တံခါးများ

ဒီအက်ဆေးကို ရေးတဲ့အချိန်က ၁၈ နိုဝင်ဘာ ၂၀၁၅ ခုနှစ် ၊ ပြန်ကြားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး တာဝန်ထမ်းဆောင်နေချိန်ပါ။

၂၀၁၅ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီ ပါတီနိုင်သွားပြီ ဆိုတာနဲ့ ခေါင်းဆောင်သစ်၊ ဝန်ကြီးသစ်တွေ ဆီကို ဝင်ဆန့် နိုင်ဖို့ ပြင်ဆင်နေ သူတွေကို ကြည့်ပြီး ကိုယ့်အတွေ့ အကြုံ ကို နောင်တာဝန်ယူမယ့်သူတွေ သိပါစေဆိုတဲ့ စိတ်နဲ့ ခံစားပြီးရေးခဲ့တာ ဖြစ်ပါတယ်။ ဟိုဘက် ဒီဘက် နှစ်ဘက်လုံးက မကြိုက်တာစာတစ်ပုဒ် လည်း ဖြစ်ပါ တယ်။

အဲဒီအချိန်က မဖတ်လိုက်ရသူများအတွက် အမှတ်တရ ပြန်တင်ပေးလိုက်ပါတယ်။

xxx ဆရာကြီးမြစကြာ ဝတ္ထုတွေထဲက သိုက်ဆရာလို လူတွေ။ ဒီလူတွေအများစုက ဆွေကြီးမျိုးကြီးတွေ၊ သားသမီးတွေ။ သူတို့မှာ သိုက်တံခါး ပွင့်ဖို့အတွက် အင်းတွေ၊ လက်ဖွဲ့တွေနဲ့ ပေါက်စရာမလို။ နာမည်ကြားရုံနှင့် တံခါးများကို ပွင့်စေသည့် အစွမ်းရှိ သည်။ တစ်ခါတစ်လေ မင်း တူ လာလိမ့်မယ်၊ သူပြောတာ နားထောင် ပေးပါဦး ဆိုသည့် စကားတစ်ခွန်းကလည်း တံခါးအချပ်များစွာကို ပွင့်စေနိုင်သည့် မန္တန်ဖြစ် သည်။ xxx

(ကောက်နှုတ်ချက် )

=============================================
တံခါးများ

သော့ခတ်ထားသော ခြံဝင်းတံခါးရှေ့မှာ ရပ်ရင်း ကျွန်တော်ချွေးပြန်နေသည်။ ဖြစ်ပုံက မနက်စောစော လမ်းလေ ျှာက်ထွက်သွားသော ကျွန်တော့်ထံတွင် ခြံတံခါးသော့ပါသွား သည်ဟု အတူနေတပည့်လေးက ယူဆပြီး ဈေးသွားဝယ်သည်။ လမ်းလေ ျှက်ပြန်လာ သော ကျွန်တော်က သော့ယူမသွားသည့်အတွက် ခြံထဲသို့ဝင်မရတော့။ ဒေါသနဲ့တံခါး ကို ဆောင့်ကန်မိသည်။ သော့ခလောက်ကို ဆွဲကိုင်လှုပ်သည်။ ဘာမှမထူး။ သော့ရှိသူ ပြန်မလာ မချင်းထိုင်စောင့်ပေတော့။

တကယ်တော့ တံခါးတစ်ချပ်ဆိုသည်မှာ နေရာတစ်ခုကို ကာကွယ်စောင့်ရှောက်သည့် အတားအဆီးတစ်ခုပင်။ သော့ခတ်မထားသည့်တိုင် တံခါးပိတ်ထားသည်ဆိုလ ျှင် အသံပြု ရမည်၊ ခွင့်တောင်းရမည်ဆိုသည့် ကျင့်ဝတ်ရှိသည်။ သော့ခတ်ထားလ ျှင်တော့ သော့ရှိသူ သာ ဝင်ခွင့်ရမည်။ ကျွန်တော့်မှာ အိမ်ရှင်ဖြစ်သည့်တိုင် သော့မရှိသဖြင့် ဝင်မရ။ ဒါက တံခါး ၏ သဘာဝ။ တံခါးတစ်ချပ်ရှိသည်ဆိုလ ျှင် အခွင့်မရှိ လ ျှင် မဝင်ရဆိုသည့်သဘော။

ငယ်ငယ်တုန်းကတော့ တံခါးတွေနှင့်ပတ်သက်ပြီး ပုံပြင်တွေအမျိုးမျိုးနားထောင်ခဲ့ရသည်။ အစွဲလမ်းဆုံးပုံပြင်နှစ်ခုကတော့ ဘုရင်ထံ ငါးလာဆက်သသည့် တံငါသည်ကို ဆုတော်ငွေ တစ်ဝက်တောင်းပြီး မြို့တံခါးကို ဖွင့်ပေးခဲ့သည့် တံခါးမှူး အကြောင်းနှင့် အချိန်မတော် ရောက်လာသည့် ဝန်ကြီး ဗညားကျန်းတောကို စနစ်တကျစစ်မေးခဲ့သည့် တာဝန်ကျေ သည့် မာန်အောင်တံခါးမှူး အကြောင်း ဖြစ်သည်။ အမဝမ်းကွဲတွေဖတ်ပြတာကို နားထောင် ပြီး ကြောက်လန့်ခဲ့ရသည့် ဆရာကြီးမြစကြာ ရဲ့ သိုက်သမိုင်းဝတ္ထုတွေမှာတော့ သိုက်တံခါး ကို ဖွင့်နိုင်ဖို့ အင်းအိုင် ခလဲ့ လက်ဖွဲ့တွေနဲ့ ကြိုးစားသည့် သိုက်ဆရာတွေ၊ စည်းဖောက် သဖြင့်မြေပြင်ကိုရေထင်ပြီး ကူးရတာတွေ ပါသည်။ ဒီမှာလည်း တံခါးဆိုတာ အခွင့်မရှိ မဝင်ရသည့် သဘော၊ တံခါး စောင့်တွေထားအပ်သော တာဝန်သိမှုသဘောကို တွေ့ရ ပြန်သည်။

ကလေးဘဝတုန်းက တံခါးနှင့်ပတ်သက်သည့် ကစားခဲ့ဖူးသည်။ ရွှေတံခါးကြီးဖွင့် ပါဦး သို့မဟုတ် မြို့တံခါးကြီးဖွင့်ပါဦး ဆိုသည့် ကစားနည်း။ မြို့ထဲကို ဝင်လိုသူတွေကို ဘယ် အိမ်ကလည်းဟုမေးသည်။ အဖြေကို ကြိုက်မှ ဝင်ခွင့်ရသည်။ ဒီလိုပဲပြန်ထွက်ချင်ရင် ထင်း ခွေပါရစေဦး၊ရေခပ်ပါရစေဦးဟု ပြောရသည်။ ဒီမှာတော့ တံခါးမှူးနဲ့ အဆင်ပြေမှ ဝင်ထွက် ခွင့်ရသည့်သဘောကို တွေ့ရပြန်သည်။

၁၉ ၈၈ ခုနှစ်လွန် ဈေးကွက်စီးပွားရေးစနစ်နှင့်အတူ နိုင်ငံတကာအဆင့်မီဈေးကြီးတွေ ပေါ်လာတော့ တံခါးတစ်မျိုးတွေ့ရပြန်သည်။ အာရုံခံ ကရိယာနှင့် အနားကို လူရောက် သည်နှင့် အလိုလို ပွင့်လာသော လျောတံခါးတွေ။ ဒါတွေပေါ်လာတော့ သမားရိုးကျတံခါး များနှင့်သာ ရင်းနှီးကြီးပြင်းခဲ့ရသည့် ကျွန်တော်တို့တစ်တွေ အံ့အားသင့်ရသည်။ တံခါးကို တွန်းမလို ရွယ်တုန်း တံခါးပွင့်သွားလို့ လန့်သူတွေ၊ တံခါးမတွေ့သဖြင့် ရှာသူတွေ။ ဒါပေ မယ့် မကြာခင်မှာပဲ အဲဒီတံခါးတွေနဲ့ ကျွန်တော်တို့ အသားကျသွားပြန်သည်။ ဝင် သင့်သူ လာပြီဆိုတာနဲ့ အလိုလိုသိ၊ အလိုက်သိစွာ တံခါးတွေပွင့်ရသည်ပေါ့။

တကယ်တော့ ကျွန်တော်တို့ နိုင်ငံ့ဝန်ထမ်းတွေမှာလည်း တံခါးစောင့်များ၊တံခါးမှူးများ နှင့် တူသည်ဟု ဆိုနိုင်၏။ မိမိတို့ ပေးရသည့် ဝန်ဆောင်မှုအားလုံး ရသင့်ရထိုက်သူမှန်သမ ျှ ရစေ၊ မရသင့်သူမှန်သမ ျှ မရစေနှင့်။ ဒါပေမယ့်ပြောသလောက်မလွယ်လှ။

ကျွန်တော် ဗိုလ်မှူးဘဝက ဌာနချုပ်တစ်ခုမှာ တာဝန်ကျသည်။ တစ်နေ့တော့ ကျွန်တော့် အထက်အရာရှိကဌာနချုပ်လုံခြုံရေးကိုဂရုစိုက်ရန်၊ ဌာနချုပ်အကြီးအကဲအိမ်အဝင် အထွက် လုံခြုံရေးယူထားသည့်တပ်ဖွဲ့ကိုလည်းလူဝင်လူထွက် အထူးဂရုပြုစစ်ဆေးစေရန် ညွှန်ကြား သည်။ ကျွန်တော်ကလည်း လုံခြုံရေးယူထားသည့်တပ်ဖွဲ့ခေါင်းဆောင်ကို ခေါ်ပြီး လူကြီး အိမ်သို့လာသည့်ကားတိုင်းကို ရပ်တန့်စစ်ဆေးရန်၊ အထဲမှာ ဘယ်သူပါသည်ဆို သေသေ ချာချာစစ်ဆေးပြီးမှ တံခါးဖွင့်ပေးရန်မှာကြားသည်။ ကားမြင်ရုံနဲ့ မဖွင့်နဲ့၊ ကားကို အပိုင်စီး ပြီး မောင်းလာရင် ဘယ်လိုလုပ်မလဲဆိုသည်ကိုပင် ဥပမာပေးပြောကြားခဲ့သည်။ စိတ်ထဲ မှာ ဒီလိုကြပ်ကြပ်မတ်မတ်စစ်ဆေးရတာကိုပင် ဂုဏ်ယူဖို့ မှာခဲ့သည်။

နှစ်ရက် သုံးရက် ကြာတော့ ကျွန်တော့်အထက်အရာရှိက ကျွန်တော့်ကိုခေါ်သည်။ တွေ့ သည် နှင့် ဌာနချုပ် အကြီးအကဲအိမ်က လုံခြုံရေးတပ်ဖွဲ့က စစ်သည်များ အသုံးမကျသည့် အကြောင်းဆူပူတော့သည်။ ဘာ့ကြောင့်ဆိုတာမပြော။ ဆူလို့ အားရမှ ညက သူကား မောင်းပြီးအကြီးအကဲထံသွားသည်။ လုံခြုံရေးဂိတ်က တံခါးကိုချက်ခြင်းမဖွင့်ပေး။ အနားကို လာပြီး ကားထဲကို စစ်ဆေးကြည့်ရှုကာ သူ့ကို မြင်မှ ဖွင့်ပေးသည်။ ဒါကို မကျေနပ်။ မင်း ကောင်တွေက ငါ့ကားမှန်းသိတာတောင် တံခါးမဖွင့်ဘူး။ ဘာကြီးကျယ်တာလဲ ဆိုပြီး နောက်တစ်ကျော့ပြန်ပြီး ဆူပြန်သည်။

ဖြစ်စဉ်ကို နားထောင်ပြီး ကျွန်တော် ရယ်ချင်သွားသည်။ နောက်ဆုံး သူ ဆူလို့အားရမှ “– ကြီး၊ ကျွန်တော် ဒီကောင်တွေကို အပြစ်ပေးပါ့မယ်။ သူတို့က တာဝန်ကျေသော တံခါးမှူး ဆုချခံရတယ် ဆိုတာ ပုံပြင်ထဲမှာပဲ ရှိတယ်ဆိုတာ မသိလို့ စစ်ဆေးတာပါ” လို့ ပြန်တင် ပြလိုက်သည်။ ဒီ တော့မှ ခဏတွေသွားပြီးထားလိုက်တော့၊ နောက်မဖြစ်စေနဲ့ ဆိုသည့် အမိန့်ကို ရသည်။

လွန်ခဲ့သော ဆယ်နှစ်ကျော်က နယ်ဘက်တာဝန်ကို ပြောင်းလဲထမ်းဆောင်ရသည်။ ဒီမှာ တော့ နောက်တစ်မျိုးတွေ့ရပြန်သည်။ ဆရာကြီးမြစကြာ ဝတ္ထုတွေထဲက သိုက်ဆရာလို လူတွေ။ ဒီလူတွေအများစုက ဆွေကြီးမျိုးကြီးတွေ၊ သားသမီးတွေ။ သူတို့မှာ သိုက်တံခါး ပွင့်ဖို့အတွက် အင်းတွေ၊လက်ဖွဲ့တွေနဲ့ ပေါက်စရာမလို။ နာမည်ကြားရုံနှင့် တံခါးများကို ပွင့်စေသည့် အစွမ်းရှိသည်။ တစ်ခါတစ်လေ မင်း တူ လာလိမ့်မယ်၊ သူပြောတာ နားထောင် ပေးပါဦး ဆိုသည့် စကားတစ်ခွန်းကလည်း တံခါးအချပ်များစွာကို ပွင့်စေနိုင်သည့် မန္တန်ဖြစ် သည်။

တစ်ခုသောအချိန်က ကျွန်တော့် ရုံးခန်းသို့ တပ်မတော်အရာရှိငယ်တစ်ဦး ရောက်လာ သည်။ ကျွန်တော်နှင့် တပ်ရင်းတစ်ခုတည်းအတူမနေဘူးသော်လည်း လုပ်ငန်းသဘောအရ ဆက်စပ်ပြီးခင်မင်နေသူ၊ သူကလည်း စာဖတ်ဝါသနာပါသူဖြစ်တော့ စာအိုးချင်း ရင်းနှီးနေ သူ။ သို့သော် သူ့ဖခင်က အတော်ရာထူးကြီးသူဖြစ်ရာ သူလည်း သိုက်တံခါးများကို ပွင့်နိုင် စွမ်းရှိသူဖြစ်သည်။ စီးလာသည့် ကားကလည်း ကားတွေသွင်းရတာ အလွန်ခက်သည့် အချိန်၊ ဈေးကြီးလွန်းသည့် အချိန်မှာ မြင်ရုံနဲ့ ဆင်တွေသာ စီးနိုင်သည် ဆိုတာသိနိုင်သည့် ကား၊ နံပါတ်ကလည်း လှပ သည့် အပူးအခွနဲ့။ ဒါပေမယ့် ကျွန်တော့်ဆီလာတာက စာအုပ် တွေကိစ္စဖြစ်သည်။ကျွန်တော်ကလည်း စာဖတ်ဝါသနာပါသူ ချင်းတွေ့တာဖြစ်လို့ ကျန်တာ ဘာမှ မစဉ်းစားမိ။ဒီလိုပဲ စကားထိုင်ပြောနေသည်။

အဲဒီအချိန်မှာ အပြင်မှာ ပြဿနာတက်နေသည်။ ကျွန်တော့်ဌာနအကြီးအကဲ အပြင်က ပြန်လာတော့ ရပ်ထားသည့် ကားကိုတွေ့သည်။ ဒီကား ဘယ်သူ့အိမ်ကဆိုတာ သူသိ သည်။ အဲသည်တော့ သူ့ဆီကိုလာသလား၊ ဘယ်များရောက်နေလဲ ။ ရှာပုံတော်ဖွင့်သည်။ နောက်ဆုံး ကျွန်တော့်ရုံးခန်းထဲရောက်နေတာသိတော့ လာခေါ်ပြီး ဧည့်ခံသည်။ ဘာများ လိုသလဲပေါ့။ ကျွန်တော့်ကိုတောင် ရောက်နေတာ သတင်းမပို့ရကောင်းလားလို့ အပြစ် တင်ချင်သေးသည်။ မဆွတ်ခင်က ညွှတ်ချင်နေသည့်အခြေအနေ။ မလာခင်က ပွင့်ချင်နေ သည့် တံခါးများ။

ကုန်တိုက်ကြီးများကတံခါးတွေလို အလိုအလျောက်ပွင့်သည့် ခေတ်တွင် ကျွန်တော်လည်း ကျင်လည်ခဲ့ရသည်။ ဘယ်လောက်ပဲ ခေါင်းမာသည်ဆိုဆို ဖွင့်ပေးခဲ့ရသည့်အချိန်များရှိ တာကလည်း အမှန်ပင်။ လိပ်ပြာသန့်သလားလို့ မေးရင်တော့ မသန့်ပါလို့ပဲဖြေရမည် ဖြစ်သည်။ အဲဒါဆိုရင် ဘာလို့ဖွင့်ပေးခဲ့သလဲ လို့ မေးရင်တော့ တာဝန်ကျေသော တံခါးမှူး ဆုချခံရတယ် ဆိုတာ စာအုပ်ထဲမှာပဲ ရှိလို့ပါဟုပင်ဖြေရပေမည်။

၂၀၁၁ နောက်ပိုင်းမှာတော့ အခြေအနေက ပြောင်းသင့်သလောက် ပြောင်းလာသည်။ ဒါပေမယ့် Old Habits Die Hard ဆိုသည့်စကားအတိုင်း အရိုးစွဲနေသော အကျင့်တွေ ဖျောက်ရခက်လှသည်။ အုပ်ချုပ်ရေး ပိုင်းမှာ မပါရတော့ပေမယ့် ဟိုတစ်ချိန်ပါခဲ့စဉ်ကလို ဖုန်းတစ်ချက်ဆက်ရုံ၊ နာမည်ကြားရုံနှင့် တံခါးတွေပွင့်စေချင်သူတွေကလည်းရှိသေးသည်။ တာဝန်အသစ်ယူလာရသူတွေကလည်း ဟိုတစ်ချိန်က အမူအကျင့်တွေအတိုင်း လုပ်ဖို့ကြိုး စားတာလည်း ရှိသည်။ သိုက်ဆရာအသစ်တွေပေါ်လာပြီး အင်းအိုင်ခလဲ့ လက်ဖွဲ့သစ်တွေ နဲ့ တံခါးတွေဖွင့်ဖို့ ကြိုးစားတာတွေလည်း တွေ့ရပြန်သည်။ နိုင်ငံတော်အကြီးအကဲနှင့် သူ့ မိသားစုက တည်ကြည်ဖြောင့်မတ်စွာ၊ ရိုးရှင်းစွာ နေထိုင်ကျင့်ကြံပေမယ့်၊ နောက်က ဖြောင့်ဖြောင့်မလိုက်သူတွေလည်းရှိသည်။ ဒါပေမယ့် တံခါးတွေသဘာဝ၊ တံခါးမှူးများ၏ တာဝန်ကို ပိုနားလည်လာကြ၊ တံခါးမှူးတွေ တာဝန်ကျေ မကျေ လူတွေစောင့်ကြည့်လာ သည့်ခေတ်တော့ ရောက်လာပြီဟု ဆိုနိုင်ပါသည်။

စဉ်ဆက်မပြတ်စီးဆင်းနေသည့် သမိုင်းရေစီးကြောင်းတွင် ခေတ်တွေ၊စနစ်တွေ၊ လူတွေ အမျိုးမျိုးပြောင်းလဲနေဦးမည်သာဖြစ်သည်။ သို့သော် တံခါးတွေရဲ့ သဘောသဘာဝ၊ တံခါး မှူးတွေရဲ့ တာဝန်ကတော့ မပြောင်းလဲ။ ကျွန်တော်တို့လည်း တံခါးမှူးတာဝန်တွေကို နောက်လူတွေကို လွှဲပေးရဦးမည်။ သူတို့တွေ ပိုပြီး တာဝန်ကျေနိုင်ပါစေ၊ မထောက် မညှာ ခိုင်ခိုင်မာမာရပ်နိုင်ပါစေဟု ဆုတောင်းမိသည်။

လောလောဆယ်ဆယ်တော့ သော့မရှိသဖြင့် ဖွင့်မရသော တံခါးတစ်ချပ်ရှေ့တွင် ကျွန်တော်ရပ်စောင့်နေရပါသည်။

မလှမ်းမကမ်းမှာတော့ ကလေးတစ်သိုက် ရွှေတံခါးကြီးဖွင့်ပါဦး ဟု ကစားနေကြသည်။

တံခါးတွေရှိနေသရွေ့ လွယ်လွယ်ဝင်နိုင်ဖို့ ကြိုးစားသူတွေလည်း ရှိနေဦးမည်သာ ဖြစ် သည်။

One thought on “တံခါးများ

  1. We will always have these knids of gatekeepers as long as there is humanity. There are gatekeepers even in big democracies such as the US and autocracies such as China.

    But the key thing is independent media, who will do investigative work for check and balance. What we didn’t have throughout Ne Win and Than Shwe era is exactly that. We only have media and people who always said “အားလုံးကောင်းပါသည်ခင်ဗျာ။”

    Media are somwhat free under Then Sein and NLD governemnts. And social media gave us a platform to shame these behaviour. The very first thing we noticed is the airport immigration and customs officers not accepting “chocolates” anymore. Even though they still asked as late as a few years back. But not bad as during the Than Shwe era, who would give you troubles for no apparent reasons than their whims.

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: