မနက်စောစော လမ်းလေ ျှာက်ထွက်တော့ အိမ်က ခေါက်ဆွဲဖတ်၊ အကြော် နဲ့ အသီးအနှံတွေ ဈေး မှာလိုက်တယ်။
ရပ်ကွက်ဈေးထဲက မုန့်ဖတ်ဆိုင်ရောက်တော့ ဝယ်နေကျအတိုင်း မှာလိုက်တဲ့အခါ မုန့်ဖတ် နည်းနည်းပဲရတယ်။ မုန့်ဖတ်တွေ ဈေးတက်သွားပြီတဲ့။ အရင်က တစ်ပိဿာ ၁၆၀၀၊ အခု ၂၄၀၀၊ ဒီလိုနဲ့ မုန့်ဖတ်ဖိုးက မှန်းထားတာထက် ပိုကုန်သွားတယ်။
ပဲကြော် က အရင်တစ်ထုပ်ကို ငါးရာ၊ အခု ခုနှစ်ရာ၊ ပြန်ကြော်ဆီလား၊ ပြည့်ဝဆီလား ၊ ဘာညာ မမေးခဲ့ပါဘူး။ လက်တွေ့ဘဝမှာ သတင်းစာဆောင်းပါးတွေက ညွန်းသလို ကျန်းမာရေးနဲ့ ညီတဲ့ ဆီနဲ့ ကြော်ရင် နှလုံးရောဂါ ဖြစ်မယ့် ဈေး နဲ့ ဝယ်စားရလိမ့်မယ်။ ဒီလိုနဲ့ ဝယ်သူအများစု လက်လှမ်းမီတဲ့ဈေးဖြစ်အောင် အဆင်ပြေသလို လုပ်နေကြတာပါပဲ။
ကန်စွန်းရွက်၊ ပူစီနံ၊ နံနံပင် တစ်စည်းဈေး မတက်ဘူး။ ဒါပေမယ့် အရွယ်အစားကတော့ နည်း နည်းသေးသွားတယ်။ စီးပွားရေး ကျုံ့လာတယ်ဆိုတဲ့ သဘောပေါ့။
အပြန် မီးပွိုင့် နားရောက်တော့ အားပေးနေကျ တစ်ရှုးဘူးရောင်းတဲ့ လူငယ်လေးကို တွေ့ တယ်။ ခြေတစ်ဘက် မသန်တဲ့သူ့ကို တွေ့တိုင်း လိုလို မလိုလို တစ်ရှုးဘူးဝယ်ပြီးအားပေးနေကျ။ တစ်ရှုးဘူး တစ်ဘူး ဝယ်တော့ တစ်ထောင့်နှစ်ရာဖြစ်သွားပြီတဲ့။ အရင်က တစ်ထောင်ပါကွာ ဆိုတော့ အင်ပို့တွေ မဝင်လို့ တစ်ရှုးစက္ကူတွေ ဈေးတက်သွားပြီတဲ့။
ကောင်းကင်ကို မော့ကြည့်ရင်း မိုးနတ်မင်း ၊ ကုန်ဈေးနှုန်းတွေ တက်နေတာ သိရဲ့လားလို့ တွေးမိရတယ်။ သိမယ်မထင်ပါဘူး။ မိုးနတ်မင်းလည်း စိတ်ကူးယဉ် အိပ်မက်တွေထဲမှာ နေတာ ကြာပြီကော။