သံချပ်ကာ

ဒီဆောင်းပါးကို အငြိမ်းစားဘ၀ ၂၀၁၈ နိုဝင်ဘာလ ၂ ရက်နေ့မှာ ရေးခဲ့တာပါ။ အဂတိ တရား လေးပါးထဲမှာ ဆန္ဒာဂတိ – ချစ်ခင်ရင်းနှီးမှုကြောင့် မျက်နှာလိုက်ဆုံးဖြတ်ခြင်း ဟာ အတော် သိမ် မွေ့ နက်ရှိုင်းပါတယ်။ အခွင့်အရေးလိုချင်သူက သက်ဆိုင်ရာ ပုဂ္ဂိုလ်ရဲ့ စိတ်နေစိတ်ထား၊ ဝါသနာ၊ လူမှုရေး ဘဝတွေကို လိမ်မာပါးနပ်စွာ အသုံးချတာရှိသလို ကာယကံရှင်ကိုယ်တိုင်က သတိ မမူမိလိုက်ဘဲ ၊ မရည်ရွယ်ဘဲ ခင်မင်ရင်းနှီးမှုကြောင့် အခွင့်အရေးပေးလိုက်မိတာလည်း ရှိ ပါတယ်။

အင်န်အယ်လ်ဒီအစိုးရ သက်တမ်း နှစ်နှစ်ကျော်လာတဲ့အချိန်မှာ မြင်တွေ့၊ ကြားသိ နေရတဲ့ အဖြစ်အပျက်တစ်ချို့ကြောင့် ဆန္ဒာဂတိနဲ့ပတ်သက်တဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးတွေ ကို အက်ဆေးအဖြစ်ရေးဖွဲ့ခဲ့တာပါ။

အဲဒီအချိန်က မဖတ်လိုက်ရသူများအတွက် အမှတ်တရ ပြန်တင်ပေးလိုက်ပါတယ်။

“ဂေါ့ဖားသား ဒွန်ကော်လီယွန်က ဒီလူ ဘာကြိုက်သလဲ၊ ဘာကိုကြောက်သလဲဆိုတာ သိရင် အဲဒီလူ မငြင်းနိုင်တဲ့ ကမ်းလှမ်းချက်ကို လုပ်လို့ရတဲ့ သဘောပြောခဲ့သည်။ ဆရာသမားနဲ့ နောင်တော်ကြီး တို့၏ အကျင့်စာရိတ္ထအပေါ် ကျွန်တော်သံသယမရှိ။ ငွေသိန်းထောင်ချီ ပုံပေးရင်တောင် စည်းကမ်း နဲ့ မညီသော၊ အကျင့်ပျက်ခြစားသောအလုပ်ကို မလုပ်ဟု ယုံကြည်သည်။ ဒါပေမယ့် ဘယ်လောက် ခိုင်မာထူထဲတဲ့ သံချပ်ကာ ချပ်ဝတ်တန်ဆာ ပင်ဖြစ်ပါစေ၊ အားနည်းသော ဆက်ကြောင်းရာလေး တော့ ရှိ သည်မဟုတ်ပါလား။”

( ကောက်နှုတ်ချက်)

