ထရမ့် ၊ ဘိုင်ဒန် နဲ့ တာလီဘန်

ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့ ကဘူးလ်လေဆိပ် ဗုံးခွဲ တိုက်ခိုက်မှုမှာ ( အခု ဆောင်းပါးရေး ချိန် အထိ CNN oသတင်းအရ ) အမေရိကန် စစ်သည် ၁၃ ဦးနဲ့ အာဖဂန်ပြည်သူ ၁၇၀ ကျော်သေ ဆုံး၊ အမေရိကန်စစ်သည် ၁၈ ဦးနဲ့ အာဖဂန်ပြည်သူ နှစ်ရာ နီးပါး ဒဏ်ရာရခဲ့တယ်။ အမေရိကန် စစ်သည်တွေ ကျဆုံးမှုဟာ ပြီးခဲ့တဲ့ ၁၈ လ အတွင်း ပထမဆုံး အမေရိကန်စစ်သည်တွေ ကျဆုံးမှုဖြစ်တယ်။ ဒီအဖြစ်အပျက်က အမေရိကန် စစ်သည်တွေ နောက်ထပ် အသက်ဆုံးရှုံးမှုတွေ မဖြစ်အောင် အာဖဂန်နစ္စတန်ကနေ ဆုတ်ခွာ လိုက်တာဖြစ်တယ်လို့ အကြောင်းပြခဲ့တဲ့ သမ္မတ ဘိုင်ဒန်အတွက် အရှိုက်ထိုးခံလိုက်ရတဲ့ အဖြစ် အပျက်ပဲ။

ဝါရှင်တန်မြို့တော်မှာတော့ အတိုက်အခံရီပတ်ဘလီကင်အမတ်တွေနဲ့ Fox News လို ကွန်ဆာ ဗေးတစ် သတင်းဌာနတွေက ဘိုင်ဒန်ကို ဆွမ်းကြီးလောင်းနေကြတယ်။

၂၀၂၀ သမ္မတ ရွေးကောက်ပွဲမှာ ဘိုင်ဒန်ကို အရေးနိမ့်ခဲ့တဲ့ သမ္မတဟောင်း ထရမ့်ကလည်း “ ဘိုင်ဒန်ရဲ့ အာဖဂန်ကနေ ကသောင်းကနင်းဆုတ်ခွာမှုဟာ အမေရိကန်သမိုင်းမှာ အရည် အချင်းမရှိဆုံး ခေါင်းဆောင်တစ်ယောက်ရဲ့ လုပ်ရပ်” လို့ ဝေဖန်ပုတ်ခတ်ခဲ့တယ်။ သူက ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ် ချိန်မှာ ဂျိုးဘိုင်ဒန် ကို “ ထုံထုံထိုင်းထိုင်း ဂျိုး Sleepy Joe” လို့ခေါ်ခဲ့တာ ကို လူတွေ သတိရ အောင် ပြန်ပြောနေတယ်။

တကယ်တော့ အာဖဂန်ကနေ အမေရိကန်တပ်ဖွဲ့တွေ ရုပ်သိမ်းဖို့ ကိစ္စကို လက်တွေ့အကောင် အထည်ဖော်တာက ဂျိုးဘိုင်ဒန်ဖြစ်ပေမယ့် တပ်တွေရုပ်သိမ်းဖို့အတွက် တာလီဘန်တွေနဲ့ သဘောတူစာချုပ်လက်မှတ်ထိုးခဲ့တာက ထရမ့် ဖြစ်ပါတယ်။ ဒ့ါကြောင့် ဂျိုးဘိုင်ဒန်ကိုပဲ အပြစ်ပုံချ နေရင် တရားမ ျှတမှုရှိမှာမဟုတ်ဘူး။

ဒီတော့ ထရမ့်၊ ဘိုင်ဒန် နဲ့ တာလီဘန်တွေ ကြားမှာ ဘာတွေ သဘောတူခဲ့လဲ၊

ထရမ့်

ထရမ့်ဟာ ၂၀၁၃ ခုနှစ်က စပြီး အာဖဂန်စစ်ပွဲကို အကျိုးမရှိတဲ့စစ်ပွဲ လို့ ပြောခဲ့ပြီး သမ္မတ အိုဘားမားကို အမေရိကန်တပ်ဖွဲကတွေ ရုပ်သိမ်းဖို့ တိုက်တွန်းခဲ့တယ်။ ၂၀၁၆ ရွေးကောက် ပွဲ မဲဆွယ်စည်းရုံးမှုတွေမှာ အာဖဂန်စစ်ပွဲဟာ ငွေကုန် သံပြာပဲ၊ အမေရိကန်လူထုအတွက် အကျိုးမရှိဘူး။ အမေရိကန်တပ်ဖွဲ့တွေ အိမ်ပြန်ချိန်တန်ပြီ၊ သမ္မတ အဖြစ်ရွေးချယ်ခံရရင် အမေရိကန်တပ်ဖွဲ့တွေကို အမြန်ဆုံး ရုပ်သိမ်း မယ်လို့ ကတိပေးခဲ့တယ်။

ထရမ့် သမ္မတဖြစ်လာတော့ အာဖဂန်ကနေ တပ်ဖွဲ့တွေ ရုပ်သိမ်းမယ့် ကိစ္စကို ချက်ခြင်း အကောင် အထည်မဖော်နိုင်ဘူး။ ၂၀၁၇ စက်တင်ဘာမှာဆိုရင် မြေပြင်စစ်ဆင်ရေးလိုအပ်ချက်အရ နောက် ထပ်တပ်ဖွဲ့ဝင်အင်အား သုံးထောင်ထပ်ဖြည့်ပေးခဲ့ရတယ်။ ဒါပေမယ့် ထရမ့်က တာလီဘန်တွေ နဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ရရင် ၁၄ လအတွင်း အမေရိကန်တပ်ဖွဲ့တွေ အပြီးအပိုင် ရုပ်သိမ်း မယ်လို့ပြောခဲ့တယ်။
ဒီလိုနဲ့ ၂၀၁၉ ခုနှစ်မှာ အမေရိကန် နဲ့ တာလီဘန်တွေ ကာတာ နိုင်ငံမှာ တွေ့ဆုံဆွေးနွေးခဲ့ တယ်။ ဆွေးနွေးပွဲမစခင်မှာ အမေရိကန်တွေက ဆွေးနွေးမှု မှတ်တမ်းတွေမှာ တာလီဘန် လို့ပဲ ခေါ်ချင်တယ်။ တာလီဘန်တွေက သူတို့ တစ်ဖက်သတ်ကြေညာဖွဲ့စည်းထားတဲ့ “ Islamic Emirate of Afghanistan အာဖဂန်နစ္စတန် အစ္စလမ်စော်ဘွားနိုင်ငံ” လို့ သုံးစွဲစေချင်တယ်။ နောက်ဆုံးတော့ Islamic Emirate of Afghanistan which is not recognized by the United States as a state and is known as the Taliban, အမေရိကန်က နိုင်ငံအဖြစ် အသိအမှတ် မပြုပဲ တာလီဘန် ဟုသာ သိရှိသည့် အာဖဂန်နစ္စတန် အစ္စလမ်စော်ဘွားနိုင်ငံ” လို့ သုံးဖို့ နှစ် ဘက်သဘောတူခဲ့ကြတယ်။

အတိုချုပ်လိုက်ရင်တော့ ၂၉ ဖေဖော်ဝါရီ ၂၀၂၀ မှာ အမေရိကန်နဲ့ တာလီဘန်တွေ ငြိမ်းချမ်းရေး သဘောတူညီချက်ကိုလက်မှတ်ထိုးခဲ့တယ်။ စာမျက်နှာ လေးမျက်နှာ ရှိတဲ့ အဲဒီ စာချုပ်မှာ အဓိက အချက်လေးချက်ပဲပါတယ်။ ဥပဒေစကားလုံးတွေကို ဖယ်ပြီး လိုတိုရှင်းအနှစ်ချုပ်လိုက်ရင် အဲဒီ အချက်လေးချက်က

၁။ တာလီဘန်တွေက အာဖဂန်နစ္စတန် နယ်မြေကို အသုံးပြု ပြီး အမေရိကန် နဲ့ အပေါင်းအပါ မဟာမိတ်တွေကို တိုက်ခိုက်တာမျိုးမဖြစ်အောင် အာမခံရမယ်။

၂။ အမေရိကန်တွေက အာဖဂန်နစ္စတန်နိုင်ငံကနေ နိုင်ငံခြားတပ်ဖွဲ့တွေ အားလုံးရုပ်သိမ်းဖို့ အတွက် တိကျတဲ့ အချိန် ဇယားသတ်မှတ်ရမယ်။

၃။ အချက် ၁ နဲ့ ၂ ကို နိုင်ငံတကာအသိသက်သေတွေရှေ့မှာ ကတိပြုပြီးရင် တာလီဘန် တွေ နဲ့ အာဖဂန်အစိုးရ အပါအဝင် အာဖဂန်အုပ်စုတွေကြားမှာ ဆွေးနွေးမှုတွေကို ၁၀ မတ် ၂၀၂၀ မှာ စတင်ဆောင်ရွက်ရမယ်။

၄။ အပိုဒ် ၃ ပါဆွေးနွေးပွဲတွေမှာ အပစ်အခတ်ရပ်စဲရေးနဲ့ အာဖဂန်အတွက် နိုင်ငံရေး လမ်းပြ မြေပုံ ကို ဆွေးနွေးကြမယ်။

အသေးစိတ်သဘောတူညီချက်တွေထဲမှာ အရေးကြီးတဲ့အချက်တွေကတော့ အမေရိကန်နဲ့ အပေါင်းအပါမဟာမိတ်တွေဟာ သဘောတူညီချက်လက်မှတ်ထိုးပြီး ၁၄ လ အတွင်း တပ်ဖွဲ့တွေကို အပြီးရုပ်သိမ်းမယ်ဆိုတဲ့အချက်ဖြစ်ပြီး တာလီဘန်တွေ ဘက်တော့ တာလီဘန် တပ်ဖွဲ့ဝင်တွေသာမက အယ်လ်ကေဒါ အပါအဝင် အခြား ဘယ်အဖွဲ့အစည်းကမှ အာဖဂန် နယ်မြေကို အသုံးပြုပြီး အမေရိကန်နဲ့ မဟာမိတ်တွေကို တိုက်ခိုက်ခြင်း၊ တိုက်ခိုက်နိုင် ဖို့ အတွက် လေ့ကျင့်ခြင်း၊ လူသစ်စုဆောင်းခြင်း၊ ငွေကြေးစုဆောင်းခြင်းတွေ မလုပ်နိုင်အောင် ကာကွယ် တားဆီးပေးဖို့အာမခံတဲ့အချက်ဖြစ်ပါတယ်။

အရေးကြီးဆုံးဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးလမ်းပြမြေပုံပေါ်ထွက်ရေးတို့နဲ့ပတ်သက်တဲ့ အာဖဂန်အုပ်စုတွေကြားဆွေးနွေးပွဲနဲ့ပတ်သက်ပြီး အသေးစိတ်ဖော်ပြထားတာမရှိဘူး။ အဲဒီ ဆွေးနွေးပွဲတွေနဲ့ပတ်သက်တဲ့ အမေရိကန် ရဲ့ အခန်းကဏ္ဍ လုံးဝဖော်ပြမထားဘူး။ ဆွေးနွေး ပွဲတွေကနေ ပေါ်ထွက်လာမယ့် အာဖဂန်အစိုးရသစ်နဲ့ အပြုသဘောဆက်ဆံမယ်ဆိုတဲ့အချက် ပဲ ပါတယ် ။ ရှင်းရှင်းပြောရရင် အမေရိကန်တွေက ငါတို့ကတော့ လစ်ပြီ၊ ကျန်တာကတော့ မင်းတို့ အချင်းချင်း ညှိကြ ပေတော့ လို့ ပြောလိုက်တာပဲ။

တကယ်တော့ အဲဒီစာချုပ်လက်မှတ်ထိုးတဲ့နေ့စပြီး အာဖဂန်နစ္စတန်မှာ တာလီဘန်တွေ အာဏာ ပြန်ရတော့မယ်ဆိုတာ သေချာသွားခဲ့တာပါ။

အမေရိကန်ကြားဝင်မှုမရှိတဲ့အတွက် အာဏာရ ဂါနီ အစိုးရက တာလီဘန်တွေနဲ့ ဆွေးနွေးဖို့အတွက် အားမရှိတော့ဘူး။ ဒီကြားထဲမှာ အမေရိကန် ရဲ့ ဖိအားကြောင့် တာလီဘန်အကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့ရတာတွေလည်း ရှိခဲ့တယ်။

တာလီဘန်တွေကတော့ သမ္မတ ဂါနီ အစိုးရ နဲ့ ဆွေးနွေးပွဲတွေ လုပ်ခဲ့ပေမယ့် သဘောတူညီချက်ရဖို့မကြိုးစားတော့ဘူး။ အမေရိကန် တပ်ဖွဲ့တွေကို တတ်နိုင်သမ ျှ လက်ရှောင်နေပေမယ့် အာဖဂန်အစိုးရတပ်နဲ့ ရဲ တပ်ဖွဲ့ တွေကိုတော့ ဆက်တိုက်နေခဲ့တယ်။

အမေရိကန်တွေကတော့ အာဖဂန်အုပ်စုတွေကြားဆွေးနွေးမှုတွေ တိုးတက်မှုမရှိပေမယ့် တပ် တွေ ကို အဆင့်ဆင့်ရုပ်သိမ်းတဲ့ အစီအစဉ်ကို စတင်လုပ်ဆောင်ခဲ့တယ်။

ဘိုင်ဒန်

ဘိုင်ဒန် သမ္မတဖြစ်လာတော့ ထရမ့်လက်မှတ်ထိုးခဲ့တဲ့ တာလီဘန်နဲ့ သဘောတူညီချက်ကို ပြန် သုံးသပ်မယ်လို့ ကြေညာခဲ့တယ်။ အာဖဂန်အစိုးရကလည်း တာလီဘန်တွေဟာ ငြိမ်းချမ်းရေး သဘောတူညီချက်ကို လိုက်နာမှုမရှိဘူး၊ ဒါ့ကြောင့် အမေရိကန်တပ်ဖွဲ့တွေ အပြီးအပိုင် ရုပ်သိမ်း မှု မလုပ်သင့်ဘူး၊ တာလီဘန်ကို ဖိအားပေးသင့်တယ်လို့တောင်းဆိုခဲ့တယ်။

ဒါပေမယ့် နောက်ဆုံးမှာတော့ ဘိုင်ဒန်က သဘောတူညီချက်အတိုင်း တပ်ဖွဲ့တွေ ရုပ်သိမ်းမှုကို ဆက်လုပ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ အခုအချိန်မှာ အမေရိကန် တပ်ဖွဲ့တွေ လုံး၀ ရုပ်သိမ်းလိုက်ရင် အာဖဂန်အစိုးရ ရပ်တည်ဖို့ မလွယ်ဘူး။ အနည်းဆုံး ပွင့်လင်းရာသီ ကုန်ပြီး ဆောင်းရာသီ ရောက်တဲ့အထိ ဆက်နေသင့်တယ်၊ ဆောင်းရာသီဆိုရင် တာလီဘန်တွေ တိုက် ပွဲ ဝင်ဖို့ ခက်ခဲပြီး အစိုးရတပ်ဖွဲ့တွေ ပြင်ဆင်ချိန်ပိုရမယ်ဆိုတဲ့ အကြံပြုချက်တွေကိုလည်း ပယ်ချခဲ့တယ်။

ဒီလိုနဲ့ နောက်ဆုံးမှာ အခု မြင်နေရတဲ့ ကဘူးလ် ကျဆုံးခြင်း နဲ့ အမေရိကန် အရှက်ကွဲခြင်း ကို ရောက်လာတာပါပဲ။

ဒါ့ကြောင့် ဒီကျရှုံးမှုကြီးမှာ ဘိုင်ဒန် တစ်ဦးတည်း တာဝန်ရှိတယ်လို့ပြောလို့မရဘူး။ ထရမ့် မှာလည်း တာဝန်ရှိတယ်။

ဒီထက်ပိုပြီး အရေးကြီးတာကတော့ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဆိုမာလီ၊ အီရတ်နဲ့ အခုနောက်ဆုံး အာဖဂန် အတွေ့အကြုံတွေအရ အမေရိကန် နဲ့ အပေါင်းအပါတွေဟာ သူတို့ အတွက် အကျိုး မရှိတော့ဘူးလို့ ယူဆတဲ့အခါ ဘယ်သူ့မျက်နှာမှ မထောက်၊ ဖုတ်ဖက်ခါ ထွက်သွားတတ်တယ်ဆို တဲ့ အချက်ပါပဲ။

2 thoughts on “ထရမ့် ၊ ဘိုင်ဒန် နဲ့ တာလီဘန်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: