“ မပျော်နိုင်သူ” ဆိုတဲ့ အက်ဆေးလေးကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့စင်္ကာပူ ရောက်နေချိန် မှာ ကချင် ပြည်နယ်နဲ့ပတ်သက်တဲ့ သတင်းတစ်ခုအပေါ် ခံစားပြီးရေးခဲ့တာပါ။
အခုတော့ ပျော်လို့မဟုတ်၊ ခံစားနေရတာတွေကို တစ်ခဏ မေ့ပစ်နိုင်ဖို့ ခရီးတွေသွားရင်း ဒီအက်ဆေး လေးကို အကြိမ်ကြိမ်ပြန်ဖတ်နေမိတယ်။
xxxxx ပြတင်းပေါက်ကလှမ်းကြည့်လိုက်ရင် မီးရောင်စုံတွေနဲ့လှချင်တိုင်းလှနေသော မြို့ ကြီးကို မြင်ရသည်။
ဒါပေမယ့် “Do They Know It’s Christmas?” တေးသွားမှာတော့
မင်းပြတင်းပေါက်ရဲ့ အပြင်မှာ ၊ မရဏတရားနဲ့ကြောက်ရွံ့ခြင်းတို့စိုးမိုးရာ
မျက်ရည်မြစ်တို့ စီးဆင်းရာ ကမ္ဘာ၊
ဓမ္မတေးခေါင်းလောင်းသံတွေအစား မရဏတေးသံတွေသာ
ကြားနိုင်တဲ့နေရာ တစ်ခုရှိနေခဲ့တာxxxx လို့ ဖွဲ့ဆိုထားသည်။
( ကောက်နှုတ်ချက်)
မပျော်နိုင်သူ
ခရစ်စမတ်ပွဲတော်ချိန်ခါ၊ ကြောက်ရွံ့ခြင်းတို့ ကင်းဝေးရာ
အလင်းကိုဆောင်လို့ အမှောင်ကို ဖယ်ရှားနေချိန် xxx
၁၉ ၈၄ ခုနှစ် ခုနှစ် ခရစ်စမတ်ပွဲတော်မတိုင်ခင် ဗြိတိန်နိုင်ငံမှာ ဖြန့်ချိခဲ့သည့် “Do They Know It’s Christmas?” သီချင်းရဲ့ အဖွင့်စာသားဖြစ်သည်။ ကမ္ဘာတစ်ဝှန်းမှာ ခရစ်စမတ်ပွဲတော်ကြီးကို ပျော်ပျော်ပါးပါး ဆင်နွဲဖို့ ပြင်ဆင်နေချိန်မှာ ကမ္ဘာ့ တစ်နေရာ အီသီယိုပီးယားနိုင်ငံမှာ အငတ် ဘေးဒဏ်ခံနေရသည့် လူသားတွေအတွက် စာနာဆုတောင်းပေးဖို့ ရေးစပ်ခဲ့သည့် ဒီသီချင်းကလေး က လူတွေရဲ့ ဂရုဏာစိတ်၊ ကြင်နာစိတ်တွေကို နှိုးဆွပေးခဲ့သည်။ အဲဒီနောက်မှာ ဒုက္ခ ရောက်နေသည့် လူသားတွေကို ကူညီနိုင်ဖို့အတွက် We are the World သီချင်း၊ Live Aid ဂီတပွဲတော်တွေပေါ်လာသည်။ Live Aid ဂီတပွဲတော်ဆိုရင် အင်တာနက်ခေတ်မရောက်သေးသည့် ၁၉ ၈၅ ခုနှစ်လိုအချိန်မှာ နိုင်ငံပေါင်း၁၅၀ က လူ ၁.၉ ဘီလီယံက ရုပ်သံကနေကြည့်ခဲ့ကြသည်။
အဲဒီအချိန်က လွတ်လပ်ခြင်း၊ ချစ်ခြင်း သဘောတရားတွေ နယ်နမိတ်တွေကိုကျော်ဖြတ်ပျံသန်း ခဲ့ကြသည်။ သဘောတရားရေးအယူဝါဒတွေထက် လူသားဝါဒက ရှေ့တန်းရောက်လာခဲ့သည်။ ၁၉ ၈၈၊ ၁၉ ၈၉ ၊ ၁၉ ၉ ၀ နှစ်တွေမှာတော့ သံကန့်လန်ကာတွေ ပြိုလဲကုန်သည်။ သံလက်သီးတွေက ကတ္တီပါလက်သီးတွေကို အရှုံးပေးခဲ့ရပြီ။ စစ်အေးတိုက်ပွဲ အဆုံးသတ်ပြီ။ သမိုင်းနိဂုံးချုပ်ပြီ။ ကမ္ဘာ ပြားပြီ။ နယ်စပ်မျဉ်းတွေက အတားအဆီးမဟုတ်တော့။ လစ်ဘရယ်အယူဝါဒက အောင်ပွဲခံခဲ့ပြီ။ အာရှတန်ဖိုး၊ အနောက်တန်ဖိုးဆိုတာမရှိ။ လူသားအားလုံးအတွက် တန်ဖိုးတစ်ခုသာရှိသည်ဆို သည့် ကြွေးကျော်သံတွေ ဆူညံနေခဲ့သည်။ အေးချမ်းသော၊ ငြိမ်းချမ်းသော ကမ္ဘာသစ်ကို သွားကြ မည်။
ဆယ်စုနှစ်သုံးခုစွန်းတော့ ကမ္ဘာကြီးက ပိုကောင်းမလာ။ စစ်လည်းမဖြစ်၊ငြိမ်းချမ်းရေးလည်းမရ တဲ့ စစ်အေးတိုက်ပွဲနေရာမှာ ဒေသလိုက်စစ်ပွဲတွေက အစားထိုးလာသည်။ ဘာသာရေးအစွန်းရောက် အယူအဆတွေ၊ လူမျိုးရေးခွဲခြားမှုတွေ၊ အမုန်းတရားတွေက ပိုအားကောင်းလာသည်။ လူသားချင်း စာနာထောက်ထားမှု၊ အများပြည်သူလုံခြုံရေး ခေါင်းစဉ်အောက်နေ ကျူးကျော်တိုက်ခိုက်မှုတွေ ဖြစ် လာသည်။ နိုင်ငံကြီးတွေပြိုကွဲကုန်သည်။ နိုင်ငံငယ်တွေပြိုလဲကုန်သည်။ နယ်စည်းမခြားအယူ အဆ တွေအစား တံခါးပိတ်ဝါဒတွေ အစားထိုးလာသည်။ ချစ်ခြင်းတရားကို သံသယတွေနဲ့အစားထိုးခဲ့ ကြသည်။ သမိုင်းကား နိဂုံးမချုပ်၊ သမိုင်းဘီးသာ နောက်ပြန်လည်ခဲ့ပြီ။
ပြီးခဲ့ သည့် ရက်တွေမှာ ကျွန်တော့်စိတ်တွေ လေးလံထိုင်းမှိုင်းနေခဲ့သည်။ ဖျား နာနေ တဲ့ ကမ္ဘာကြီး ကြောင့်လား၊ ကိုယ့်ကိုကိုယ် အားမရတာလား ဘာကြောင့်မှန်းမသိ။ ခရစ်စမတ်ပွဲတော်ကို ပျော်ပျော် ကြီးနွဲနိုင်ဖို့ ပြင်ဆင်နေတဲ့ ပတ်ဝန်းကျင်မှာ ကျွန်တော်က သီးခြားလိုဖြစ်နေခဲ့သည်။
ခရစ်စမတ်ညမှာတော့စာကြည့်ခန်းကျဉ်းကျဉ်းလေးထဲမှာကျွန်တော်တစ်ယောက်တည်းရှိနေ သည်။ မိသားစုက ခရစ်စမတ်ပွဲဈေးဝယ်သွားကြသည်။ ကျွန်တော့်မိတ်ဆွေတွေက ညစာစား ဖို့ ဖိတ်တော့ ဒီတစ်ညတော့ ခွင့်လွှတ်ဖို့ တောင်းပန်ရသည်။ ဒီလိုညမျိုးမှာ တစ်ယောက်တည်းနေ လိုသည့် ကျွန်တော့်ကို လူထူးလူဆန်းတစ်ယောက်လို့ထင်ကောင်းထင်ပေမည်။
ကျွန်တော်ကတော့ စစ်ပွဲတွေ၊ ခွဲခြားဆက်ဆံမှုတွေ၊ ဆင်းရဲနွမ်းပါးမှုတွေကြောင့် ခရစ်စမတ်ညမှာ မပျော်နိုင်သူတွေကို သတိရနေမိသည်။ ကမ္ဘာကြီးမှာပျော်နိုင်သူတွေနဲ့မပျော်နိုင်သူတွေကို ချိန်ခွင် ထဲ ထည့်ချိန်ကြည့်ရင် ဘယ်ဘက်က အလေးသာမည်ကို တွက်ဆနေမိသည်။
အိမ်ရှေ့လမ်းမပေါ်မှာ သီချင်းသံတွေကြားနေရ၏။ လမ်းတစ်ဘက်က ဈေးဝယ်စင်တာမှာ ခရစ်စမတ်သစ်ပင်နဲ့အလှဆင်ထားသည်။ လူတွေပျော်နေကြသည်။ လူတွေ ဆုတောင်းနေ ကြသည်။ ပြတင်းပေါက်ကလှမ်းကြည့်လိုက်ရင် မီးရောင်စုံတွေနဲ့လှချင်တိုင်းလှနေသော မြို့ ကြီးကို မြင်ရသည်။
ဒါပေမယ့် “Do They Know It’s Christmas?” တေးသွားမှာတော့
မင်းပြတင်းပေါက်ရဲ့ အပြင်မှာ ၊ မရဏတရားနဲ့ကြောက်ရွံ့ခြင်းတို့စိုးမိုးရာ
မျက်ရည်မြစ်တို့ စီးဆင်းရာ ကမ္ဘာ၊
ဓမ္မတေးခေါင်းလောင်းသံတွေအစား မရဏတေးသံတွေသာ
ကြားနိုင်တဲ့နေရာ တစ်ခုရှိနေခဲ့တာxxxx လို့ ဖွဲ့ဆိုထားသည်။
လုံခြုံအေးချမ်း သော ၊ ခေတ်မီတိုးတက်သော ဟောဒီမြို့ကြီးမှာ ခရစ်စမတ်ကို မပျော်နိုင်တာ ကတော့ ကျွန်တော် တစ်ယောက်ပဲ ရှိမည်ထင်သည်။
Conscience is a good pillow
LikeLike