ပြီးခဲ့တဲ့ အောက်တိုဘာ လဆန်းက ရန်ကုန် – ပြည် ကားလမ်းအတိုင်း ပေါက်ခေါင်းဘက်ကို ခရီးထွက်တော့ လမ်းပေါ်မှာ သံထည်ပစ္စည်းဟောင်းတွေ၊ ပလတ်စတစ်ထိုင်ခုံအကျိုးအပဲ့ တွေ တင်ထားတဲ့ ဆိုင်ကယ်တွေ အများကြီးတွေ့ရတယ်။ ဆိုင်ကယ်ပေါ်မှာ ဆိုင်ကယ် အဟောင်း တင်ပြီး မောင်းနေသူလည်း ရှိရဲ့။ ၂၀၁၉ ခုနှစ် ဒီလမ်းအတိုင်း ခရီးသွားခဲ့ ချိန်က အခုလို မတွေ့ခဲ့ရဘူး။ အခုတော့ ရန်ကုန် – ပြည်လမ်းမကြီးပေါ်မှာတင်မဟုတ်ဘူး။ ပုတီးကုန်း- ဆင်မြီးဆွဲ- ပေါက်ခေါင်းလမ်းမှာရော၊ ပေါက်ခေါင်း – အုတ်တွင်းလမ်းအတိုင်း ပဲခူး ရိုးမ တောင်ခြေက ရွာတွေအထိရော ဒီဆိုင်ကယ်တွေကို တွေ့ရတယ်။
အဲဒီ ဆိုင်ကယ်သမားတွေ နဲ့ စကားပြောချင်ပေမယ့် သူတို့ ခရီးနှင်နေချိန်ဖြစ်လို့ ပြောဖို့ အခွင့် မသာခဲ့ဘူး။ အပြန်ခရီးမှာ ကြို့ပင်ကောက်မြို့ ကျော်လာတော့ လမ်းဘေးမှာ နားနေတဲ့ ပစ္စည်း အဟောင်းဝယ် ဆိုင်ကယ်တစ်စီးကို တွေ့တယ်။ တီရှပ်အမည်းရောင် နဲ့ လူငယ်လေးက ဆိုင် ကယ်ပေါ်မှာ ထိုင်ရင် ဖုန်းပွတ်နေတယ်။ ဆိုင်ကယ်နောက်က ခြင်းထဲမှာ သံထည် ပစ္စည်း အဟောင်းတွေ အပြည့်၊ စက်ဘီး ဖရိန်အဟောင်းပါသလို၊ လှည်းဘီးပတ်သံပြားအဟောင်း လည်း ပါတယ်။ ခြင်းတောင်းပေါ်မှာ မရွေးမုန့်ထုပ်အိတ်ကြီးတင်ထားပြီး ရှေ့ထိုင်ခုံကြားမှာတော့ ကြက် သွန်နီအိတ်တင်ထားတယ်။ ဆိုင်ကယ်လဲမသွားအောင် ဝါးလုံးနဲ့ထောက်ထားတယ်။
ကားရပ်ပြီး စကားပြောကြည့်တော့ ကြို့ပင်ကောက်မြို့ဘက်ကို ပြန်မှာ ။ သူငယ်ချင်း တစ်ယောက် နောက်မှာ ပစ္စည်းဝယ်ရင်းကျန်နေခဲ့လို့စောင့်နေတာတဲ့။ သူ့အသက်က ၂၅ နှစ်၊ ဒီအလုပ်လုပ် တာ ခုနှစ်နှစ်၊ ရှစ်နှစ် ရှိပြီဆိုတော့ ၁၈ နှစ်သားလောက်ထဲက ဒီအလုပ်လုပ်ခဲ့တာပေါ့။ သူ စလုပ် တော့ စက်ဘီးအဟောင်းလေးနဲ့ လိုက်ဝယ်ရတယ်။ အဲဒီကမှ ဆိုင်ကယ်နဲ့ ဖြစ်လာတာ။
သံထည်နဲ့ ပလတ်စတစ် ပစ္စည်းအဟောင်းဝယ်ဖို့ အတွက် ရွာစဉ်သွားရတယ်။ ကားလမ်းကနေ မိုင် ၂၀ ၊ ၃၀ ဝေးတဲ့ရွာတွေအထိ သွားတယ်။ လှည်းလမ်း၊ ဆိုင်ကယ်လမ်း ရှိရင် ရောက်အောင် သွားတာပဲ။ ဇလွန် ၊ ဟင်္သာဘက် က ရွာတွေအထိ ဆင်းပြီး ဝယ်ဖူးတယ်တဲ့။
ကိုဗစ် ဖြစ်တဲ့အခါ မြို့၊ ရွာတွေက လူစိမ်းအဝင်မခံတော့ သူတို့လုပ်ငန်းလည်း ရပ်ပေါ့။ ပြန်စ တာ တစ်လကျော်၊ နှစ်လလောက်ပဲရှိသေးတယ်။ အခုလုပ်ငန်းအခြေအနေကိုမေးတော့ ကောင်းလည်း ကောင်းတယ်၊ ဆိုးလည်း ဆိုးတယ်တဲ့။ ကောင်းတယ်ဆိုတာက သံထည်အဟောင်းတွေ၊ ပလတ် စတစ်အဟောင်းတွေ ဈေးကောင်းရလာတယ်။ ဆိုးတယ်ဆိုတာက ရောဂါကြောင့်၊ လုံခြုံရေး ကြောင့် သွားလမ်း၊လာလမ်းပိတ်တာတွေများလာတယ်။ မြို့အဝင်၊ အထွက်တွေကလည်း ကိုဗစ် စစ်တော့ တစ်ခါစစ်ပြီးရင် အဲဒီလက်မှတ်လေးဆောင်ထားရတယ်။ လက်မှတ် ပြရင် နောက်ထပ် ငါးရက် အတွင်း အစစ်မခံရတော့ဘူး။ တစ်ခါတစ်လေတော့လည်း မြို့ကို မဖြတ်ဘဲ ရွာလမ်း တွေကနေ ရှောင်ပြီးသွားရတာလည်း ရှိတယ်။ နှာခေါင်းအနှိုက်ခံရတာများလွန်းတော့ မခံနိုင် တော့ဘူးတဲ့။
( ကျွန်တော်နဲ့တွေ့တဲ့အချိန်မှာ) ဆီဈေးက တစ်ဘူး ၁၅၀၀၊ တစ်နေ့ကို ဆီဖိုး လေးထောင် လောက်တော့ ကုန်တယ်။ ပစ္စည်းဝယ်တဲ့အခါ ပြန်ရောင်းရင် ကိုယ့်အတွက် တစ်ပိဿာမှာ နှစ်ရာ ၊ သုံးရာ ကျန် အောင်တော့ တွက်ပြီး ဝယ်ရတာပဲ။ ပစ္စည်းများများရောင်းလေ့ရှိတဲ့ ဖောက်သည်ဆိုရင်တော့ ကိုယ့် အတွက် လေ ျှာ့ပြီး ဈေးကောင်းပေးဝယ်ရတာလည်းရှိတာပဲ။ ဘာပဲဖြစ်ဖြစ် တစ်နေ့ သုံးလေးထောင်တော့ ကိုယ့်အတွက် ကျန်ပါတယ်လို့ တွက်ပြတယ်။
သူတို့ ပစ္စည်းဝယ်တဲ့စနစ်ကလည်း ပုံသေမဟုတ်ပါဘူး။ ပိဿာချိန်ကို မှန်းပြီး ဈေးဖြတ် ဝယ်ရ တာလည်း ရှိတယ်။ အိမ်သုံးလ ျှပ်စစ်ပစ္စည်းတွေဆိုရင် ဘယ်အပိုင်းက ပြန်ရောင်းလို့ရတယ်၊ ဘယ်အပိုင်းက မရဘူးဆိုတာ တွက်တတ်ရတယ်။ အဓိက ပြန်ရောင်းလို့ရတာကတော့ သံ ထည် အပိုင်းတွေပါပဲ။ ဆိုင်ကယ်အဟောင်းတွေ ဝယ်ရင်လည်း ဒီလိုပဲတွက်ရတာပဲတဲ့။
သူ့မှာပါလာတဲ့ မရွေးတွေက ကလေးတွေအတွက်။ ကလေးတွေဆီက အများဆုံးဝယ်လို့ရတာက ဘီယာဘူးခွံ၊ အအေးဘူးခွံတွေ။ ကြက်သွန်နီကတော့ အိမ်ရှင်မတွေအတွက်။ သူ့ခြင်းထဲက အမ်ပလီဖိုင်ယာအဟောင်းကြီးဆိုရင် ကြက်သွန်တစ်ပိဿာနဲ့လဲလာခဲ့တာဆိုပဲ။
အခုအချိန်မှာ ပစ္စည်းအဟောင်းလိုက်ဝယ်တဲ့သူတွေများတယ်ဆိုတာက လူတွေက လုပ်စရာ အလုပ် မရှိကြတဲ့အချိန်မှာ သံထည်အဟောင်းတွေ ဈေးကောင်းရတယ်ဆိုတော့ အဆင်ပြေတဲ့ အလုပ်ကိုပဲ ဝိုင်းလုပ်လာကြတာပါတဲ့။
ဒီအလုပ်လုပ်တဲ့သူတွေများလာတော့ ကုန်ကြမ်းဝယ်ရတာ ခက်သွားလား၊ ပစ္စည်းရှားသွားလား လို့ မေးတော့ မရှားပါဘူး။ လူတွေကလည်း အသုံးကျပ်လာတော့ အရင်က ဒီအတိုင်း ပစ်ထားတဲ့ ပစ္စည်းအဟောင်းတွေကို ရှာဖွေပြီးရောင်းလာလို့ ပိုတောင် ဝယ်လို့ကောင်းလာတယ်လို့ ဆိုတယ်။
“ လူတွေက လုပ်စရာ အလုပ်မရှိတော့ အဆင်ပြေတဲ့အလုပ်ကိုပဲ ဝိုင်းလုပ်နေကြတယ်။ ”
“ လူတွေက အသုံးကျပ်လာတော့ အရင်က ဒီအတိုင်း ပစ်ထားတဲ့ ပစ္စည်းအဟောင်းတွေကို ရှာဖွေ ရောင်းလာကြတယ်။”
အစီရင်ခံစာတွေ ဖတ်စရာမလိုတဲ့ လမ်းမပေါ်က လက်တွေ့ စီးပွားရေးသုံးသပ်ချက်ပဲ။
လူငယ်လေးရဲ့ စကားကို ကြားတော့ ဆရာ သိန်းဖေမြင့်ရဲ့ “ ပြည်သူကြားမှာ အမှန်ရှာ” ဆိုတဲ့ စကားကို သတိရမိတယ်။
ဒါပေမယ့် အဲဒီစကားခေတ်စားခဲ့တဲ့ လမ်းစဉ်ပါတီခေတ်မှာပဲ အခြေအနေမှန် နဲ့ ကင်းကွာပြီး ထန်းပင်ပေါ်က ကိန်းဂဏန်းတွေနဲ့ စိတ်ကူးယဉ်ခဲ့ကြလို့ ဒုက္ခတွေ့ခဲ့ကြဖူးတယ်။
မေ ျှာ်စင်ထိပ်မှာနေတဲ့အတွက် အဝေးကြီးကို မြင်နိုင်တယ်ဆိုပေမယ့် တစ်ခါတစ်လေ မေ ျှာ်စင် အောက်ခြေကို ငုံ့ကြည့်ဖို့ မေ့နေတတ်တာလည်းရှိတယ်။ ချစ်ခင်ရတဲ့ မိတ်ဆွေတစ်ဦးကတော့ မီးပြတိုက်အောက်ခြေက အမှောင်ဆုံးပဲလို့ ဆိုခဲ့ဖူးတယ်။