===================================================

သံချပ်ကာ

စာကို စူးစိုက်ဖတ်နေသည့်အတွက် မျက်ခုံးနှစ်ခုကြားမှာ အရေးအကြောင်းတွေ ပေါ်နေ သည်။ နဖူး ကြောတွေတွန့်နေ၏။ ညာဘက်လက်ထဲက ဘောပင်လေးနဲ့ စာကြောင်းတစ်ကြောင်းချင်းကို ထောက်ပြီးဖတ်နေသည်။ ထုံးစံအတိုင်း စေ့စပ်သေချာလှတဲ့ဆရာသမား။ ဆရာသမားနဲ့ ကျွန်တော်က ဌာန မတူ၊ ဒါပေမယ့် နှစ်ဘက် ပေါင်းစပ်လုပ်ရသောအလုပ်တစ်ခုအတွက် ညနေ ရုံး အဆင်း ဆရာသမားကို ဝင်တင်ပြနေခြင်းဖြစ်သည်။ တိကျသေချာသော၊ စေ့စပ်သော ဆရာ သမား၊ ဘယ်နေရာရောက်ရောက်၊ ဘယ်တာဝန်ကို ထမ်းဆောင်၊ ထမ်းဆောင် ပြောင်းလဲမှုမရှိ။ အင်မတန် လူဝင်၊လူထွက်များသော ဒီဌာနမှာတောင် တွေ့ဖို့ခက်တယ်၊ မျက်နှာမလိုက်ဘူး၊ တိကျတယ် လို့ ဂုဏ်သတင်းကျော်စောသည်။ စီးပွားရေးသမားတွေကို မျက်နှာသာမပေးသောကြောင့် လူရှိန် သည်။

“ ဒီ ညွှန်ကြားချက်က နောက်ဆုံးညွှန်ကြားချက်မှန်တယ်နော်။ ”
“ ဟုတ်ပါတယ်၊ နောက်ထပ် ပြင်ဆင် ညွှန်ကြားတာမရှိသေးဘူး၊ နည်းဥပဒေနဲ့လည်း ကိုက်ပါ တယ်။”
“ xx ရုံးကို ထပ်မေးကြည့်ဦး။ တော်ကြာ ငါတို့ မျက်နှာလိုက်တယ် အပြောမခံနိုင်ဘူး။ လုပ်ထုံး လုပ် နည်းအားလုံးနဲ့ ညီဖို့လိုတယ်။”
“ ဟုတ်ကဲ့ ”

နောက်တစ်ခါ အစ၊အဆုံး ပြန်စစ်ရဦးမယ့် သဘောပေါ့။ တိကျသေချာချင်သော၊ မျက်နှာမလိုက် တတ်သော ဆရာ့သဘောကို ငယ်စဉ်ထဲက သိပြီးဖြစ်လို့ မထူးဆန်းလှ။ ဖိုင်တွေ ပြန်သိမ်းပြီး နှုတ် ဆက်ဖို့ပြင်သည်။

“ ဖိုးဖိုး၊ ကားစီးမယ် ”

စကားသံနှင့်အတူ သုံးလေးနှစ်အရွယ် ကလေးငယ်လေး ပြေးဝင်လာသည်။ ဆရာ သမား မျက်နှာ အကြောတွေလျော့သွားသည်။ မြေး အနှစ်ပေကိုး။ မြေးဦးဆိုတော့ ပိုဆိုးပြီပေါ့။ ကလေးငယ်လေး က လက်ထဲက ခလုတ်ကို နှိပ်လိုက်သည်။ အိမ်ဘေးက အသံထွက်လာသည်။ လှမ်းကြည့်လိုက် တော့ နောက်ဆုံးပေါ် ဇိမ်ခံကားတစ်စီး။ ကျွန်တော့် အကြည့်ကို ဆရာသမား သတိပြုမိသွား သည်။

“ ဟိုနေ့က ကို xx အလှုလာဖိတ်တယ်ကွ။ သူစီးလာတဲ့ကားကို မြင်ပြီး ဖိုးသားက ကားစီး မယ်၊ ကားစီးမယ်ဆိုပြီး ဂျီကျရော။ ကိုxx ကလည်း မြေးမရှိသေးဘူးလေ။ ဖိုးသားကို မြေးလိုချစ်နေတာ။ ငါ့ထက်တောင်အလိုလိုက်သေးတယ်။ဒါနဲ့ဖိုးသားစီးဖို့ဆိုပြီးနောက်နေ့လာပေးထားတာ။ဒီ ကောင် ရောဂါ ငြိမ်သွားရင်တော့ ပြန်ပေးရမှာပေါ့”

ဆရာသမားက အရှည်ကြီးရှင်းပြနေသည်။ ဘာမှပြန်မပြောဖြစ်။ ကို xx အကြောင်း ကြားဖူးနေ တော့ ဘာဆက်ဖြစ်မည်ဆိုတာကို မှန်းကြည့်လို့ရသည်။ ဖိုင်တွေသိမ်းပြီး ပြန်ထွက်လာတော့ မြေး အဖိုး နှစ်ယောက် ကားစီးဖို့တိုင်ပင်ရင်ကျန်ခဲ့သည်။

အရာရှိငယ်ဘ၀ တာဝန်ထမ်းဆောင်ခဲ့သော တပ်ရင်းက ဆရာကြီးတစ်ယောက်အကြောင်း “ကြိုက် သွားမှာပါ” အမည်ဖြင့် အက်ဆေးတစ်ပုဒ်ရေးဖူးသည်။ ဗိုလ်ကြီးတပ်ခွဲမှူးဖြစ်ရင်လည်း ကျွန်တော့် ကို ကြိုက်သွားမှာပါလို့ ပြောခဲ့တဲ့ ဆရာကြီး။ ဘယ်တပ်ခွဲမှူး ရောက်ရောက် တပ်ခွဲမှူးက ပုတီး သမားဆို ရင် ဆရာကြီးက ဥပသကာ၊ တပ်ခွဲမှူးက ညနေစောင်းလို့ ရီဝေေ၀ဆိုရင် ဆရာကြီးက အမြည်း အသင့် နဲ့ အဆင်ပြေအောင် နေတတ်သော ဆရာကြီး။ ဟောဒီလောကီမှာ “ ကြိုက်သွား မှာပါ” ဆိုတဲ့ သူတွေအများကြီးမြင်ရတိုင်း ဆရာကြီးကို သတိရမိသည်။

“ နောက်ဆုံးတော့ ဇာတ်လမ်းက ဒါပဲ။ ငါကတော့ မှန်တယ်ထင်တဲ့ အတိုင်း ရပ်တည်ခဲ့တာပဲ ကွာ ”
နောင်တော်ကြီးက အသံမာမာနဲ့ စကားကို အဆုံးသတ်လိုက်သည်။ စားပွဲပေါ်က ဘီယာဘူးခွံ တွေ ကြောင့် အသံကို ပိုမာနေတာလည်းဖြစ်နိုင်သည်။ မှန်တယ်ထင်ရင် ဘယ်သူ့မျက်နှာမှ မထောက် ထောက်သော နောင်တော်ကြီးရဲ့ စိတ်ကမပြောင်းသေး။ အခုလည်း အထက်က ဖိအားနဲ့ ဘောင် မဝင်သောအလုပ်တစ်ခုကို လုပ်ပေးဖို့ ကြိုးစားတာကို ခုခံတွန်းလှန်ခဲ့ပုံအကြောင်း အားပါးတရ ပြန် ပြောပြနေသည်။ အခွင့်အလမ်းတွေ၊ လုပ်ပိုင်ခွင့်တွေများလှတဲ့ ဌာနအကြီးအကဲတစ်ယောက် အနေနဲ့ သူရင်ဆိုင်နေရတဲ့ ဖိအားတွေကို စာနာမိသည်။

“ အေး၊ လာလာ၊ မင်းတို့အမေ နောက်ထဲမှာ ရှိတယ် ”

ကျွန်တော့်ကို ကျော်ကြည့်ပြီး နောင်တော်ကြီးက လှမ်းပြောလိုက်သည်။ လှည့်ကြည့်လိုက်တော့ ဧည့်ခန်းအဝမှာ လူငယ်ဇနီးမောင်နှံ၊ လက်ထဲမှာလည်း အထုပ်တွေနဲ့။ လူငယ်လေးမျက်နှာကို တော့မြင်ဖူးသလိုလို။ ခေါင်းလေးငုံ့ပြီး ထမင်းစားခန်းဘက်ဝင်သွားကြသည်။

ခဏကြာတော့ နောက်ထဲက စကားသံတွေ အပြင်ကို လ ျှံထွက်လာသည်။ “ဒီအစလေးက xx” “ ဟိုနေ့က ပွဲမှာ အမေဝတ်ထားတာ Smart ဖြစ်တော့ သမီးတို့တောင် အားကျနေတာ” “ ဟယ် အားနာစရာ” “ မဟုတ်ပါဘူး အမေရယ်၊ အမေတို့အဆင့်နဲ့ ညီအောင်တော့ပွဲတက်ရမှာပေါ့” “ ဒီ အရောင်နဲ့လိုက်တဲ့ ဘယက် သမီးတွေ့ထားတယ်”

“ မင်းသိတယ်မဟုတ်လား၊ ဦး xx သားလေ”
“ မသိဘူး၊ ဒါကြောင့် မြင်ဖူးတယ်ထင်နေတာ”

“ မင်း အမကို သူတို့အမေလိုချစ်နေတာ။ မင်းအမကလည်း သားတွေ အနားမှာ မရှိတော့ သူတို့ ကိုပဲ သား၊သမီးလုပ်နေရတာ။ အခုလည်း မင်းအမ ပွဲတက်တာ ကျန်တဲ့ကတော်တွေနဲ့ယှဉ်ရင် ကျန်မနေအောင်ဆိုပြီး ဆင်နေတာပဲ။ ငါ့ဧည့်ခန်းကိုတောင် တောသူဌေးအိမ်က ဧည့်ခန်းနဲ့တူ တယ် ဆိုပြီး ပြန်ပြင်ပေးထားတာ။”

နောင်တော်ကြီးစကားကို ကြားမှာ အရင်ကနဲ့မတူ ပန်းချီကားတွေ၊ အရောင်နုနု အခန်းဆီးတွေ၊ ဆို ဖာတွေနဲ့ပြောင်းလဲနေသော အခန်း၊ အခမ်းအနားတွေမှာ အဆင်မထပ်၊ အထည်မထပ်ရအောင် ဝတ်နေသော အမကြီးတို့ကို သတိထားမိသည်။ နောက်တော့ သူတို့ မိသားစု လုပ်ပိုင်ခွင့်ရလိုက် လုပ်ငန်းတွေကို သတိထားမိသွားသည်။ ရုတ်တရက် ရင်ပူသွားပြီး အေးမြမြ ဘီယာကို ကောက် မော့လိုက်ရသည်။

ဂေါ့ဖားသား ဒွန်ကော်လီယွန်က ဒီလူ ဘာကြိုက်သလဲ၊ ဘာကိုကြောက်သလဲဆိုတာ သိရင် အဲဒီလူ မငြင်းနိုင်တဲ့ ကမ်းလှမ်းချက်ကို လုပ်လို့ရတဲ့ သဘောပြောခဲ့သည်။ ဆရာသမားနဲ့ နောင်တော်ကြီး တို့၏ အကျင့်စာရိတ္ထအပေါ် ကျွန်တော်သံသယမရှိ။ ငွေသိန်းထောင်ချီ ပုံပေးရင်တောင် စည်းကမ်း နဲ့ မညီသော၊ အကျင့်ပျက်ခြစားသောအလုပ်ကို မလုပ်ဟု ယုံကြည်သည်။ ဒါပေမယ့် ဘယ်လောက် ခိုင်မာထူထဲတဲ့ သံချပ်ကာ ချပ်ဝတ်တန်ဆာ ပင်ဖြစ်ပါစေ၊ အားနည်းသော ဆက်ကြောင်းရာ လေး တော့ ရှိ သည်မဟုတ်ပါလား။ စီးချင်းထိုးတဲ့အခါ အဲဒီအားနည်းချက်နေရာကို ရှာဖွေနိုင်သော သူရဲ ကောင်းက အနိုင်ရတဲ့ ဖြစ်စဉ်တွေ သမိုင်းမှာ အထင်အရှားရှိသည်။ ဆရာသမားနဲ့ နောင်တော် ကြီးတို့ သူတို့ ချပ်ဝတ်တန်ဆာပေါ်က ဆက်ကြောင်းလေးတွေကို သတိမထားမိတာကို ဝမ်းနည်း မိသည်။

တစ်ရုံးလုံးမှာ ကျွန်တော်နဲ့ ကျွန်တော့်ရုံးအဖွဲ့ပဲကျန်သည်။ ရှေ့ကစားပွဲပေါ်မှာ အမှုတွဲတစ်ခု။ ဒီ ကိစ္စကို ရှင်းဖို့ စဉ်းစားနေတာ အတော်ကြာနေပြီ။ ခိုးလိုး ခုလုဖြစ်နေသောအချက်လေးတစ်ခု ၊ နှစ် ခုရှိသည်။ စည်းကမ်းနဲ့ အညီလို့ ပြောလို့ရသလို၊ မညီဘူးလို့လည်း ယူဆလို့ရသည်။ ပြန်စိစစ် ရင်လည်း အလုပ်က အချိန်ဖင့်မည်။ ခွင့်ပြုလိုက်ရင်လည်း စိတ်ထဲမှာ မတင်မကျနဲ့ ကျန်ခဲ့မည်။

တံခါးခေါက်သံကြားသည်။ စိတ်ထဲမှာတင်းသွားသည်။ ဒီလို အချိန်မှာ ဘယ်သူမှ အခန်းထဲ လာ တာ မကြိုက်မှန်း ရုံးအဖွဲ့တွေ သိသင့်သည်။

“ အဘ ဧည့်သည် ” ။ မတွေ့ဘူးလို့ ပြောရန် ပါးစပ်ပြင်နေဆဲ၊ ဝန်ထမ်းလေးက ထပ်ပြောသည်။
“ ဦး xx ခင်ဗျ၊ အဘမှာထားတဲ့ အင်္ဂလိပ်စာအုပ်လာပေးတာလို့ပြောပါတယ်။”

စာဖတ်လွန်း၊ စကားပြောလွန်းလို့ “ ဆရာလေး” လို့ အမည်ပေးထားသော မိတ်ဆွေပဲ။ စာအုပ် ဆိုတာနဲ့ လွှတ်လိုက်ကွာ လို့ပြန်ပြောလိုက်သည်။ ဆရာလေး အခန်းထဲ ဝင်လာသည်။ လက်ထဲ မှာ စာအုပ်တစ်အုပ်၊ အဖြူရောင်ဘူးပြားလေးတစ်ခု။

စာအုပ်က ကျွန်တော်အနှစ်သက်ဆုံး စာရေးဆရာရဲ့ နောက်ဆုံးထုတ်စာအုပ်။ ဘာသာရေးနောက်ခံ လ ျှို့ဝှက်သည်းဖိုဇာတ်လမ်း၊ ဝါရှင်တန်မြို့တော်ကြီးမှာ လ ျှို့ဝှက်သင်္ကေတတွေကို ရှာဖွေတဲ့ အကြောင်း၊ ဖတ်ချင်နေတာကြာပြီ။

ဆရာလေးက အနှောင့်အယှက်ပေးမိတာကို ခွင့်လွှတ်ဖို့ စကားဆိုသည်။ စာအုပ်ဖတ်ချင်နေမှန်း သိလို့ နိုင်ငံခြားက ပြန်ရောက်ရောက်ခြင်း လာပေးတာဟု ရှင်းပြသည်။ နောက်တော့ ဘူးပြား လေးထဲကတက်ဘလက်လေးအကြောင်းပြောသည်၊အီလက်ထရောနစ်ပစ္စည်းတွေ၊ ဒစ်ဂျစ်တယ် နည်းပညာကို ရင်ခုန်သော ကျွန်တော်နဲ့ ဘယ်လို ဘယ်ပုံ အသုံးတည့်နိုင်ကြောင်း ရှင်းသည်။ တကယ်တော့ သူပြောနေသော အကြောင်းတွေ ကျွန်တော့်လေ့လာပြီးသား၊ ဒီပစ္စည်းလေးကို ကိုင်ချင်နေတာ အတော်ကြာပြီ။ ကျွန်တော်အလုပ်များနေမှန်းသိတော့ ဆရာလေး တောင်းပန်ပြီး ပြန်သွားသည်။

ဒီ ပုဂ္ဂိုလ်ကို ခင်တယ်ဆိုတာ လူမှုရေး နားလည်တာ၊ စာဖတ်နာတာတွေ ကြောင့်ပဲဖြစ်သည်။ စီး ပွားရေးလုပ်နေသူဖြစ်ပေမယ့် လူချင်းဆုံရင် ဘယ်တော့မှ သူ့လုပ်ငန်းအကြောင်းတွေမပြော၊ တစ်ခါမှ အကူအညီမတောင်းခဲ့။ ဒီလိုလူမျိုးနဲ့ ဆက်ဆံရတာ လိပ်ပြာသန့်သည်။

ဖွင့်ထားသော ဖိုင်ကို ပြန်ဖတ်သည်။ ဆုံးဖြတ်ချက်ချသည်။ “ခွင့်ပြုသည် ”ဟု မှတ်ချက်ရေးသည်။ ဖိုင် ကို ပိတ်ပြီး ထွက်စာ အကန့်ထဲကို ထည့်လိုက်သည်။ ဆရာလေးကိုတော့ မပြောတော့။ သူနဲ့ ကျွန်တော်ဆက်ဆံရေးက လူမှုရေးသက်သက်၊ စာပေသက်သက်၊ ဒီလို လုပ်ငန်းကိစ္စတွေမပါဘူး လေ။

တရုတ် သူရဲကောင်း ကာမဏိ နဲ့ မြန်မာသူရဲကောင်း သမိန်ဗရမ်းတို့ စီချင်းထိုးခန်းကို ရာဇ ဓိရာဇ် အရေးတော်ပုံကျမ်းတွင် အခုလို ဖွဲ့ဆိုထားသည်-

“သို့စဉ် ကာမဏိလက် အထက်သို့ မြှောက်ထားသည့် အခွင့်ကောင်းရသည်နှင့် သမိန်ဗရမ်းသည် ကာမဏိ၏ ချိုင်းကြားကို ဗြုန်းဒိုင်း လှံဖြင့်ထိုးလိုက်သည်။ တဖက်သို့ စောင်းကျစဉ် ကာမဏိ၏ လည်ကို ဓါးရှည်ဖြင့် ခုတ်ဖြတ်လိုက်သည်။ ကာမဏိ၏ ဦးခေါင်းလည်း ထက်ပိုင်းပြုတ်ကျလေ၏။ ”

ချပ်ဝတ်တန်ဆာ အပြည့်အစုံဝတ်ဆင်ထားသော ကာမဏိသည် ချိုင်းကြားတွင် ချပ်ကြိုး အဆက် ပြတ်နေသည်ကို မြင်သွားသည့် သမိန်ဗရမ်းလက်ချက်ဖြင့် ကျဆုံးခဲ့ရသည်။ ဘယ်လောက်ထူထဲ တဲ့ သံချပ်ကာ ချပ်ဝတ်တန်ဆာ ဖြစ်ပါစေ အားနည်းတဲ့ ဆက်ကြောင်းတစ်ခုတော့ ရှိသည်သာ။

2 thoughts on “သံချပ်ကာ

  1. Independent media are important to investigate the officials and politicians to be held accountable. It’s already telling about the SAC, who is treating the media as enemies. We will see more corruptions down the road. We will soon see တိုင်းမှူး behaving as kings in their respective regions again. The question is whether they will be able to contain social media. Anybody with a phone and a bit of know hows can post anonymously.

    Like

  2. During Thein Sein and NLD era, the media and social media at least are somewhat free. People can make comments about the corruptions without having to worry about 505(A). I think that’s a good thing, which is now taken away by MAL with all these stupid laws.

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: