ယစကျီ (၂ )

နေ့လယ်စာ စားပြီးတာနဲ့ ဆီးကျအင်းက ဆက်ထွက်တယ်။ရွာလေးက နောက်မှ ကျန်နေပေမယ့် ဒေသခံတွေရဲ့ စကားတွေက ထပ်ချပ်လိုက်လာတယ်။ ရိုးရှင်း ပွင့်လင်းတဲ့ သူတို့ စကားတွေက တွေးစရာတွေပေးတယ်။

ဆရာနေဝင်းမြင့် က သူ့ခရီးသွားဆောင်းပါးတွေကို “ ခရီးနိုင်ငံရေး” နာမည်နဲ့ စာအုပ်ထုတ်ဝေခဲ့ ဖူးတယ်။ အဲဒီစာအုပ်မှာ ဆရာမြသန်းတင့်က ခရီးသွားခြင်း နဲ့ပတ်သက်ပြီး

“ နိုင်ငံရေး အစစ်ဟာ ခရီးတွေသွားမှ မြင်ရတယ်။ ကြားရတယ်။ ခရီးသွားရင်း တွေ့ရ ကြုံရ သူတွေကို ကြည့်ရင် သူတို့မှာ ဘယ်လိုမှ ဖုံးကွယ်ထားမှုမပါဘူး။ ဘယ်လို ဟန်ဆောင်မှု မျိုး မှ မပါဘူး။ ဘယ်လို ပယောဂမှ မပါဘူး။ သည်လို မပါတဲ့အတွက် သူတို့ ဆီက အမှန်တရားကို ရှင်းရှင်းလင်းလင်းရနိုင်တယ်။ ကိုယ်တိုင်ခရီးတွေသွားမှ လူတွေရဲ့ ဘဝတွေ၊ အရောင် အဆင်း တွေ၊ အပြောအဆို အသုံးအနှုန်းတွေကို နီးနီးကပ်ကပ် ကြားနိုင်တယ်၊ မြင်နိုင်တယ်။”

လို့ ပြောခဲ့ကြောင်း ရေးထားတယ်။

ဝန်ထမ်းဘဝမှာ ခရီးတွေအများကြီးသွားခဲ့ရတယ်။ ဒါပေမယ့် တာဝန်တွေ၊ အချိန်ဇယားတွေ၊ လိုက်နာရတဲ့ စည်းကမ်းချက်တွေကြောင့် လူထုဘဝနဲ့ ထိတွေ့တဲ့နေရာမှာ ကန့်သတ်ချက် တွေရှိ ခဲ့တယ်။ ဒါ့ကြောင့် အနားယူပြီးချိန်မှာ လွတ်လပ်ပေါ့ပါးစွာ လူတွေကြားထဲ တိုးဝင်ခရီးသွားတယ်။ နေပြည်တော်၊ ရန်ကုန် နဲ့မတူတဲ့ အသံတွေကြားရတယ်။ ဖေ့စ်ဘွတ်ကမ္ဘာကြီးနဲ့ ကွဲလွဲ နေတာတွေမြင်ရတယ်။

မတူတာတွေ မြင်ရ ကြားရတော့ အတွေးသစ် အမြင်သစ်တွေရတယ်။ အစ က မသိခဲ့ပါလား ဆိုတဲ့ နောင် တတွေလည်း ရခဲ့ဖူးတယ်။ ကိုယ်တွေးတာ၊ ခံစားတာနဲ့ထပ်တူကျလို့ ဝမ်းသာရတာလည်း ရှိ တယ်။ ကိုယ်မြင်တာ၊ ကြားတာ၊ ထိတွေ့ခံစားရတာတွေကို မ ျှဝေနိုင် တဲ့ သတ္တိရှိလာတယ်။ ဆီးကျအင်း ဒေသခံတွေထံက ကြားရတဲ့ အသံတွေဟာလည်း ရန်ကုန်၊ နေပြည်တော်က အသံ တွေနဲ့ တူတာလည်းရှိ၊ မတူတာလည်း ရှိဆိုတော့ တွေးစရာတွေပါလာတော့တာပေါ့။

ဆီးကျအင်း – ယစကျီ ခရီးက တော့ ကျေးရွာချင်းဆက်လမ်းအတိုင်းသွားရတာပါ။ ဒီတောင်ပေါ်က ကျေးရွာချင်းဆက် လမ်းတွေက ကျေးရွာလူထု လုပ်အားနဲ့ ပထမ အဆင့် ဆိုင်ကယ်လမ်းဖောက်၊ နောက် တစ်နှစ် နည်းနည်းလမ်းချဲ့ပြီး ကားသွားလို့ရအောင်လုပ်၊ တဖြေးဖြေးနဲ့ မိုးတွင်းလမ်းဆိုးတဲ့နေရာ၊ အတက်အဆင်း ကြမ်းတဲ့နေရာတွေမှာ ကျောက်တွေချပြီး မွမ်းမံ၊ နောက်ဆုံးမှာ ကျောက်ချောလမ်းအဆင့် အတွက် နိုင်ငံ တော် ရန်ပုံငွေရအောင် ကြိုးစားတယ်။ ဒီလို နဲ့ ဟောဒီ တောင်ပေါ်ဒေသမှာ မြေသားလမ်းတွေ ကွန်ယက်လိုဖြစ်လာ တာပါပဲ။

အားလုံး ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက်ရင် တစ်နေ့ တစ်လံ ဆိုပေမယ့် ခရီးရောက်၊ လမ်းပေါက်တာပါပဲ။ ငါ ဖောက်မှ လမ်းဖြစ်မယ်လို့ ထင်သူတွေရှိနေရင်တော့ ဘယ်တော့မှ လမ်း ပေါက်၊ ခရီးရောက်မှာ မဟုတ်ဘူး။

ယစကျီ အသွားလမ်းက လမ်းအတိုင်း လေ ျှာက်ရတဲ့အတွက် အတက်အဆင်း မပင်ပန်းတော့ဘူး။ နေပူတာပဲရှိတယ်။ ရွာ အထွက် နှစ်မိုင်လောက်မှာ ရေထွက်တစ်ခုတွေ့တယ်။ရေထွက်နေရာမှာ အုတ်စီကန်၊ ပြီးတော့ ရေစစ်ကန်နဲ့ ရေစက်ရုံ၊ အဲဒီအောက်မှာ ရေခပ်၊ ရေချိုးလုပ်နိုင်ဖို့ ရေကန် ၊ အဆင့်ဆင့် စနစ်တကျ လုပ်ထားတယ်။ ဒီရေထွက်က ဆီးကျအင်း၊ ပါးမဲတောင်၊ မြေနီတောင် နဲ့ ရှော်ပင်ရွာ တွေ ကို ရေပေးတဲ့နေရာပေါ့။

အဲဒီ ရေစက်ရုံလေးက ပင်းဒယ မီးအိမ်ရှင် ဆရာဝန်ကြီး ဒေါက်တာသန်းမင်းထွဋ် ရဲ့ အစီအစဉ်နဲ့ အလှုရှင်တွေ ဒေသခံတွေ ပူးပေါင်းအကောင်အထည်ဖော်ထားတာပါ။ ရေးထိုးထား တဲ့ မှတ်တမ်း စာမှာ လုပ်ငန်းစရက် ၁၉ မေ ၂၀၁၈၊ လမ်းဖောက် ကန်တူး ဖော် မေ ၂၀၁၉ ၊ ကန်တည်ဆောက် လုပ်ငန်းပြီးစီးရက် ၂၁ ဇန်နဝါရီ ၂၀၂၀ လို့ လည်း ဖော်ပြထား တယ်။

ဒေါက်တာသန်းမင်းထွဋ်ဟာ ပင်းတယကနေ ပြောင်းရွှေ့သွားပြီ ဖြစ်ပေမယ့် ဒေသခံတွေက သူ့ကို သတိရ နေဆဲပဲ။ ဒီဒေသမှာ သူအတွက် စိုးရိမ်၊ သူ့အတွက် ဝမ်းသာ၊ သူ့အတွက် ဆုတောင်းပေးသူတွေ အများကြီးရှိတယ်။ ဒေသခံတွေတင်မဟုတ်ပါဘူး။ သူ့လုပ်ဆောင်ချက်ကို ကြားရ မြင်ရပြီး လေးစား ချစ်ခင်နေသူတွေလည်း မနည်းလှဘူးဆိုတာ မကြာခင်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေက သက်သေပြနေတာပဲ။

တကယ်တော့ ကျောက်စာတွေ၊ ဗိမာန်တွေ ၊ ရုပ်တုတွေဆိုတာ အချိန်ကာလ တိုက်စားမှု ကြောင့်၊ လောက ဒဏ်ကြောင့် ပျောက်ကွယ်သွားနိုင်ပါတယ်။ ဒါပေမယ့် လူတွေရဲ့ နှလုံးသား ထဲမှာ ကျန်ခဲ့တဲ့ ပုံရိပ်တွေ၊ ခံစားချက်တွေကတော့ မျိုးဆက်တွေ ပြောင်းသွား တဲ့တိုင် အောင် သားစဉ်မြေးဆက် လက်ဆင့် ကမ်းပြီး စွဲထင်ကျန်နေခဲ့မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျောက်စာ တွေ၊ ဘုန်းတော်ဘွဲ့တွေနဲ့ ကိုယ့်ကို လူတွေ သတိရအောင် ကြိုးစားနေမယ့် အစား လူတွေရဲ့ နှလုံးသားမှာ ကောင်းတဲ့ပုံရိပ်တွေကျန် အောင်ထွင်းထုနိုင်ဖို့က အရေးကြီး တဲ့ အကြောင်း ၂၀၁၂ မေလမှာ “ နှလုံးသားကျောက်စာ” ဆိုပြီး အက်ဆေးလေး ရေးခဲ့ဖူးတယ်။

ရေထွက်ကို လွန်လာတော့ လမ်းက လက်ဖက်ခင်းတွေကြားမှာ ကွေ့ကောက်သွားနေတယ်။ တစ်ချို့နေရာတွေမှာ ကားလမ်း ဝဲယာမှာ လက်ဖက်ခင်း၊ တစ်ချို့နေရာတွေမှာတစ်ဘက်က တောအုပ်၊ တစ်ဘက်က လက်ဖက် ခင်း။ လက်ဖက်ခင်းတွေထဲမှာတော့ ဒေသခံတွေ ပေါင်းရှင်းနေကြတယ်။ တစ်နေရာမှာ လူငယ်လေး သုံး ယောက်က Bluetooth Speaker နဲ့ သီချင်းဖွင့်ပြီး ပေါင်းရှင်းနေတာလှမ်းမြင်ရတယ်။

သီချင်းသံကြားဖူးလို့ အာရုံစိုက်နားထောင်လိုက်တော့ Eternal Gosh ရဲ့ ဝဋ်ကြွေး။ လူငယ်လေး တစ်ယောက်ကတော့ ခံစားချက်ထပ်တူကျလို့ ထင်ပါရဲ့ အားပါးတရ လိုက်အော်ဆိုနေတယ် “ တို့ နှစ်ယောက် မတွေ့ခဲ့ရင် ကောင်းမယ်၊ ငါလည်း အသဲကွဲ ဖို့ရာ မရှိဘူး၊ နောက်ဆုံးပေးခဲ့ဖူး တဲ့ လွမ်းတဲ့ဆေး ” ။ ဒီတောင်ပေါ်က လူငယ်လေးတွေ လည်း ခေတ်ကို အမီလိုက်နိုင်ပါလား။ သူတို့ကို လှမ်းပြီး ညီလေးတို့ရေ “ ကြယ်တံခွန်” ကို ရော နားထောင်ပြီးပြီလားလို့ မေးလိုက် ချင်တယ်။ ကားလမ်းမြောင်းဖုံးထဲက လူတွေ ထွက်လာနေတဲ့ ပုံ စိတ်ကူးကောင်းကောင်း ကာဗာလေး နဲ့ စီဒီလေးကို ဝယ်နားထောင်ခဲ့ဖူးတယ်။ ဘေဘီလုံ တောင်ပေါ် မှာ တွေ့ခဲ့တဲ့ သီချင်းမဲ့ဂစ်တာလေးတစ်လက်ဟာ ကြေကွဲစရာပါ။

သီချင်းတစ်ပုဒ်ကြောင့် ခြေလှမ်းတွေ လေးသွားတယ်။ အဖော်တွေနဲ့ စကားမပြောဖြစ်တော့ဘူး။ ယစကျီရွာအဝင်ထိ ကိုယ့်အတွေးနဲ့ ကိုယ် လမ်းလေ ျှာက်ခဲ့တယ်။ လမ်းက ယစကျီ
ရွာမရောက်ခင် နောက်ဆုံး တောင်ကြောပေါ်ကို ပြေပြေလေးတက်သွားတယ်။

တောင်ကြောရဲ့ ညာဘက်ခြမ်းက ကျောက်တောင်၊ သစ်ပင်မရှိဘူး။ မြက်ခင်းစိမ်းစိမ်းပေါ်မှာ နွားတစ်အုပ်ရှိတယ်။ တောင်ကြောပေါ်ကနေ ချိုင့်ဝှမ်းထဲက ယစကျီ ရွာကို လှမ်းမြင်ရတယ်။ ရွာ ပဠာန်းပွဲက တရားသံသဲ့သဲ့ လွင့်ပျံလာတယ်။

ရွာဝင်လမ်းက တောင်ကြောပေါ်ကနေ ကွေ့ဝိုက်ပြီး ဆင်းသွားတယ်။ မြေပြန့်ရောက်တော့ ဘေး နှစ်ဘက်မှာ ကျောက်တုံးတွေစီပြီး စည်းရိုးလုပ်ထားတဲ့ စိုက်ခင်းနှစ်ခုကြားက ဖြတ်သွားတယ်။ ရည် မှန်းချက်ကို ရောက်တော့မယ်ဆိုတဲ့ အသိရယ်၊ သဲ့သဲ့လေးကြားနေရတဲ့ တရားသံရယ်ကြောင့် လေးလံနေတဲ့စိတ်ဝေဒနာ သက်သာရာ ရသွားတယ်။ ယစကျီကို ရောက်ပြီလေ။

ဆက်လက်ဖော်ပြပါ့မယ်။

One thought on “ယစကျီ (၂ )

  1. There are answers why Thein Sein government was not appreciated even though he opened up the country in a good direction. Now MAL is cursed no matter what he does, and by extension, USDP is not likely to win any free and fair elections ever. At least for another generation.

    Liked by 1 person

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: