ပင်းတယ ဘေဘီလုံ တောင်ပေါ် စခန်းမှာ ညအိပ်ခဲ့စဉ်က ပင်းတယ လွင်ပြင်ပေါ်မှာ တိမ်ပင်လယ် ဖြစ်တာကို မမြင်ခဲ့ရပေမယ့် ကလောရောက်ချိန်မှာ တိမ်ပင်လယ်ကို မြင်ခဲ့ရတယ်။
တကယ်တော့ မြူတွေ အုပ်ဆိုင်းလာပြီး ကလောမြို့လေးကို ဖုံးအုပ်သွားတာကို တောင်ပေါ်က စောင့်ကြည့်ရတာဖြစ်လို့ မြူလွင်ပြင်လို့ ခေါ်တာက ပိုမှန်မယ်ထင်ပါတယ်။
တိမ်ပင်လယ်ကို ကြည့်ဖို့အတွက် ကလောမြို့ကနေ အောင်ပန်းဘက် အထွက် မှာရှိတဲ့ “ကလောမြို့မှ ကြိုဆိုပါ၏” ဆိုတဲ့ ဆိုင်းဘုတ် ဘေးကနေ အိုးစည် တောင်ပေါ်ကို တက်ရတယ်။ တောင်ထိပ်အထိ ကားတက်လို့ရတယ်။ လမ်းကျဉ်းတယ်။ အကွေ့အကောက်များတယ်။ တောင်ထိပ်မှာ စေတီ တစ်ဆူနဲ့ ဘုန်းတော်ကြီး ကျောင်းရှိတယ်။ ကားရပ်ဖို့ နေရာ ကျယ်ကျယ်ရှိတယ်။
တိမ်ပင်လယ်ကြည့်မယ့်နေရာက ကားရပ်တဲ့နေရာကနေ ဘုန်းကြီးကျောင်း နောက်ဘက်ထဲကို ဆင်းသွားရတယ်။ တောင်ကြောလေးအတိုင်း ငါးမိနစ်လောက်လေ ျှာက်လိုက်ရင် ကလောမြို့ ပေါ် ကို အပေါ်စီးကမြင်နေရတဲ့ တောင်ကြောကို ရောက်မယ်။ အဲဒီနေရာက တိမ်ပင်လယ် ကြည့်တဲ့ နေရာပါပဲ။
တိမ်ပင်လယ်က နေထွက်လာပြီး မနက်ခြောက်နာရီကျော်ကျော်လောက်မှာ စဖြစ်တယ်။ ဒါပေမယ့် မနက်အရုဏ်မတက်ခင် ငါးနာရီခွဲကျော်ကျော်လောက် အရောက်သွားပြီး အရုဏ်တက်အလှကို အရင်ခံစားကြည့်ပါ။ ပြီးမှ ဓာတ်ပုံရိုက်ပါ။
အဲဒီအချိန်ရောက်သွားရင် တောင်ထိပ်မှာ ဘယ်သူမှ မရှိသေးဘူး။ ကိုယ်ရယ်၊ မျက်နှာကို လာတိုးတဲ့ လေပြေ အေးရယ်ပဲရှိတယ်။ ခုံတန်းလေးမှာ ထိုင်ပြီး အိပ်ပျော်နေတဲ့ တောင်ပေါ် မြို့လေးကို ငုံ့ကြည့် လိုက်ပါ။ အမည်းရောင် ကတ္တီပါစပေါ်မှာ ဘော်ကြယ်တွေ ကပ်ထားသလို လင်းလက်နေတဲ့ မီး ရောင်လေးတွေမြင်ရမယ်။ မြို့ လေးက အမှောင်ထုထဲ မှာ နစ်မြုပ်လို့၊ တောင်ပေါ်မှာလည်း မှောင်မည်းလို့၊ အရပ် ရှစ်မျက် နှာ ဘယ်နေရာကြည့်ကြည့် အမှောင်ထုပဲ ဖြစ်နေလို့ အမှောင်ထုထဲက လွတ်ပါ့မလားလို့ ထင်မိမယ်။
ဒါပေမယ့် အရှေ့ဘက်တောင်တန်းတွေပေါ်မှာ ရောင်နီသန်းလာတာနဲ့ အတူ အမှောင်ထုက တရွေ့ရွေ့ ဆုတ်ခွာသွားတယ်။ အဖြူရောင်တိမ်ပင်လယ် စဖြစ်လာတယ်။ ဒါပေမယ့် တိမ်ပင်လယ်က ဝုန်းဆိုပြီး ပေါ်လာတာမဟုတ်ဘူး။ အဝေးဆုံးနေရာမှာ မြူတွေဆိုင်းပြီး တိမ်ပင် လယ် စဖြစ်လာတယ်။ နောက် အဖြူရောင်ကော်ဇောကြီး ဖြန့်ချလိုက်သလို အိုးစည်တောင် ဘက် ကို တစ်ရွေ့ရွေ့နဲ့ ရောက်လာတယ်။ နောက်ဆုံး တောင်ခြေအောက်တည့်တည့်မှာ ရှိတဲ့ မီးရောင် တွေကို ဝိုးတဝါးပဲ မြင်ရတဲ့အထိ အဖြူရောင်ပင်လယ်ကြီးဖြစ်သွားတယ်။ ပင်လယ်ထဲကျွန်း လေး တွေလို ထိုးထွက်နေတဲ့ တောင်တွေက လွဲရင် ဘယ်နေရာ ကြည့်ကြည့် အဖြူရောင်၊ အရှေ့ ဘက် ကောင်းကင်မှာလည်း အလင်းရောင်။
တစ်ခါ တစ်လေ ကြုံမယ် အကောင်း
အဆိုးလည်းတွေ့ရမယ်
အလိုက်အထိုက်ပေါ့လေ
ဘယ်အမှောင် ဘယ်လိုမှောင်လဲ
တစ်နေ့တော့လင်းရမယ်
စိတ် မလေ ျှာ့နဲ့လေ
( အားလုံးကို ကျော်ဖြတ်ရမယ် ၊ ကိုနေဝင်း )
အမှောင်ထုကို ခွင်းပြီး နေ့သစ်ဖြစ်လာတဲ့၊ အမည်းရောင်လွင်ပြင်က အဖြူ ရောင်လွင်ပြင် ဖြစ်သွားတဲ့ မြင်ကွင်းက ကိုယ့်အတွေ့အကြုံပေါ် မူတည်ပြီး အတွေးနယ်ချဲ့ရင် ချဲ့သလောက် ၊ ခံစားနိုင်ရင် ခံစား နိုင် သလောက် ရင်ထဲကို စူးစူးရှရှ ရောက်သွားတဲ့ မြင်ကွင်းပဲ။







