ယစကျီ (၂) ခရီးသွားဆောင်းပါးမှာ ပင်းတယ မီးအိမ်ရှင် ဒါက်တာသန်းမင်းထွဋ် နဲ့ အလှုရှင်တွေ ပူးပေါင်း အကောင်အထည်ဖော်ထားတဲ့ ကျေးလက်ရေပေးရေး စီမံကိန်းတစ်ခုကို မြင်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ခံစား ချက်အကြောင်း ပြောရင်းနဲ့ ၂၀၁၂ ခုနှစ်က “ နှလုံးသားကျောက်စာ” ဆိုတဲ့ အက်ဆေးလေး ရေးခဲ့ကြောင်း ထည့်ပြောခဲ့တယ်။
စာဖတ်သူတစ်ချို့က “ နှလုံးသားကျောက်စာ” အက်ဆေးကို ဖတ်ချင်တယ်ဆိုလို့ ပြန်တင်ပေးလိုက် ပါတယ်။
ကျွန်တော်က အက်ဆေးတွေ၊ ဆောင်းပါးတွေရေးတဲ့အခါ များသောအားဖြင့် မိတ်ဆွေတစ်ယောက် ကို လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်းပြောပြတဲ့ ခံစားချက်နဲ့ ရေးတာဖြစ်လို့ ပြောစကားနဲ့ ရေးတာများပါတယ်။ တစ်ခါ တစ်လေ အတွေးနက်နက်၊ ဆွေးဆွေးမြေ့မြေ့ ခံစားရတဲ့ အဖြစ်အပျက်ဆိုရင်တော့ စကားပြေနဲ့ ရေး ပါတယ်။
အခု အက်ဆေးက အဲဒီလို ခံစားချက်နဲ့ ရေးခဲ့တဲ့ အက်ဆေးဖြစ်ပါတယ်။
ဆက်ပြောရရင်တော့ အက်ဆေးထဲမှာ နာမည်ဖော်ပြမထားတဲ့ တောင်ပေါ်ဒေသလေးဟာ အခု တော့ တောင်ခိုးတွေ မဝေတော့ဘဲ ယမ်းခိုးတွေ ဝေနေပြီဖြစ်တဲ့အတွက် အက်ဆေးလေးကို ပြန်မ ျှဝေတဲ့ အခါ ဆို့နင့်ကြေကွဲမှုနဲ့ မ ျှဝေတယ်လို့ပဲ ဆိုပါရစေ။
============================================================
နှလုံးသားကျောက်စာ
၁၉၇၆ နှစ်ဦးမှာ ဖခင်ဖြစ်သူခရီးထွက်ရာနောက်ကို အဖော်လိုက်ရင်း တောင်တန်းဒေသတစ်ခုသို့ရောက်ရှိသွားခဲ့သည်။ ရိုးသားပွင့်လင်းသောတိုင်းရင်းသားများ၊တောင်ခိုးနှင့်တိမ်ရောယှက်လိမ်နေသော တောင်တန်းမြင့်မြင့်ကြီးတွေ၊ မတ်စောက် သည့်တောင်ကမ်းပါးယံတွေကို ကပ်ပြီးဖောက်ထားသည့် မြေသားကားလမ်းကျဉ်းကျဉ်း၊ ဟိုးအောက်ကို ငုံ့ကြည့်လိုက်ရင် အဖြူရောင်ဖဲကြိုးလေးချထားသလို ရှိနေသည့် ချောင်းများ၊ ကားလမ်းကို မေးတင်ထားသည့် ထင်းရူးသားအိမ်လေးတွေ နှင့် လှချင်တိုင်းလှနေသည့်ဒေသဖြစ်သည်။ အဖြူအမဲကင်မရာအဟောင်းတစ်လုံးနဲ့ တွေ့သမျှ မှတ်တမ်းတင်ဖြစ်သည်။
ထိုဒေသတွင် ထူးထူးခြားခြားတွေ့ရသည်က ကားလမ်းဘေးမှာ တွေ့ရသည့် ကျောက်စာတိုင်များဖြစ်သည်။ ထိုကျောက် စာတွေမှာ ကွယ်လွန်သူများ၏ စွမ်းဆောင်မှုတွေ၊ ကြွယ်ဝချမ်းသာမှုတွေကိုဖော်ပြထားသည်။ အုတ်ဂူမဟုတ်၊ အုတ်ဂူတွေက သက်ဆိုင်ရာ သုဿန်မှာ၊ ကျောက်စာတွေက လူအများသွားလာတဲ့နေရာတွေမှာ သီးခြားလာစိုက်ထားခြင်းဖြစ်သည်။ မှတ်မှတ်ရရ ကျောက်စာ တစ်ခုမှာတော့ ကွယ်လွန်သူသည် ဒီဒေသမှာ ကားအရင်ဆုံးမောင်းတတ်သူဖြစ်ကြောင်း၊ ထရပ်ကားတစ်စီးပိုင်ခဲ့ကြောင်း၊ ကျားနှစ်ကောင်ကိုလည်း ပစ်ဖူးကြောင်းနဲ့ သူ့ဈာပနမှာ ကျွေးမွေးခဲ့သည့် နွားနောက်စာရင်းများကို ဖော်ပြထားသည်။ စာနဲ့သာမက ကားမောင်းနေသောလူပုံ၊ ကျားပုံ၊ နွားနောက်ပုံတွေပါ ထွင်းထုထားသည်။
ပြီးခဲ့သည့်နှစ်နှစ်ကထိုဒေသသို့ တစ်ခေါက်ပြန်ရောက်ခဲ့သည်။ ဝေးလံခါင်သီသည့် ထိုဒေသသို့ ဌာနအကြီးအကဲ မရောက် သည်မှာ ဆယ်ငါးနှစ်ကျော်ခဲ့ပြီဖြစ်သည်။ ထိုဒေသကို ရောက်သည်နှင့် ပထမဆုံးပြန်ရှာမိသည်က ဟိုတုံးက ကျောက်စာ တိုင်တွေဖြစ်သည်။ အတော်များများမရှိတော့။ ဒေသဖွံ့ဖြိုးရေးအတွက်လမ်းတွေချဲ့သည့်အခါ သက်ဆိုင်ရာက ရွှေ့ပြောင်း ခိုင်းသည်ဟု ဆိုသည်။ တစ်ချို့မိသားစုတွေကတော့ နေရာသစ်ကို ရွှေ့ပြောင်းစိုက်ထူပြီး တစ်ချို့ကတော့ အဲဒီလိုရွှေ့ ပြောင်းနိုင်စွမ်းပင်မရှိတော့။ ငွေကြေးမတတ်နိုင်၍လား၊ ဒါမှမဟုတ် ဟိုတစ်ချိန်က ယုံကြည်ဆောင်ရွက်ခဲ့သည့် ရိုးရာ ကိုးကွယ်မှုအစဉ်အလာတွေကို စွန့်ပစ်ခဲ့၍လား၊ သူတို့ပဲသိနိုင်လိမ့်မည်။
ဒါပေမယ့် နောက်ထပ်ကျောက်စာတိုင်အသစ်တွေလည်းတွေ့ရသည်။ ဟိုတုံးကလို နွားနောက်သတ်ပူဇော်တာမျိုးတွေ၊ အမဲလိုက်ခဲ့ပုံတွေမပါတော့တာကလည်း ပြောင်းလဲလာနေသော လူမှုစီးပွားဘဝအခြေအနေတွေကို ညွှန်ပြနေခြင်းဖြစ် သည်။ ဘာပဲဖြစ်ဖြစ် ဒီခရီးစဉ်မှာတော့ ငယ်ငယ်တုံးကလို အမှုမဲ့ အမှတ်မဲ့မဟုတ်ဘဲ သေသေချာချာလေ့လာဖြစ်သည်။
နောက်ပိုင်းစိုက်ထူထားသည့်ကျောက်စာများက ဟိုတုံးကထက်ပိုပြီး ကြီးမားခံ့ညားလာသည်။ တစ်ချို့ကတော့ ကျောက် စာသက်သက်၊ တစ်ချို့ကတော့ အမိုးအကာနဲ့ ထိုင်စရာခုံလေးပါတွဲလုပ်ထားသည်။ ပလိုင်းတွေ၊ အထမ်းအပိုးတွေနဲ့ ခြေလျင်ခရီးသွားများလှသည့် ဒီဒေသမှာ ခရီးသွားများအတွက်နားစရာအဖြစ် စဉ်းစားဆောင်ရွက်ပေးထားမှုက ချီးကျူးဖွယ် ရာဖြစ်သည်။ ထိုကဲ့သို့သော ကျောက်စာများကိုတွေ့တော့ ဆရာမင်းယုဝေက ဦးရာကျော်၏ ကောင်းမှု အမည်ဖြင့် အက်ဆေးတစ်စောင်ရေးဖူးသည်ကိုသတိရမိသည်။ထိုအက်ဆေးတွင်ဆရာမင်းယုဝေကခရီးသွားများ နားစရာထိုင်ခုံအဖြစ် ပြုလုပ်ထားသည့် ဦးရာကျော်အုပ်ဂူအကြောင်းကို-
ဦးရာကျော်ကွယ်လွန်သည့်အခါ ကျန်ရစ်သူတို့သည် ဤနေရာတွင် လူအများအပန်းဖြေထိုင်နားရန် နှိမ့်ချစွာဖြင့် အုတ်ခုံ တည်ကာ ဦးရာကျော်အတွက်ကောင်းမှုပြုခြင်းဖြစ်သည်။ စိတ်ကူးကောင်းလေစွ၊ စေတနာကြီးမားလေစွ၊ အံ့သြချီးကျူးဖွယ် ကောင်းလေစွ ဟု ရေးသားခဲ့သည်။
ထို့အတူ မိမိကွယ်လွန်ပါက မိမိအုပ်ဂူကို ကလေးတွေတက်မဆော့နိုင်အောင်၊ လူတွေထိုင်ပြီး ကျားမထိုးနိုင်အောင် အုပ်ဂူ မျက်နှာပြင်ကို အပြားမလုပ်ဘဲ တြိဂံပုံအချွန်လုပ်ထားရန် တပည့်တွေကို မှာထားခဲ့သော စာရေးဆရာကြီးတစ်ဦးကိုလည်း ပြန်သတိရမိသည်။ သူကတော့ သူ့အတ္တတွေ၊မာနတွေကို ကွယ်လွန်ပြီးသည်အထိသယ်ဆောင်သွားခဲ့ပုံရသည်။
ကျောက်စာတိုင်အများစုကတော့ ကွယ်လွန်သူများ၏ ကျန်ရစ်သူမိသားစုတွေက ပြုလုပ်ထားခြင်းဖြစ်သည်။ ဒါပေမယ့် မြို့ လေးတစ်မြို့အဝင်မှာတော့ ရေရှားပါးလှသည့် တောင်ပေါ်မြို့က မြို့သစ်ရပ်ကွက် ကလေးအတွက်ရေရအောင်လုပ်ဆောင် ပေးခဲ့သော ဗမာလူမျိုး အင်ဂျင်နီယာတစ်ဦးကို ရပ်ကွက်လူထုက ဂုဏ်ပြုထားသည့်ကျောက်စာတိုင်တစ်ခုကိုလည်း တွေ့ရ သည်။ သာမန်တွေ့နေကြ တံတားထိပ်က၊ အဆောက်အဦရှေ့က ကမ္ပည်းကျောက်စာမျိုး မဟုတ်။ မြို့ကို အပေါ်စီးက မြင်နိုင်သည့်မြို့အဝင်က တောင်ကုန်းလေးမှာ အမိုး၊အကာနဲ့ လူတွေပါနားခိုနိုင်အောင် တည်ဆောက်ထားခြင်းဖြစ်သည်။ ပြီးတော့ကွယ်လွန်သူကို ဂုဏ်ပြုထားခြင်းမဟုတ်၊ ကာယကံရှင်က ရာထူးတိုးပြီးပြောင်းရွှေ့သွားပြီဟု ဆိုသည်။ ကျွန်တော် တော့ ထိုအဆောက်အဦထဲမှာ ထိုင်နားရင်း ဖွင့်ပွဲအခမ်းအနားတွေမှာ မြင်နေကြ အစဉ်အလာ ကမ္ပည်းကျောက်စာများနှင့် ယှဉ်စဉ်းစားကာ ပီတိဖြစ်ခဲ့ရသည်။
နောက်တစ်နေရာမှာတော့ ကွယ်လွန်သူ တိုင်းရင်းသားအဆိုတော်လေး၏ အထိမ်းအမှတ်ကျောက်စာတိုင်ကို တွေ့ခဲ့ ရသည်။ ကျောက်စာတိုင်အနီးမှာတော့ ကမ်းပါးရံထိပ်မှာ ဇရပ်လိုအဆောက်အဦလေးဆောက်ထားသည်။ ထိုနေရာက ထိုင်ကြည့်လိုက်လျှင် တောင်ကြားတစ်လျှောက် ရင်သတ်ရှုမောဖွယ်ရာမြင်ကွင်းကိုတွေ့ရသည်။ တောင်ကြားထဲမှာ မြစ် တစ်စင်းက ကွေ့ကွေ့ကောက်ကောက် စီးနေသည်။ မိုးဦးကာလဖြစ်၍ မြစ်ရေက အညိုရောင်သန်းနေ၏။ အစိမ်းရောင် တောင်တန်းများ၊ အညိုရောင်မြစ်၊ နောက်ပြီး ပန်းနီနီတွေ၊ အဲဒီရှုခင်းကို ဓာတ်ပုံရိုက်ရင်း အဆိုတော်လေး၏ နံမည်ကြီး ဆောင်းညတစ်ညကို ဖွဲ့ထားသည့် သီချင်းကို တိုးတိုးလေးညည်းမိသည်။ ဒီနေရာလေးကို ဘာ့ကြောင့်ရွေးခဲ့လဲ မသိရ။ ဟို တုံးက အဆိုတော်လေးအမြဲလာပြီး ဂစ်တာတီးလို့လား၊ ဒါမှမဟုတ် ဇာတ်လမ်းလေးတွေရှိခဲ့လို့လား။ ဘာပဲဖြစ်ဖြစ် အဆို တော်တစ်ယောက်အတွက် ဂုဏ်ပြုဖို့အကောင်းဆုံးနေရာလေးကို ရွေးခဲ့သူတွေကို ကျေးဇူးတင်မိသည်။
နောက်မြို့တစ်မြို့ရောက်တော့ ကျွန်တော်တို့ဌာနရုံးဝင်းထဲမှာ ကျောက်စာတိုင်နှစ်ခုကိုတွေ့ရသည်။ ၁၉၄၉ ခုနှစ်က ရန်ကုန်ကိုတောတွင်းလက်နက်ကိုင်အဖွဲ့တွေဝိုင်းနေစဉ်ကာလမှာ ကျဆုံးခဲ့သည့် တိုင်းရင်းသား တပ်ရင်းမှူးကို ဂုဏ်ပြုထား သည့်ကျောက်စာတိုင်များဖြစ်သည်။ ကျွန်တော်တို့ စစ်တက္ကသိုလ်မှာ ပြည်တွင်းသောင်းကျန်းမှုသမိုင်းသင်တော့ ထိုတပ် ရင်းမှူးကျဆုံးသည့်တိုက်ပွဲအကြောင်းပါသည်။ ရန်ကုန်မြို့တော်ကိုတောတွင်းလက်နက်ကိုင်တွေလက်မကျရောက်အောင် ခုခံခဲ့ သည့် အရေးကြီးသည့်တိုက်ပွဲတစ်ခုဖြစ်သည်။ သူ ဒုတိယဗိုလ်မှူးကြီးအဆင့်နဲ့ ကျဆုံးချိန်တွင် အသက် နှစ်ဆယ့်ကိုးနှစ် သာရှိသေးသည်။ တိုက်ပွဲတွင်ရရှိသောဒဏ်ရာဖြင့် မင်္ဂလာဒုံစစ်ဆေးရုံမှာကွယ်လွန်တော့ နိုင်ငံတော်အကြီးအကဲတွေ၊ တပ်မတော်ခေါင်းဆောင်တွေလိုက်ပါပို့ဆောင်ခဲ့ကြသည်။
ကျွန်တော်တို့ဌာနက ၁၉၉၁ခုနှစ်မှ တည်ထောင်တာဆိုတော့ ဒီနေရာမှာ ဒီကျောက်စာတိုင်တွေကအရင်ရှိနေခဲ့တာဖြစ်သည်။ နှစ်စဉ် မိသားစုတွေလာပြီး ဂါရဝပြုဆဲဖြစ်သည်ဟု ဆိုသည်။ ဌာနဝန်ထမ်းတွေကို မိမိတို့ရုံးဝင်းမှာ ဒီလို မြင့်မြတ်တဲ့ အထိမ်းအမှတ်တစ်ခုရှိနေသည့်အတွက် ဂုဏ်ယူနိုင်ဖို့မှာပြီး အခု ထက်ပိုမိုကောင်းမွန်အောင် ပြင်ဆင်နိုင်ဖို့ ရန်ပုံငွေခွဲဝေပေးခဲ့သည်။ နောက်ပြီး ဒေသခံလူငယ်များကိုလည်း ဒီရုံးထဲမှာ ပြည်ထောင်စုကြီးပြိုကွဲမသွားအောင်စောင့်ရှောက်ခဲ့သော သူတို့လူမျိုး သူရဲကောင်းတစ်ယောက်ရဲ့ အထိမ်းအမှတ်ရှိနေ တာကို အသိပေးဖို့၊ ဂုဏ်ယူတတ်အောင်ရှင်းပြဖို့မှာခဲ့ရသည်။
အလွန်လှပသောတောင်ပေါ်မြို့လေးက ဘုရားကျောင်းဝင်းအတွင်းမှာတော့ တိုင်းရင်းသားစာပေကိုတီထွင်ခဲ့သူ နိုင်ငံ ခြားသားသာသနာပြုပုဂ္ဂိုလ်တစ်ဦးကို ဂုဏ်ပြုထားသည့်ကျောက်စာတိုင်ရှိသည်။ ထိုပုဂ္ဂိုလ်သည် အသက် နှစ်ဆယ့်ရှစ် နှစ် အရွယ် ၁၉၁၀ ပြည့်နှစ်တွင်တောင်တန်းဒေသသို့ရောက်လာခဲ့ပြီး တိုင်းရင်းသားစာပေကိုတီထွင်ပေးခဲ့သည့်အပြင် ကျောင်း သုံးစာအုပ် ၃၅ အုပ်ကိုလည်း ရေးသားပြုစုပေးခဲ့သည်။ ၁၉၃၈ ခုနှစ်မှာတော့ တောင်တန်းဒေသတွေမှာ လှည့်လည်ရင်း ကွယ်လွန်သွားခဲ့သည်။
ကျွန်တော်ရောက်နေသည့် မြို့လေးက သူ့သာသနာပြုလုပ်ငန်းများစတင်ခဲ့ရာနေရာ၊ ပထမဆုံး တည်ဆောက်ခဲ့သည့် ဘုရားရှိခိုးကျောင်းဖြစ်သည်။ ကျွန်တော်ရောက်သည့်နှစ်က သူ့သာသနာပြုလုပ်ငန်းများ ရာပြည့် အထိမ်းအမှတ်ပွဲပြုလုပ်ရန်ပြင်ဆင်နေချိန်ဖြစ်သည်။ နှစ်တရာပြည့်ချိန်အထိ သူ့ကို သတိရကြနေကြဆဲ၊ သူတီထွင်ခဲ့သည့် စာကို ယနေ့အထိသုံးနေကြဆဲ။ ကျွန်တော့မေးခွန်းတွေကိုဖြေကြားနေသည့် တိုင်းရင်းသားဘာသာရေးခေါင်းဆောင်ရဲ့ မျက်နှာမှာ ကြည်ညိုလေးစားမှုအရိပ်အယောင်တွေထင်ဟပ်နေသည်။ ဟိုတုံးက လူနှစ်ဆယ်လောက်ဆန့်သည့် ဘုရား ကျောင်းလေးကတော့ လူသုံးရာကျော်ဝတ်ပြုနိုင်သည့် ဘုရားရှိခိုးကျောင်းကြီးဖြစ်နေသည့်အပြင် ရာပြည့်ပွဲအတွက်ထပ်ပြီး ပြင်ဆင်နေတာကိုတွေ့ရသည်။
ထိုတောင်တန်းဒေသမှာ နှစ်ပတ်နေပြီး ပြန်လာသည့်တိုင်ကျောက်စာတွေအကြောင်းက ပါလာသည်။ တကယ်တော့ ဒီတောင်တန်းဒေသတွေမှာမှမဟုတ် နေရာတိုင်းမှာ၊ ကမ္ဘာသမိုင်းမှာ အထိမ်းအမှတ်တွေ၊ကျောက်စာတွေရှိနေတာပဲဖြစ် သည်။ လူတိုင်းတွင် အသိအမှတ်ပြုခံချင်သည့်စိတ်ရှိသည်။ ထိုစိတ်ကြောင့်လည်း ကျောက်စာတွေ၊ ကမ္ပည်းတွေ၊ အထိမ်းအမှတ် ဗိမာန်တွေဆိုတာ ပေါ်လာရတာဖြစ်သည်။
ဘုရင်တွေ၊ ခေါင်းဆောင်တွေက သူတို့ကို လူတွေအမှတ်ရစေဖို့ ဗိမာန်ကြီးတွေ၊ ရုပ်ထုကြီးတွေဆောက်ခဲ့ကြသည်။ မကွယ်လွန်ခင်ထဲက ဆောက်လုပ်ကြသလို ကွယ်လွန်ပြီးမှ နောင်လာနောက်သားများက၊ ကျန်ရစ်သူများက ဂုဏ်ပြု ပြီးဆောက်ကြတာလည်းရှိသည်။ ဒီလိုပဲ နယ်ပယ်ကဏ္ဍအသီးသီးမှာ ထင်ရှားကျော်ကြားသူတွေကို ဒီနည်းနဲ့ ဂုဏ်ပြုကြ သည်။ သာမန်လူတွေမှာလည်း တောင်တန်းဒေသတွေမှာတွေ့ရသလို ကျန်ရစ်သူမိသားစုများက လုပ်ပေးကြသည်။ ဒါပေမယ့် နှစ်ကာလတွေ တိုက်စားလာသည်နှင့်အမျှ အပြောင်းအလဲတွေဖြစ်ကုန်သည်။ သဘာဝဘေးဒဏ်ကြောင့် ပျက်ကုန်သည်။ ဒါမှမဟုတ် ခေါင်းဆောင်တစ်ဦးနံမည်ပျက်နဲ့ ကျဆုံးသွားချိန်မှာ ဖြိုဖျက်ခံရသည်။ အခုအချိန်အထိ ရှိနေ သေးသည့်တိုင် ဂုဏ်ပြုချီးကျူးသည့်နေရာအဖြစ်မှ ရှေးဟောင်းအမွေအနှစ် စိတ်ဝင်စားစရာအဖြစ် လည်ပတ်ရာနေရာ ဘဝသို့ ရောက်သွားသည့်အဖြစ်အပျက်တွေလည်းရှိသည်။ သက်ဆိုင်သူသားသမီးများကပင် အကြောင်းကြောင်းကြောင့် တစ်နှစ်နေလို့ တစ်ခါပြန်မကြည့်နိုင်တာလည်းရှိသည်။
သို့သော် တစ်ချို့ခေါင်းဆောင်တွေ၊ ထင်ရှားကျော်ကြားသူများကိုတော့ ကျောက်စာတွေ၊ ဗိမာန်တွေမရှိသည့်တိုင် မျိုးဆက်ပေါင်းများစွာက လေးစားဆဲ၊ ဂုဏ်ယူဆဲ၊ သူတို့၏ အဆုံးအမတွေကိုလိုက်နာဆဲ ၊ သတိရအောက်မေ့ဆဲဖြစ်သည် ကိုတွေ့နေရပြန်သည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်များအကြောင်းကို လေ့လာလိုက်တော့ သူတို့ပုံရိပ်တွေ၊ လုပ်ဆောင်ချက် တွေက လူတွေနှလုံးသားမှာ စွဲထင်ကျန်နေသည်ကိုတွေ့ရသည်။ ထို့ကြောင့်လည်း အချိန်ကာလတွေ၊ သဘာဝဘေး တွေ၊ လောကဒဏ်တွေကို ကျော်လွန်ပြီး တည်တံ့နေခြင်းဖြစ်သည်။
ကျွန်တော်တို့အားလုံးလည်း ကိုယ့်အတိုင်းအတာနဲ့ကိုယ် အသိအမှတ်ပြုခံလိုစိတ်တွေရှိကြမည်မှာသေချာပါသည်။ မိမိ တို့ မရှိတော့သည့်တိုင် အနည်းဆုံး ကိုယ့်သားသမီးဆွေမျိုးများက တမ်းတမ်းတတ သတိရနေစေချင်သည်။ ဖြစ်နိုင်ရင် တပည့်တပန်းတွေ၊ မိတ်ဆွေတွေကပါသတိရစေချင်သည်။ အဲဒီလိုဖြစ်ဖို့အကောင်းဆုံးနည်းလမ်းကတော့ သူတို့နှလုံးသား မှာ မိမိနှင့်ပတ်သက်ပြီး ကောင်းသည့်ပုံရိပ်တွေကျန်နေအောင်ထွင်းထုခြင်းပင်ဖြစ်သည်။ နှလုံးသားကျောက်စာကသာ ကျွန်တော်တို့ကို တမ်းတမ်းတတ သတိရနေအောင်တတ်နိုင်ပါလိမ့်မည်။
ရဲထွဋ်
You know another reason why the army or USDP is hated is the pagodas in the dominantly Christian states. In states such as Chin and Kachin, more than 98% of them are Christians. And yet, when there is an army or central government offices, they will build pagodas on the top of any mountains. Since the authorities are mostly Buddhists, they got the “permit” easily. On the other hand, it was really difficult to get a permit to build a church.
Hence, there was a resentment towards the central government. To be honest, these new pagodas that they built didn’t quite fit with the scenery of the mountain. It’s just a tall golden thing in the middle of a green mountain. The locals hated them even though they might not say it publicly. But I have heard people actually confide in me about their honest opinions of those pagodas in their regions.
LikeLiked by 1 person
It wasn’t that bad during the Ne Win’s socialist era. But that all changed after 88 during Than Shwe’s era. Most of the local leaders were transfered from Buddhist majority in the main land. So things turn to the worst during Than Shwe’s era. Locals no longer have trust in the government.
LikeLiked by 1 person