ပင့်ကူရ

ကုမ္မာဘယ မင်းသားက ပင့်ကူကြီးကို တိုက်ခိုက်သတ်ဖြတ်ပြီး လှိုဏ်ဂူထဲမှာ ပိတ်မိနေတဲ့ နတ်သမီး ခုနှစ်ဖော်ကို ကယ်တင်နိုင်လိုက်တဲ့အတွက် “ ပင့်ကူကို အနိုင်ရလို့ ပင့်ကူရ” လို့ ခေါ်ရာ ကနေ “ပင်းတယ” လို့နာမည်တွင်လာတယ်ဆိုတဲ့ မြို့လေးဆီကို ခရီးထွက်ခဲ့တယ်။

ပင်းတယ က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာပါတယ်။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆိုတာက ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ ပင်းတယ နဲ့ ရွာငံနှစ်မြို့နယ်ကို ပေါင်းပြီး ဖွဲ့စည်းထားတာပါ။ ပင်းတယ ကတော့ ဒေသ ဦးစီးအဖွဲ့ရုံးစိုက်တဲ့မြို့၊ ဓနုမြို့တော်ပေါ့။

ပင်းတယ လို့ပြောလိုက်ရင် ပုန်းတလုတ် ရေကန်၊ ရွှေရောင်တဝင်းဝင်း ရွှေဥမင် ဂူဘုရားနဲ့ ဘုရားတောင်ခြေက သက်တမ်းရင့် ညောင်ပင်ကြီးတွေကို မျက်စိထဲမှာ မြင်ယောင်လာ မှာသေချာတယ်။ ဒါပေမယ့် ပင်းတယ မြို့ပတ်ဝန်းကျင်မှာ ဘုရားဖူးတာအပြင် နောက်ထပ် လေ့လာစရာတွေ အများကြီးကျန်သေးတယ်။ ကျွန်တော်ကတော့ ပင်းတယ အနောက်ဘက် တောင်တန်း ပေါ် က ဓနု နဲ့ ပလောင်တိုင်းရင်းသားကျေးရွာလေးတွေကို လေ့လာနိုင်ဖို့ ပင်းတယကိုလာခဲ့တာပါ။

ရန်ကုန်ကနေ ထွက်ပြီးနေပြည်တော်မှာ တစ်ညအိပ်တယ်။ နောက်တစ်ရက် နေပြည်တော် – ပျော်ဘွယ်( ဘုရားငါးဆူ) – ကလော – အောင်ပန်းလမ်းအတိုင်းလာပြီး အောင်ပန်းရောက် တော့ အောင်ပန်း- ပင်းတယလမ်းအတိုင်းခရီးဆက်ခဲ့တယ်။ အောင်ပန်းကနေ ပင်းတယထိ ၂၄ မိုင် ရှိတယ်။

အောင်ပန်းက ထွက်ပြီး မိနစ်နှစ်ဆယ်လောက်မောင်းလိုက်တာနဲ့ ပင်းတယ မြို့နယ်ထဲကို စဝင်ပါတယ်။ ပင်းတယမြို့နယ်ထဲ ဝင်ပြီး ပထမဆုံးစတွေ့တဲ့ရွာက ကျောက်ဆောင်မြေခြား ရွာ၊ အဲဒီရွာက ရွာနှစ်ရွာပေါင်းပြီး ခေါ်ထားတာထင်တယ်။ ပြီးတော့ ကျုံး၊ ပွေးလှ၊ ကန်တောင်၊ ရေချမ်း စင်၊ သရက်ကုန်းရွာတွေကို ဖြတ်ပြီး ပင်းတယကို ရောက်တယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာတော့ အောင်ပန်း- ပင်းဒယလမ်း၊ အောင်ပန်း-ပင်လောင်းလမ်း၊ အောင်ပန်း – ရွာငံ လမ်းတွေက ပန်းချီကား တစ်ချပ်လို လှပတယ်ဆိုပြီး နာမည်ကြီးတဲ့လမ်းတွေပေါ့။

အခုအချိန်မှာ လမ်းဘေးဝဲယာစိုက်ခင်းတွေကတော့ စိုက်ထားတဲ့သီးနှံတွေပေါ်မူတည်ပြီး အစိမ်းရောင် ရင့်ရင့်၊ အစိမ်းရောင်နုနု၊ အဖြူရောင်၊ အဝါရောင်တောက်တောက်တွေနဲ့ လှချင်တိုင်းလှနေတယ်။ ရောင်စုံ စိုက်ခင်းတွေကြားမှာ နောက်ထပ်သီးနှံစိုက်ဖို့ထွန်ယက်ထားတဲ့ မြေနီရင့်ရင့် မြေကွက်တွေလည်း ရှိတယ်။ ကန်တောင်ရွာ ကျော်လာတာနဲ့ ကားလမ်းအရှေ့ဘက် တောင်ကုန်းပေါ်မှာ ရွှေတိဂုံစေတီပုံတူ စေတီတော်ကြီးကို လှမ်းမြင်နေရတယ်။ စင်္ကြာတောင် ဘုရားလို့ လူသိများပြီး ဒီနှစ်ထဲမှာမှ ထီးတင်တာလို့ဆိုတယ်။ ရေချမ်းစင် ရွာထဲကနေ ဘုရား တောင်ကို ကားနဲ့သွားလို့ရပေမယ့်အခုတော့ ကိုဗစ်၁၉ ရောဂါကာကွယ်ရေးအတွက် လမ်း ပိတ်ထားတယ်။

လမ်းဘေဝဲယာရှုခင်းတွေ စိမ်းစို လှပနေပေမယ့် တောင်သူတွေဘ၀ ကတော့ လန်းဆန်းမှု မရှိလှဘူး။ ဒီနှစ် အတွင်းမှာ သီးနှံထွက်ကုန်တွေဈေးကျနေတယ်။ ဒေသခံတွေ စကား အတိုင်းပြောရရင် သူ တို့ ရောင်းတာမှန်သမ ျှ ဈေးကျနေပြီး သူတို့ ဝယ်ရတာမှန်သမ ျှ ဈေးတက် နေတယ်တဲ့။

လမ်းပေါ်မှာ စက်တပ်ယာဉ်အမျိုးမျိုးပြေးလွှားနေတယ်၊ စိုက်ခင်းတွေထဲမှာ တောင်သူတွေ လုပ်ငန်း ခွင်ဝင်နေတယ်။ ကုန်ကားကြီးတွေရပ်ပြီး ပန်းဂေါ်ဖီတွေ၊ ဂေါ်ဖီထုပ်တွေတင်နေတယ်။ ရုပ်ပိုင်း ဆိုင်ရာကတော့ ပုံမှန်အခြေအနေ နီးနီးရောက်နေတာပေါ့။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာအခြေ အနေကတော့ ပင်လယ်ထဲမှာ မျောနေတဲ့ ရေခဲတောင်လိုပဲ ရေအောက်မှာ ဘယ်လိုရှိမလဲ ခန့်မှန်းရခက်လှတယ်။

ပင်းတယမြို့က တောင်ကြားလွင်ပြင်ထဲမှာ ရှိတော့ အောင်ပန်း – ပင်းတယ ကားလမ်းက လည်း တောင်ကြားလွင်ပြင်အတိုင်း နိမ့်လိုက်၊ မြင့်လိုက်၊ အတက်အဆင်း ပြေပြေလျောလျော၊ အကွေ့ အကောက်များများ နဲ့ သွားနေတယ်။ တောင်ကြားလွင်ပြင်ရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက် မှာ တောင်တန်းတွေရှိတယ်။ တစ်ချို့နေရာတွေမှာ တောင်ကြားလွင်ပြင်ထဲက ထိုးထွက်နေတဲ့ ထုံး ကျောက်တောင်ကုန်းတွေပေါ်က ပတ်ကြားအက်နေတဲ့ အက်ကြောင်းကြီး တွေကို လှမ်းမြင် နေတယ်။ အပေါ်ယံမြင်ရသလောက်ပဲ နက်ရှိုင်းတာလား၊ မမြင်နိုင်တဲ့ မြေအောက်မှာ ဘယ်လောက် အထိ နက်နက်ရှိုင်းရှိုင်းရှိနေလဲ မသိနိုင်ဘူး။ ပြေပြေလျောလျော မြင့်တက်သွားတဲ့ ဆေးရောင်စုံတောင်ကုန်းတွေ ကို မြင်ရတာ စိတ်ချမ်းမြေ့သလောက် အက်ကြောင်းကြီးတွေ၊ ပြတ်ရွေ့ ကြောတွေနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ တောင်ကုန်းတွေကို မြင်ရတာ စိတ်နှလုံးညစ် နွမ်းရတယ်။ ဘယ်အရာမဆို အကြားအလပ် အကွဲ အပြားမရှိ ညီညာပြန့်ပြူးနေရင် အကောင်း ဆုံးပဲ။

လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်အတွင်းမှာ ပင်းတယမြို့ဟာ ပြည်တွင်း ခရီးသွားတွေ သာမက ပြည်ပ ခရီးသွားတွေကိုပါ ဆွဲဆောင်နိုင်တဲ့ ဒေသဖြစ်လာခဲ့တယ်။ ပြည်တွင်းခရီးသွား အများစုက နေ့ချင်းပြန် ဘုရားဖူးခရီးစဉ် လာကြပြီး နိုင်ငံခြားခရီးသွားတွေကတော့ ပင်းတယမှာ အခြေပြု လို့ ပတ်ဝန်းကျင်တောင်တန်းတွေမှာ တောလမ်းခရီးလေ ျှာက်တာ၊ ရိုးရာဓလေ့ထုံးစံများ၊ ကုန် ထုတ်လုပ်ငန်းများကို လေ့လာတာတွေလုပ်ကြတယ်။

ကိုဗစ် ကာလမတိုင်မီနှစ်များတွေကတော့ အောက်တိုဘာ၊ နိုဝင်ဘာ ၊ ဒီဇင်ဘာဟာ ခရီးသွား ရာသီ၊ ပင်းတယ မြို့ပေါ်က ဟိုတယ်တွေမှာ အခန်းလွတ်မရှိတဲ့အချိန်ပေါ့။ အခုတော့ မြို့လေးဟာ ကပ်ဘေးနှစ်ခုကြားမှာ ခြောက်ကပ်ကပ်ဖြစ်နေပြီ။

ရွှေဥမင်ဘုရား နဲ့ လှိုဏ်ဂူကို ပိတ်ထားတဲ့အတွက် တောင်ခြေမှာရှိတဲ့ စားသောက်ဆိုင်တွေ ၊ အမှတ်တရပစ္စည်းဆိုင်တွေ အားလုံးလိုလို ပိတ်ထားရတယ်။ ကိုဗစ်ကြောင့် ပြည်ပခရီးသွား တွေ မလာတော့ နိုင်ငံခြားခရီးသွားဧည့်သည် တွေ အတွက်ရည်ရွယ်ဖွင့်ထားတဲ့ ကော်ဖီဆိုင်လေးတွေ လည်း ပိတ်ထားရတယ်။ မြို့ထဲက စားသောက် ဆိုင်နဲ့ထမင်းဆိုင်တွေကတော့ ဖွင့်တဲ့သူဖွင့်၊ ပိတ်တဲ့သူပိတ်၊ ဖွင့်ထားတဲ့ဆိုင်တွေကလည်း ရောင်း အားကျလို့ ရုန်းကန်နေရတယ်။

ပင်းတယဈေးကြီးထဲမှာ စတိုးဆိုင်တွေ၊ ကုန်မာဆိုင်တွေပဲကျန်တယ်။ အသီးအရွက်တွေက ရွှေဥမင် ဘုရားသွားတဲ့လမ်းက ညောင်ပင်ကြီးတွေဘက်မှာ ယာယီဈေးဖွင့်ပြီး ရောင်းတယ်။ ရှမ်း ခေါက်ဆွဲဆိုင်တွေက ဈေးထဲကို လူလာနည်းလို့ ဆိုပြီး မြို့ထဲမှာ အဆင်ပြေသလိုဖွင့်ထားကြ တယ်။ အရင်ကလို ဈေးထဲသွားပြီး နံနက်စာ ရှမ်းခေါက်ဆွဲ၊ တို့ဟူးနွေးစားလို့ မရတော့ဘူး။

ဟိုတယ်တစ်ချို့ကတော့ ကိုဗစ်စည်းကမ်းနဲ့ အညီ ပြန်ဖွင့်နေပေမယ့်လည်း ဧည့်သည်ရဖို့ မနည်းရုန်းကန်နေရတော့ အခန်းပြည့်မဖွင့်နိုင်ဘူး။ ဝန်ထမ်းအင်အား ပြည့်မထားနိုင်ဘူး။ ကျွန်တော်တည်းခိုတဲ့ ဟိုတယ်ဆိုရင် ဒေသခံမိသားစုက ဖွင့်ထားတာ။ အရင်က ဝန်ထမ်း ၂၀ လောက်၊ အခန်း လေးဆယ်ကျော်လောက်ရှိတယ်။ အခုတော့ အခန်းဆယ်ခန်းကျော်ကျော် လောက်ပဲ ဖွင့်ထားတယ်။ ဝန်ထမ်းတွေက နှစ်ယောက်ပဲရှိပြီး ကျန်တာကို မိသားစုက ဝိုင်းလုပ်နေ ရတယ်။ စားသောက်ခန်းပိတ်ထားရတယ်။ နံနက်စာကိုတော့ စားချင်တာပြောရင် အပြင်က မှာကျွေးတယ်။ မြို့ အစွန်မှာ ဆောက်လက်စနဲ့ ရပ်ထားတဲ့ ဟိုတယ်စီမံကိန်းနှစ်ခုကိုလည်း တွေ့ခဲ့ရတယ်။

ခရီးသွားတွေ အလာနည်းရင် စီးပွားရေးလုပ်ငန်းရှင်တွေပဲ ထိခိုက်တာပါလို့တော့ ပြောလို့မရဘူး။ ဟိုတယ်နဲ့ စားသောက်ဆိုင်လုပ်ငန်းဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ ဒေသထွက် ကုန်ပစ္စည်းဈေးကွက်တွေလည်း ပျက် သွားတဲ့အတွက် ဒေသခံတိုင်းရင်းသားတွေလည်း ထိခိုက် တာပဲ။

ဒါ့အပြင် အင်န်အယ်လ်ဒီအစိုးရလက်ထက်က ၂၀၁၈ ခုနှစ် စက်တင်ဘာလထဲမှာ ပင်းတယ မြို့နယ်ထဲက ပင်စိမ်းပင်ရွာနဲ့ ဆီးကျအင်း ရွာ နှစ်ရွာကို ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း ( Community Based Tourism , CBT) ထူထောင်ပေးခဲ့တယ်။ အဲဒီရွာတွေမှာ တည်းခိုစရာ နေရာ အပါအဝင် လိုအပ်တဲ့အခြေခံအဆောက်အအုံတွေကို ပုဂ္ဂလိက လုပ်ငန်းရှင်နဲ့ ကျေးရွာလူထု ကပူးပေါင်း ဆောက်လုပ်တယ်။ လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေကို ကြိုဆိုဧည့်ခံတာ၊ တောလမ်းခရီး လေ ျှာက်နိုင်အောင်၊ ကျေးရွာလူနေမှုဘဝကို လေ့လာနိုင်အောင်၊ ရိုးရာ အကတွေကို ကြည့်နိုင်အောင် ကျေးရွာလူထုက ဆောင်ရွက်ပေးတယ်။

အဲဒီရွာတွေကို ၂၀၁၉ ခုနှစ်ထဲမှာ နိုင်ငံခြားခရီးသွား အတော်များများ လာရောက်ခဲ့တယ်လို့ ဆိုတယ်။ ဒေသခံတွေကလည်း စိုက်ပျိုးရေးတစ်ခုတည်း ကို မှီခိုနေရာကနေ ခရီးသွား လုပ်ငန်းကနေလည်း ဝင်ငွေရနိုင်မယ့် အခွင့်အလမ်းကို မြင်လာရလို့ ပျော်ကြတယ်။ အရင်ကတော့ ဟိုတယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းဆိုတာ သူဌေးတွေ အလုပ်၊ကျေးရွာ လူထု နဲ့ မဆိုင်ဘူးလို့ထင်ခဲ့တာကိုး။ အခုတော့ အဲဒီလုပ်ငန်းလည်း ရပ်သွားပြီ။ အဆောက်အဦ တွေတောင် ဆက်ထိန်း သိမ်းနိုင်ပါဦးမလား မသိနိုင်ဘူး။

ရောက်တဲ့နေ့မှာ ပုန်းတလုတ်ရေကန်ကို ဗဟိုပြုပြီး မြို့ထဲလမ်းတွေပေါ် လေ ျှာက်ခဲ့တယ်။ ငြိမ်သက်အေးချမ်းတဲ့ မြို့လေးရဲ့ နေရာတစ်ချို့မှာ စာသားတစ်ချို့ကို ဆေးဖြူ သုတ်ဖုံးအုပ် ထားတာတွေ့ရတော့ အုတ်ခုံပေါ်က စာသားတွေကို ဆေးဖြူသုတ်ဖျက်လို့ ရပေမယ့် နှလုံးသား အမှတ် သညာထဲက စာသားတွေကို ဘယ်လိုဖျက်မလဲလို့တွေးမိပြန်တယ်။

ပုန်းတလုတ်ကန်ပတ်လမ်းကတော့ အတော်သာယာတယ်။ ဈေးရှိတဲ့ဘက်အခြမ်းကလွဲရင် ကျန်တဲ့ ကန်ဘောင်သုံးဘက်မှာ သစ်ပင်ကြီးတွေနဲ့၊ မနက်ခင်း လမ်းလေ ျှာက်လို့ ကောင်းမယ့် လမ်းပဲ။ မြို့အဝင် လမ်းမဘေး ကန်ထောင့် မှာရှိတဲ့ ပုန်းတလုတ်ရေကန် ဆိုင်းဘုတ်နေရာကနေ ကြည့်ရင် ကုမ္မာဘယ မင်းသားက ပင့်ကူကြီးကို တိုက်ခိုက်သတ်ဖြတ်ပြီး လှိုဏ်ဂူထဲမှာ ပိတ်မိနေတဲ့ နတ်သမီး ခုနှစ်ဖော်ကို ကယ်ခဲ့တဲ့ ရွှေဥမင်လှိုဏ်ဂူ ကို လှမ်းမြင်နေရတယ်။ ဒဏ္ဍာရီတွေမှာတော့ အခက်အခဲတွေ၊ ဘေးအန္တရာယ်တွေ နဲ့ ကြုံလာရင် ကယ်တင်ရှင်သူရဲကောင်းပေါ်လာစမြဲပဲ။

One thought on “ပင့်ကူရ

Leave a Reply to Sam Cancel reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: