နဲ့ အပေါင်းအပါတွေက သူတို့ နိုင်ငံ သားတွေ၊ သူတို့နဲ့လက်တွဲလုပ်ခဲ့တဲ့ အာဖဂန်နိုင်ငံသားတွေကို ဘေးကင်းရာ ရွှေ့ပြောင်းနိုင်ဖို့ အသည်းအသန်ကြိုးစားနေချိန်၊ ကဘူးနိုင်ငံတကာလေဆိပ်ထဲကို ဝင်ခွင့်ရဖို့ ကြိုးစားနေသူ တွေနဲ့ ကသောင်းကနင်းဖြစ်နေချိန်မှာ အာဖဂန်နစ္စတန် ကျဆုံးခန်းအတွက် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်မှာ တာဝန်ရှိတယ်ဆိုတဲ့ ဝေဖန်သံတွေ ဆူညံလာတယ်။

အမေရိကန်သမ္မတ ဘိုင်ဒန်ကတော့ အဲဒါကို လက်မခံဘူး။ အာဖဂန်မှာ တာလီဘန်တွေ လွယ် လွယ်နဲ့ အာဏာပြန်ရသွားတာဟာ ( ပြုတ်ကျသွားတဲ့ ) အာဖဂန် အစိုးရနဲ့ အာဖဂန် ပြည်သူ တွေမှာပဲ တာဝန်ရှိတယ်။ အမေရိကန်နဲ့ မဟာမိတ်တွေက နိုင်ငံတည်ဆောက်ရေး၊ အာဖဂန် တပ်မတော်ဖွဲ့စည်းရေးအတွက် နှစ်နှစ်ဆယ်လောက် ကူညီပေးခဲ့ပြီးပြီ၊ အာဖဂန်တွေက သူတို့ ကိုယ်သူတို့ မကာကွယ်နိုင်ဘူးဆိုရင် အမေရိကန်လည်း ဘာမှမတတ်နိုင်ဘူးလို့ ဆိုတယ်။

ဘိုင်ဒန်ရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး စင်္ကာပူနိုင်ငံ ဝါရင့် သံတမန်တစ်ဦးဖြစ်တဲ့ Kishore Mahbubani က သြဂုတ်လ ၂၄ ရက်နေ့ အမေရိကန်နိုင်ငံထုတ် နိုင်ငံခြားရေးမူဝါဒ ( Foreign Policy ) မဂ္ဂဇင်းမှာ “အာဖဂန်တွေကို အပြစ်မတင်ပါနဲ့” “ Don’t Blame the Afghans ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးရေးသား တုန့်ပြန်ခဲ့တယ်။

Kishore Mahbubani ကို မြန်မာစာဖတ်သူတွေက သူရေးတဲ့ “ အာရှသားတို့ တွေးခေါ်မေ ျှာ်မြင် နိုင်သလား” “ Can Asians Think? ” ဆိုတဲ့ စာအုပ်နဲ့ ယှဉ်တွဲပြီး သိကြမှာပါ။ Kishore Mahbubani က စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနမှာ ၁၉ ၇၁ ခုနှစ်ကနေ ၂၀၀၄ ခု နှစ်အထိ တာဝန်ထမ်းဆောင်ခဲ့တယ်။ သူဟာ စင်္ကာပူနိုင်ငံ ကုလသမဂ္ဂဆိုင် ရာ အမြဲတမ်းကိုယ်စားလှယ် အဖြစ် တာဝန်ယူခဲ့သလို ၂၀၀၁ ခုနှစ်ကနေ ၂၀၀၂ ခုနှစ်အထိ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ အဖြစ် လည်း ထမ်းဆောင်ခဲ့တယ်။ အနားယူပြီးတဲ့နောက်မှာ စင်္ကာပူအမျိုးသားတက္ကသိုလ်အပါအဝင် ထင်ရှားတဲ့ တက္ကသိုလ်များ၊ နိုင်ငံတကာလေ့လာရေးဌာနများမှာ သင်ကြားရေး တာဝန်ယူ ခဲ့သလို နိုင်ငံတကာဆက်ဆံရေးနဲ့ပတ်သက်တဲ့ စာအုပ်စာတမ်းများလည်းရေးနေသူ၊ အာရှ ရေးရာနဲ့ပတ်သက်ရင် ထင်ရှား လူသိများ လေးစားခံရတဲ့ ပညာရှင်တစ်ဦးဖြစ်ပါတယ်။

Kishore Mahbubani က သူ့ဆောင်းပါးမှာ ဒုတိယကမ္ဘာစစ်အပြီး ဂျာမနီ နဲ့ ဂျပန်နိုင်ငံ ပြန်လည် ထူထောင်ရေးလုပ်ငန်းလုပ်ငန်းတွေ အောင်မြင်အောင်လုပ်နိုင်သလို အဲဒီနိုင်ငံတွေမှာ ဒီမိုကရေစီ စနစ်ခိုင်မာအောင်လည်း တည်ဆောက်ပေးနိုင်ခဲ့တဲ့ အမေရိကန်ဟာ ၁၉ ၆၀ ပြည့်လွန်နှစ်များ ကနေ အခု အချိန်အထိ တောင်ဗီယက်နမ် အစ၊ အီရတ် အလယ်၊ အာဖဂန်နစ္စတန်အဆုံး နိုင်ငံတည်ဆောက် ရေး၊ ဒီမိုကရေစီဖော်ဆောင်ရေး လုပ်ငန်းတွေမှာ ခွက်ခွက်လန် အောင် ကျရှုံးခဲ့ရတဲ့ အကြောင်း အရင်းကို သုံးသပ်ထားပါတယ်။

Kishore Mahbubani က အဲဒီကျဆုံးမှုတွေရဲ့ အခြေခံအကြောင်း က သုံးချက်ပဲရှိတယ်၊ အဲဒါတွေကတော့ “ C ” သုံးလုံး control, culture, and compromise ပါပဲ လို့ အစချီပြီး အခု လို ရှင်းပြထားပါတယ်။

ထိန်းချုပ်မှု Control

အမေရိကန်တွေက သူတို့ဟာ “ ဘာမဆိုလုပ်နိုင်တယ်” လို့ ခံယူထားတယ်။ သူတို့နိုင်ငံ တည် ဆောက်ရေး သမိုင်းတစ်လေ ျှာက်မှာ အဲဒီစိတ်ဓာတ်နဲ့ လုပ်ခဲ့လို့ အောင်မြင်ခဲ့တာလည်း အမှန် ပဲ။ ဒါပေမယ့် “ ဘာမဆိုလုပ်နိုင်တယ်” ဆိုတဲ့ အယူအဆကို အခြားနိုင်ငံတွေမှာ သွား ကျင့်သုံးပြီး အရာရာ ကိုယ်တိုင် ဝင်လုပ်တဲ့ အခါ ဒုက္ခရောက်တော့တာပဲ။

Mahbubani ကိုယ်တိုင် ၁၉ ၇၃ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံမှာ တာဝန်ထမ်းဆောင်တော့ အဲဒီအချိန်က သူနဲ့ အလွန်ရင်းနှီးတဲ့ အမေရိကန် သံတမန်ဝန်ထမ်း တစ်ယောက်က မနက်တိုင်း ကမ္ဘောဒီးယား စီးပွားရေး ဝန်ကြီးကို သွားတွေ့ပြီး နိုင်ငံ စီးပွားရေး နဲ့ ပတ်သက်တဲ့ ဝါရှင်တန် ရဲ့ ညွှန်ကြားချက်တွေကို ပြောတာကို မြင်ခဲ့ရတယ်။ အခြားဝန်ကြီးဌာနတွေကိုလည်း အဲဒီအတိုင်းပဲ လုပ်တယ်။ ဒီလိုနဲ့ အဲဒီအချိန်က အမေရိကန်ထောက်ခံတဲ့ ဗိုလ်ချုပ်ကြီး လွန်နိုး အစိုးရ ဟာ သူ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဘာမှမလုပ်တတ်တော့ဘူး။ နောက်ဆုံး အမေရိကန်တွေ ထွက်သွားတဲ့ အခါ လွန်နိုးရဲ့ အစိုးရအဖွဲ့လည်း ပြုတ်ကျပြီး ခမာနီတွေ အာဏာရလာတော့တာပဲ။

အာဖဂန်မှာလည်း ဒီလိုဖြစ်တာပဲ။ အာဖဂန်တပ်မတော်တပ်ဖွဲ့တွေမှာ အမေရိကန် အရာရှိ/ စစ် သည်တွေ တွဲထားတယ်။ အာဖဂန်စစ်သားတွေက အမေရိကန်တွေပြောတဲ့အတိုင်း အမေရိကန် လေယာဉ်တွေ၊ အမြောက်တွေအကူအညီနဲ့ တိုက်တယ်။ နောက်ဆုံး အမေရိကန် တပ်တွေ ထွက်သွားတော့ အမေရိကန်မပါရင် စစ်မတိုက်တတ်တော့တဲ့ အာဖဂန်တပ်တွေ ပြိုကွဲသွားတော့တာပဲ။

ယဉ်ကျေးမှု Culture

ယဉ်ကျေးမှု ဆိုတာ ဒေသခံလူမျိုးများရဲ့ သမိုင်း၊ ရိုးရာဓလေ့ထုံးစံယဉ်ကျေးမှုအပြင် နိုင်ငံရေး ယဉ်ကျေးမှုလည်း ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ဂျပန်နိုင်ငံကို ပြန်လည်ထူထောင်တဲ့ အခါ ဂျပန် ဘုရင်ကို စစ်ရာဇဝတ်မှုနဲ့ အရေးယူဖို့တောင်းဆိုမှုတွေရှိခဲ့တယ်။ ဒါပေမယ့် အမေရိကန် အစိုးရ က ဂျပန်လူမျိုးတွေက ဘုရင် အပေါ် ထားရှိတဲ့ သဘောထားကို နားလည်တဲ့အတွက် ဘုရင်ကို အရေးယူတာမလုပ်ခဲ့ဘူး။ ဘုရင် အပါအဝင် ဂျပန်တွေရဲ့ ရိုးရာအစဉ်အလာ၊ ဓလေ့ထုံးစံတွေကို အသိအမှတ်ပြုခဲ့တယ်။ ဒါ့ ကြောင့်အမေရိကန်ပြည်သိမ်းတပ်တွေအပေါ် ဂျပန်လူထုက အမြင်ကြည်လင်ခဲ့တယ်။ အမေရိကန်ရဲ့ နိုင်ငံတည်ဆောက်ရေးအောင်မြင်ခဲ့တယ်။ ဒါပေမယ့် အမေရိကန်တွေက အဲဒီသင်ခန်းစာကို လွယ်လွယ်နဲ့ မေ့ပစ်လိုက်ကြတယ်။

အာဖဂန်နစ္စတန်မှာက ဘုရင်ခေတ်က စလို့ ကဘူးမြို့တော်မှာ ဘယ်သူပဲ အုပ်ချုပ် အုပ်ချုပ် ၊ ဒေသအလိုက်ရှိတဲ့ လူမျိုးစုခေါင်းဆောင်တွေရဲ့ ထောက်ခံမှုရမှ ရပ်တည်လို့ရတယ်။ ဒါ့ကြောင့် loya jirga လို့ခေါ်တဲ့ လူမျိုးစု ခေါင်းဆောင်တွေရဲ့ ညီလာခံ က အာဖဂန်နိုင်ငံရေးမှာ အလွန် အရေးကြီးတယ်။

၂၀၀၁ ခုနှစ် တာလီဘန်တွေပြုတ်ကျသွားတော့ ပထမဆုံးဖွဲ့စည်းတဲ့ ကြားဖြတ်အစိုးရက loya jirga အစည်းအဝေးက သဘောတူရွေးချယ်တဲ့ အစိုးရ ဖြစ်တဲ့ အတွက် သြဇာတည်တယ်၊ တာလီဘန်တွေကို ရင်ဆိုင်နိုင်တယ်။ နောက်ပိုင်းမှာ အမေရိကန်တွေက ရွေးကောက်ပွဲ တွေကို ပို အလေးပေးပြီး loya jirga ကို ချောင်ထိုးထားခဲ့တယ်။ အမေရိကန်တွေက အာဖဂန်ရဲ့ နိုင်ငံရေး အစဉ်အလာတွေကို လုံးဝအလေးမထားခဲ့ဘူး။ ရွေးကောက်ပွဲတွေကသာ ဒီမိုကရေစီ စံနဲ့ ညီ တယ်လို့ ယူဆခဲ့တယ်။

ဒါပေမယ့် အခု ပြုတ်ကျသွားတဲ့ သမ္မတ ဂါနီ အစိုးရ ပေါ်ပေါက်လာတဲ့ ရွေးကောက်ပွဲ မှာ အာဖဂန် လူဦးရေ ၃၁.၆ သန်း၊ မဲပေးဖို့ မှတ်ပုံတင်ထားသူ ၉ .၇ သန်းထဲက ၁.၈ သန်းပဲ မဲလာပေးခဲ့တာ ဖြစ်တယ်။ အမေရိကန်တွေကတော့ ဂါနီ အစိုးရ ဟာ ရွေးကောက်ပွဲကနေ ပေါ်လာတာဖြစ်တဲ့ အတွက် တရားဝင်တယ်။ သြဇာတည်တယ်လို့ ထင်တယ်။ လက်တွေ့ မြေပြင်မှာက အဲဒီလို မဟုတ်ဘူး။ မျိုးနွယ်စုခေါင်းဆောင်တွေက လက်တွေ့အာဏာရှိနေပြီး သူတို့ ဘက်ပြောင်းသွား တာနဲ့ အစိုးရပြုတ်ကျသွားတာပဲ။

အပေးအယူစေ့စပ်ညှိနှိုင်းမှု Compromise

အမေရိကန်နိုင်ငံဟာ စစ်ရေး၊ စီးပွားရေး အင်အားအလွန်ကြီးမားတယ်။ အဲဒါဟာ သူ့ နိုင်ငံခြား ရေးမူဝါဒကို အကောင်အထည်ဖော်ရာမှာ အားသာချက်ဖြစ်သလို အားနည်းချက်လည်း ဖြစ် တယ်။ အမေရိကန်က အင်အားကြီးလွန်းတော့ ဘယ်သူနဲ့ မှ စေ့စပ်ညှိနှိုင်းအပေးအယူလုပ်ဖို့ စိတ် မဝင် စားဘူး။

အာဖဂန်နစ္စတန် နဲ့ပတ်သက်ရင် ပြည်တွင်းမှာ ရှိတဲ့ အင်အားစုတွေကို ထည့်မစဉ်းစားသလို အာဖဂန်နဲ့ နှစ်ထောင်ချီ ယှဉ်တွဲ ဆက်ဆံနေထိုင်လာခဲ့ပြီး အာဖဂန် အကြောင်း ကောင်းကောင်းသိတဲ့ အီရန်လို နိုင်ငံမျိုးနဲ့လည်း စကား ပြော ဖို့မစဉ်းစားဘူး။ တကယ်တော့ အီရန်ကလည်း တာလီဘန်တွေ အာဏာပြန်ရလာမှာကို မလို လား ဘူး။ ဒါပေမယ့် အမေရိကန်တွေက အီရန်နဲ့ အပေးအယူလုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ခံယူထားတယ်။ တရုတ်၊ ရုရှား တို့ နဲ့လည်း ဒီသဘောပါပဲ။

ဒါတွေကတော့ Mahbubani ဆောင်းပါးထဲက အရေးကြီးတဲ့ အချက်များကို ကောက်နှုတ် ဖော်ပြ တာဖြစ်ပါတယ်။

Mahbubani ကတော့ သူ့ဆောင်းပါးအဆုံးသတ်မှာ “ အမေရိကန် မူဝါဒ အမှားရဲ့ သားကောင် ဖြစ်ခဲ့ရတဲ့ အာဖဂန်တွေကို အပြစ်တင်မယ့်အစား ကိုယ့်ကိုကိုယ်သာ အလေး အနက် ပြန်လည်သုံးသပ်ပါ ” လို့ အမေရိကန်အစိုးရကို တိုက်တွန်းထားပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: