တောင်ပေါ် ရေတံခွန်

“ကရင်မ, သေ လား၊ ကရင်, မသေ လား” ။

ဒီရွာလေး နာမည်ကို ကြားတဲ့သူတိုင်း မေးလေ့ရှိတဲ့ မေးခွန်းပေါ့။

ရွာခံတွေကတော့ ရွာနာမည်က “ ကရင်မ,သေရွာ” လို့ ပြောတယ်။ ဘာ့ကြောင့် ခေါ်တာလဲဆို တာတော့ သူတို့မသိဘူး။ ဘိုးဘေး အစဉ်အဆက် ဒီလိုပဲခေါ်တာလို့ ဆိုတယ်။

ဒါပေမယ့် ပဲခူးရိုးမ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်မှာ ရုံးအုပ်အဖြစ် တာဝန်ယူခဲ့ပြီး ပဲခူး ရိုးမ ပေါ်မှာ နှစ်ပေါင်းများစွာလှုပ်ရှားခဲ့တဲ့ ရဲဘော်ဘခက် ကတော့ “ ကရင်,မသေ” လို့ ပြောတယ်။

ရဲဘော်ဘခက်ရေးသားတဲ့ “ ဘခက်အကြောင်း” ( အားမာန် သစ်စာပေ၊ ၂၀၁၂ ဇူလိုင် ) မှာ“ ဟိုးရှေးကာလက ပဲခူးရိုးမပေါ်မှာ တောင်ယာခုတ်ထွင် စိုက်ပျိုးနေတဲ့ ကရင်လူမျိုးစုတွေရှိတယ်၊ သူတို့ တောင်ယာတွေကို ဆင်တွေ အမြဲလာဖျက်ဆီး တဲ့ အတွက် ဆင်တွေကို နှိမ်နင်းဖို့ ဆင်တွေလာတဲ့ လမ်းကြောင်းကို ခြေရာခံလိုက်ခဲ့ကြတယ်။ အဲဒီ လို လိုက်သွားတဲ့အခါ ရေတံခွန်တစ်ခုရဲ့ ထိပ်မှာ ကျောက် ဆင်ရုပ်ကြီးကို တွေ့တယ်။ ရွာသားတွေက အဲဒီ ဆင်ရုပ်ကြီးကြောင့် ဆင်တွေလာတာပဲလို့ ယူဆပြီး ချောင်းထဲကို တွန်းချဖျက်ဆီးလိုက်တယ်။ ဆင်ရုပ်ကြီး ချောင်းထဲ ကျသွားချိန်မှာ ကျယ်လောင်တဲ့အသံကြီးထွက်လာသတဲ့။

အဲဒီအသံကြီးကို ကြားလိုက်ရတဲ့ ရွာသားတစ်ချို့လည်း အသက်ရှုလို့မရဘဲ လဲကျသေဆုံး ကုန် တယ်။ အဲဒီအခါမှာ ကျန်တဲ့ ရွာသား ကလေး၊ လူငယ်၊ လူကြီးတွေဟာ အဲဒီနေရာက ထွက် ပြေးခဲ့ကြတယ်။ အသက်တောင်ရှုလို့မရလို့ အဲဒီနေရာကို “ အသက်မရှုမြောင်” လို့ခေါ်ကြ တယ်။ ချောင်းအထက်ဘက် ရောက်တော့ မှ အသက် ၀၀ ရှုနိုင်လို့ အဲဒီနေရာကို “ အသက် ရှုမြောင်” လို့ခေါ်ကြတယ်။ အဲဒီနေရာရဲ့ အထက်ဘက် ချောင်းလေးတစ်ခုကို ရောက်တော့ ငါတို့ အသက်မသေနိုင်တော့ဘူး လို့ ပြောနိုင်တဲ့အတွက် အဲဒီချောင်းကို “ ကရင်, မသေချောင်း” လို့ ခေါ်တယ်” ဆိုပြီး ရေးထားတယ်။

ရဲဘော်ဘခက်ရဲ့ စာအုပ်မှာ ၁၉ ၆၂ ခုနှစ် ဒီဇင်ဘာလ ဗကပ ပဲခူးရိုးမတိုင်း ပြန်လည်ဖွဲ့စည်း ရေး ကွန်ဖရင့်ကို ကရင် မသေ ချောင်းဖျားမှာ သခင် သန်းထွန်း ဦးစီးပြီး ကျင်းပခဲ့ တယ်လို့ ဖော်ပြထားခဲ့တယ်။

ဒီရွာ နာမည်ကို ထွေအုပ်မှာ စာရင်းပေါက်တာတော့ “ ပြောင်ချောင်း” ဖြစ်မယ်ထင်တယ်။ ရွာထဲမှာတွေ့ရတဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရဲ့ ဆိုင်းဘုတ်မှာတော့ “ အုတ်တွင်းမြို့နယ်၊ ပေါက်တော ကျေးရွာအုပ်စု ၊ ပြောင်ချောင်း ( ကရင်မသေ) ကျေးရွာ” လို့ ရေးထားတယ်။

ရွာက အိမ်ခြေသုံးဆယ်လောက်ပဲရှိပါတယ်။ နေထိုင်သူတွေက ကရင် နဲ့ ဗမာတွေပါ။ မူလထဲက တောင်ပေါ်မှာနေထိုင်တဲ့ ကရင်တွေရှိသလို တောင်ငူအရှေ့ဘက်က ပြောင်းလာတဲ့ ကရင် တိုင်းရင်းသားတွေလည်းရှိတယ်။ အိမ်ခြေနည်းတော့ မူလတန်းကျောင်းတောင်မှ တွဲဘက် မူလတန်းကျောင်းပဲရှိတယ်။

ဒီရွာလေးကို လူသိများတာက ရွာနားမှာရှိတဲ့ ရေတံခွန်လေးကြောင့်ဖြစ်ပါတယ်။ ရွာနာမည်ကို အစွဲပြုပြီး “ ကရင်မ သေ ” ရေတံခွန်လို့ခေါ်ပေမယ့် ဟိုး အမြင့်ကြီးက ရေလုံးကြီး ထိုးကျနေတဲ့ ရေတံခွန်မျိုးမဟုတ်ပါဘူး။ ကျောက်ထပ် ကျောက်လွှာအဆင့်ဆင့်ကနေ စီးကျနေတဲ့ “ ရေကျ” လို့ ပြောတာက ပိုမှန်မယ်ထင်ပါတယ်။

ရေတံခွန်က အဆင့်သုံးဆင့်ရှိတယ်။ ပထမအဆင့်က အခုလို ရေများချိန်မှာတောင် အနက် တစ်ပေ၊ တစ်ပေခွဲလောက်ပဲရှိတယ်။ ရေပြင်ကျယ်တယ်၊ ရေစီးနှေးတယ်။ ကလေးတွေ ရေ ဆော့ လို့ကောင်းတဲ့နေရာပေါ့။

ဒုတိယအဆင့်ကတော့ ကျောက်ဖျာပေါ်ကနေ ရေလုံးကျနေတာ၊ ကျောက်ဖျာအမြင့်က သုံးပေ၊ လေးပေလောက်ရှိတယ်။ အောက်ခြေမှာ ရေအိုင်ရှိပြီး ရေများချိန်မှာ အနက်လေးပေ လောက်ရှိ တယ်။ ရေမကူးတတ်တဲ့ လူကြီးတွေ ရေဆော့လို့ကောင်းတဲ့နေရာပေါ့။

တတိယအဆင့်ကတော့ အမြင့်ဆယ်ပေလောက်ကနေ ရေလုံးကျနေတာ။ အောက်ခြေရေအိုင် ကျယ်တယ်။ အခု အချိန်မှာ ရေအနက်ဆုံးနေရာ ကျောက်ဖျာအခြေမှာ ဆယ်ပေ၊ ဆယ့်ငါးပေလောက် နက်တယ်။ အိုင်ဘေးဘက်မှာတော့ ငါးပေ၊ ခြောက်ပေ လောက်ပဲရှိတယ်။ ဒုတိယအဆင့်ကနေ ရေကျနေတဲ့ ရေကြောအတိုင်း အောက်က အိုင်ထဲကို ရေလေ ျှာစီးပြီး ဆင်းလို့ရတယ်။ ရေ ကူး ကျွမ်းကျင်တဲ့သူတွေပဲ ရေချိုးသင့်တဲ့နေရာဖြစ်ပါတယ်။ ဆောင်းရာသီ ရေနည်းသွားရင်တော့ ဘယ်သူမဆို ချိုးလို့ရမယ်ထင်ပါတယ်။

ဒီရေတံခွန်လေးရဲ့ အားသာချက်ကတော့ ကားလမ်းဘေးကနေ ကိုက်ငါးဆယ် လောက် ဆင်းလိုက်ရင် ပထမ အဆင့် နဲ့ ဒုတိယ အဆင့်ကို ရောက်နိုင်တဲ့ အခြေအနေပါပဲ။ တတိယ အဆင့်ကို သွားရင်တော့ ဒုတိယအဆင့်ကနေ ကျောက်ဆောင်တွေကို တွယ်ပြီး ဆင်းလို့ရ သလို ချောင်းဘေး လူသွားလမ်းအတိုင်းပတ်ပြီးသွားလို့လည်း ရပါတယ်။

ကရင်မသေရွာက Bago Yoma Eco Resort အပန်းဖြေစခန်းကနေ မိုင် ၂၀ ဝေးတယ်။ အပန်းဖြေ စခန်းကလာရင် ရွာအဝင်နေရာမှာ ကားရပ်ပြီး လမ်းဘယ်ဘက်ကို ဆင်းသွားရပါတယ်။ ( သွားတဲ့ ကားလမ်းကြောင်းနဲ့ ရေတံခွန်တတိယအဆင့်ကို သွားတဲ့လမ်းကြောင်းကို ဓာတ်ပုံတွေနဲ့ ပြထား ပါတယ်။ )

ရေတံခွန်ကို သွားတဲ့ကားလမ်းက အကောက်အကွေ့များပြီး အတက်အဆင်းကြမ်းတယ်၊ ကိုယ့်ကား နဲ့ မသွားချင်ရင် အပန်းဖြေစခန်းက ကားငှားပြီး သွားလို့ ရပါတယ်။ အပန်းဖြေစခန်း နဲ့ ကရင်မသေ ရွာကြား မိုင်တိုင် ၅၁ ကနေ ၅၄ ကြားမှာ ဘော်ဒါ၊ ခပေါင်း နဲ့ ရွှေတောင်ငွေတောင် ဆိုတဲ့ ရွာတွေ ရှိတယ်။ ရွှေတောင် ငွေတောင်က ပေါက်ခေါင်း နဲ့ အုတ်တွင်း ကြား အလယ်ဗဟိုလောက်မှာ ရှိ တော့ ကားတွေ နားလေ့ရှိတယ်။ ထမင်းဆိုင်လေးတွေရှိတယ်။

ရေတံခွန်ကို သွားမယ်ဆိုရင် အပန်းဖြေစခန်းက မနက် ၈ နာရီလောက်ထွက်၊ ရွှေတောင် ငွေတောင်က ထမင်းဆိုင်တွေမှာ ရနိုင်တဲ့ ဟင်းကို ကြည့်ပြီး ကိုယ်စားချင်တာမှာခဲ့။ ရေတံ ခွန် ကို သွား၊ အပြန် ရွှေတောင် ၊ ငွေတောင်မှာ ထမင်းဝင်စားလို့ရတယ်။ ရွှေတောင်၊ ငွေတောင် နဲ့ ကရင် မသေရွာ ကြား မိုင်တိုင် ၅၆ လောက်မှာ ရှုခင်းသာရှိတယ်။ ပဲခူးရိုးမ ခပေါင်းကြိုးဝိုင်းကို အပေါ်စီး ကနေ မြင်ရတယ်။ မိုင်တိုင် ၅၉ က ပေါက်ခေါင်းမြို့နယ်အဆုံး၊ အုတ်တွင်း မြို့နယ်အစ ဖြစ် ပါတယ်။ ကရင်မသေရွာက မိုင်တိုင် ၆၃ မှာ ရှိတယ်။

ကရင်မ သေရွာသားတွေ ရေတံခွန်လေးကို မှီခိုပြီး လုပ်ကိုင်စားသောက်တာမတွေ့ရ ဘူး။ ရိုးရာဓလေ့ တောင်ယာလုပ်၊ ဝါးခုတ်၊ မီးသွေးဖုတ်ပဲ။ ဒီနှစ်တော့ ဖျံဥ တွေဈေးကောင်းလို့ တောထဲ ဝင်ပြီး ဖျံဥတူးတာလည်းရှိတယ်။ ရေတံခွန်အောက်ဘက် ကရင်မသေ ချောင်းအတိုင်း တောတွင်း ခရီးသွားနိုင်အောင်၊ ရွာမှာ ဒေသထွက် ရိုးရာလက်မှု ပစ္စည်းလေးတွေ ရောင်းနိုင်အောင် လုပ်ပေး ရင်တော့ ရွာလေးအတွက် အကျိုးရှိမှာပါ။

ရေတံခွန်ပတ်ဝန်းကျင်မှာ ပလတ်စတစ်အမှိုက်တစ်ချို့တွေ့တယ်။ လူသွားလူလာ များလာရင် တော့ အမှိုက်ပြဿနာရှိလာနိုင်တယ်။ နောက်တစ်ခုက တတိယ အဆင့် ရေအိုင် မှာ ရေကူး တာနဲ့ပတ်သက်ပြီး သတိပေးဆိုင်းဘုတ်ထားသင့်တယ်လို့ မြင်တယ်။ ရေတံခွန် သန့်ရှင်းရေး နဲ့ သတိပေးဆိုင်းဘုတ် ထားတာကို အပန်းဖြေစခန်းက တာဝန်ယူပြီးလုပ်ပေး ရင် ကောင်းမယ်လို့ ထင်ပါတယ်။

ရေတံခွန်က အပြန်မှာတော့ ရွာနာမည်ကို ကရင်တိုင်းရင်းသားတွေအတွက် မင်္ဂလာရှိ အေးချမ်း လှပတဲ့ အမည်တစ်ခု ပြောင်းပေးရင် ကောင်းမှာပဲလို့ တွေးမိတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: