ဘ၀ ရထား (၂)

ရထားစထွက်တာနဲ့ သတိထားမိတာက ရထားလမ်းရဲ့ အရည်အသွေးပဲ။ အရင်ကတော့ စာပို့ပဲ စီးစီး၊ အမြန်ရထားပဲ စီးစီး၊ မြို့ပတ်ရထားပဲစီးစီး ရထားစီးရတာက မြင်းစီးရသလိုပဲ။ ကျွန်တော့် အတွေ့အကြုံအရ ပြောရရင်တော့ အဆိုးဆုံးက မြစ်ကြီးနားရထားပဲ။ အထက်အောက်လည်း ခုန်တယ်၊ ဘေးတိုက်လည်း ရမ်းတယ်။

ကျွန်တော့်အကြီးအကဲတစ်ယောက်၊ လူကလည်း ခပ်၀၀ ၊ မြစ်ကြီး နားရထားစီးတော့ “ငါအိပ်ရင်းနဲ့ ကြည့်နေတယ်ကွ၊ ငါ့ဗိုက်က အထက်အောက်လည်း လှုပ်တယ်။ ဘေးတိုက်လည်း လှုပ်တယ်။ ခဏနေတော့ ထမင်းဆာ လာရော” လို့ ပြောဖူးတယ်။ နောင် ကျွန်တော်တို့တပ်ရင်း ဆားမှော်ဘက်မှ ကျောက်ထုတ်ပြီး မြန်မာ့မီးရထားကို သွင်းရတဲ့ အချိန်ရောက်တော့ မြန်မာ့မီးရထား တာဝန်ရှိသူတွေက တွဲဆိုင်းတွေ အိုလာတာရယ်၊ ရထားလမ်း ဇလီဖားတုံးတွေ သက်တမ်း ကုန်နေတာ ရယ်၊ ကျောက်မရှိတာရယ် သုံးမျိုးပေါင်းလိုက်လို့ အဲဒီလိုဖြစ်တာလို့ ရှင်းပြဖူး တယ်။

အခုတော့ ရထားလမ်းက ကွန်ကရိဇလီဖားတုံးတွေလဲထားတယ်။ ကျောက်ကလည်း အပြည့် ထည့်ထားတယ် ဆိုတော့ ကျွန်တော်တို့လို ခရီးသည် လူပြိန်းအမြင်နဲ့တောင် အသစ်လိုဖြစ် နေတယ်။RBE တွဲတွေကလည်း ဂျပန်ကျ ဆိုပေမယ့် ဂျပန်ကျ ကားလိုပဲ မြန်မာနိုင်ငံအတွက်တော့ အတော်ကောင်းသေးတာပေါ့။ လမ်းအရည်အသွေးနဲ့ တွဲအရည်အသွေးပေါင်းလိုက်တော့ မြင်းစီး သလို ခုန်ပေါက် မစီးရတော့ဘူး။ သက်တောင့်သက်သာရှိတယ်။ အဲ ပန်ကာတွေလည်း အလုပ် လုပ်တော့ အပူဒဏ်လည်း သက်သာတာပေါ့။ လက်ရှိအခြေအနေမှာတော့ ဒီလောက် အခြေ အနေလေးနဲ့ ရထားများများ၊ အချိန်မှန်မှန် ပြေးနိုင်ရင်ကို အောက်ခြေလူတန်းစားနဲ့ ရုံးဝန်ထမ်း တွေအတွက် အဆင်ပြေနေပါပြီ။ မိုးပျံတွေ၊ မြေအောက်တွေကတော့ ဆောက်ဖြစ်မှ ကျောင်း တကာ ပါလေ။ လ ျှပ်စစ်ရထားကတော့ အိမ်က ထမင်းပေါင်းအိုးတောင် မီးပျက်လို့ ပျော့ မနပ် ဖြစ်နေတဲ့အချိန်မှာ မတွေးဝံ့ပါဘူး။

ရထားလမ်းတွေ အသစ်လို ပြောင်းလဲသွားပေမယ့် ဘူတာအိုလေးတွေကတော့ မပြောင်းလဲ သေးဘူး။ ဘူတာစင်္ကြတွေကတော့ အတော်ပြင်ထားတယ်။ အရင်လို တွဲပေါ်ကနေ လေထီး ခုန်သလို ခုန်ချဖို့မလိုတော့ဘူး။ ရထားဆက်သွယ်ရေးစနစ်နဲ့ လမ်းကြောင်းထိန်းသိမ်းတဲ့ စနစ် ကို အဆင့်မြှင့်ဖို့ လုပ်ငန်းတွေဆက်လုပ်နေတာမြင်ခဲ့ရတယ်။ လမ်းဘေးမှာ လိမ္မော်ရောင် ပိုက်လိုင်းတွေ၊ စက်ခလုတ်ခုံတွေ၊ ကြိုးခွေတွေပုံထားတာတွေ့ရတယ်။ ၂၀၂၁ နှစ်ထဲမှာ တပ်ဆင်ပြီး ကေဘယ် ကြိုးတွေ ဖြတ်ခိုးခံခဲ့ရတယ်ဆိုတဲ့ သတင်းတွေလည်းကြားခဲ့ရတယ်။

ရထားလမ်းဝဲယာမြင်ကွင်းကလည်း မပြောင်းလဲပါဘူး။ ကန်စွန်းခင်းတွေရှိတယ်။ အမှိုက်ပုံတွေရှိ တယ်။ ကန်စွန်းခင်းတွေ၊ အမှိုက်ပုံတွေဘေးမှာ ပလတ်စတစ်စတွေ၊သွပ်ပြားအတိုတွေနဲ့ မိုးထား တဲ့ ခနော်ခနဲ့ တဲလေးတွေရှိတယ်။ မဲမှောင်နောက်ကျိ ပလတ်စတစ်အမှိုက်တွေနဲ့ ရေမြောင်းကြီး တွေ ရှိတယ်။ ရထားမြေပေါ်မှာ ကျူးကျော်တာလား ၊နားလည်မှုနဲ့နေတာ လားမသိနိုင်တဲ့ အိမ်သေးသေးလေးတွေရှိမယ်။ အိမ်တစ်အိမ်ရဲ့ အိမ်သာက နောက်တစ်အိမ်ရဲ့ အိမ် ရှေ့ဖြစ်တာလည်း ရှိတယ်။ အိမ်သုံးလေးအိမ်က မိလ္လာပိုက်တွေက မိလ္လာကျင်းတစ်ကျင်းထဲကို စုပြုံ ထည့်ထားတာလည်း ရှိတယ်။ တစ်ချို့နေရာတွေမှာတော့ သေသေသပ်သပ် စိုက်ထားတဲ့ စိုက်ခင်း လေးတွေ တွေ့ရတယ်။

ပြန်ကြားရေးမှာ ဆယ်နှစ်တာဝန်ထမ်းဆောင်ခဲ့ချိန်က ရန်ကုန် မြို့ပတ်ရထားလမ်း ဝဲယာ သာယာ လှပရေးနဲ့ပတ်သက်တဲ့ သတင်းတွေ အကြိမ်ကြိမ်ဖတ်ခဲ့ရတယ်။ ရထားတွဲပေါ်မှာ ကနုတ်ပန်း နဲ့ကျွန်းဆက်တီကြီးတင်ပြီး ရထားလမ်းသာယာလှပရေး လိုက်လံစစ်ဆေးတဲ့ သတင်းဓာတ်ပုံ တွေလည်း မြင်ခဲ့ရတယ်။ နောက်အစိုးရလက်ထက်မှာလည်း ပြောသံကြားရသေးတာပဲ။ ဒါပေ မယ့် ရထားလမ်းဘေး မြင်ကွင်းကတော့ အပြောင်းအလဲမရှိသလောက်ပဲ။ ရထားလမ်းသာယာလှပရေး ကို ရထားလမ်းဘေးမှာ နေထိုင်သူတွေရဲ့ ဘ၀ သာယာလှပရေး နဲ့ တွဲပြီး မလုပ်နိုင်သရွေ့ ဒီလိုပဲ ဖြစ်နေဦးမှာပဲ။

ဘောက်ထော်ဘူတာရောက်တော့ မုန့်သည်တွေဆင်းသွားတယ်။ ကန်ဘဲ့ဘူတာရောက်တော့ ဈေးသည်တွေတက်လာတယ်။ ကန်ဘဲ့ကနေ မင်္ဂလာဒုံဈေးအထိက ဈေးသည်တွေ တက်လိုက် ဆင်းလိုက်ပဲ။ မြို့ပတ်ရထားက မြို့တစ်ပတ်စီးမှ နှစ်ရာ၊ ကြားကဖြတ်စီးရင် တစ်ရာ၊ တောင်း တွေ၊ ပလုံးတွေ၊အထမ်းတွေ တင်ရင်လည်း တန်ဆာခ က အလွန်နည်းတော့ အခြေခံလူတန်းစားဈေး သည်တွေရဲ့ အားကိုးရာဖြစ်နေတာပေါ့။ ရုံးဝန်ထမ်းတွေကတော့ အခု အချိန်မှာ မနက်အစော ရထားနဲ့ ညနေငါးနာရီနောက်ပိုင်း ရထားမရှိတော့ အဆင်မပြေတော့ဘူး။

ကျွန်တော်တွေ့ခဲ့တဲ့ ဈေးသည်တွေကို သုံးမျိုးခွဲလို့ရတယ်။ ပထမ အမျိုး အစားက ဒီဘူတာပတ်ဝန်းကျင်မှာရောင်းပြီးလို့ နောက်တစ်နေရာပြောင်းမယ့် သူတွေ၊ ဒုတိယ အမျိုးအစားက ဒညင်းကုန်းဈေးမှာ ဟင်းသီးဟင်းရွက်ဝယ်ဖို့ သွားမယ့်သူတွေ၊ တတိယ အမျိုး အစားကတော့ နည်းတယ်။ သူတို့က မနက်ဈေးလေးတွေမှာ ရောင်းပြီးလို့အိမ်ပြန်မယ့် သူတွေ၊ ကျွန်တော်တို့လို ကြားခရီးသည်တွေကတော့နည်းပါတယ်။ ဈေးသည်တွေကတော့ စီးတာကြာ ပြီ ဆိုတော့ တစ်ယောက်နဲ့တစ်ယောက်ခင်နေကြပါပြီ။ တွဲပေါ်ရောက်တာနဲ့ ဈေးကွက်သတင်းတွေ ဖလှယ်ကြ၊ ရောင်းအား၊ဝယ်အားကို ခန့်မှန်းကြနဲ့ပေါ့။

ဥက္ကလာဘူတာကနေ အသုပ်စုံအထမ်းသည်နှစ်ယောက်တယ်။ တစ်ယောက်က ကျိုက္ကလဲ့ မှာဆင်းမယ်။ တစ်ယောက်က အင်းစိန်အထိ လိုက်မယ်။ အသုပ်စုံက အထမ်းတစ်ထမ်းစာ ပြင်ပြီးသား အသင့်ရောင်းတာလည်း ရှိတယ်။ အဲဒါဆိုရင် သုံးသောင်းပေးရတယ်။ ကျွန်တော်နဲ့ စကားပြော တဲ့ လူက အင်းစိန်မှာ ဆင်းမယ့်သူ။ သူကတော့ ကိုယ့်ဘာသာကိုယ်လုပ်တယ်။ နှစ်သောင်းခွဲပဲကျ တယ်။ နည်းနည်းတော့ ပင်ပန်းတယ် ၊ ဒါပေမယ့် ခုခေတ်မှာ ငါးထောင် သက်သာလည်း မနည်း ဘူးလေ တဲ့။ ပြီးတော့ သူက ဟင်းရည်ကို အခြားသူတွေလို ဟင်းခါး မချက်ဘူး။ ကြာဆံချက် ချက်တယ်။ အသုပ်စုံစားရင် ကြာဆံချက်ကို ဟင်းရည်အဖြစ်နဲ့ ပေးတယ်။ ကြာဆံချက် သက်သက်စားချင်ရင်လည်း ရောင်းတယ်။ ထမ်းရတာချင်းအတူတူ ကြာဆံချက် က “နှစ်မျိုး သုံးလို့ရတယ်လေ” တဲ့။ ဘဝကပေးတဲ့ ဈေးကွက်ထိုးဖောက်ရေးနည်းဗျူဟာပေါ့။

ကန့်ဘဲ့၊ ရေကူးဘက်ကနေ လင်ပန်းအလွတ်တွေနဲ့ အမျိုးသမီးလေးငါးယောက်တက်လာတယ်။ သူတို့က မင်္ဂလာဒုံမှာနေတယ်။ မြန်မာရိုးရာမုန့်တွေကို ဖောက်သည်ယူပြီး ဘောက်ထော်၊ ကန်ဘဲ့၊ ရန်ကင်း မနက်ဈေးတွေမှာလိုက်ရောင်းပြီး ပြန်လာတာ။ မနက်ရထားမရှိတော့ ကားစု ငှားပြီး သွား၊ အပြန်ကျတော့ ရထားနဲ့ ပြန်ရတယ်။

ဒညင်းကုန်းဈေးသွားမယ့် အုပ်စုကတော့ လူအများဆုံးပဲ။ တောင်းတွေ၊ ပလုံးတွေ၊ ပလတ်စတစ်ပုံး တွေနဲ့။ သူတို့ထဲမှာလည်း အုပ်စု နှစ်စုရှိတယ်။ ပထမအုပ်စုက ညနေဈေးမှာရောင်းမယ့်သူတွေ၊ သူတို့က ဒညင်းကုန်းမှာဝယ်ပြီးတာနဲ့ ကားစုငှားပြီး ဈေးအမီသွားကြမယ်။ အရင်ကတော့ ရထား တွေက ဆက်နေတဲ့အတွက် ရထားနဲ့လာ၊ ရထားနဲ့ပြန်လို့ရတယ်။ အခုတော့ ကားခ ပိုကုန်တာပေါ့။ ဒုတိယအုပ်စုကတော့ မနက်ဖြန် မနက်ဈေးရောင်းမယ့်သူတွေ၊ တစ်ချို့က နေ့စဉ် လာတယ်။ တစ်ချို့က တစ်ရက်ခြားလာတယ်။

ဈေးသည်တွေထဲမှာ ကိုယ်တိုင် တိုက်နဲ့မနေနိုင်ပေမယ့် စာကလေးတွေအတွက် သစ်သား တိုက်အိမ်လေးတွေ အထမ်းနဲ့ ရောင်းတဲ့သူလည်း ပါတယ်။ ထူးထူးခြားခြား အောင်ဆန်း ဘူတာ ခရီးသည်နားနေဆောင်မှာ အဲဒီလို ငှက်အိ်မ်လေးတွေ အများကြီး တွဲလောင်းချိတ်ထားတာ တွေ့ ခဲ့တယ်။ အသက် ၂၀ ထဲက ကွမ်းယာရောင်းလာတာ ရောင်းသက် ၂၁ နှစ်ရှိပြီဆိုတဲ့ ကွမ်းယာ သည်လည်း တွေ့တယ်။ ကျွန်တော့်ကို 92 ဆေးအကြောင်း၊ ထုံးဖြူ ဗမာဆေး အကြောင်း၊ အုန်း ယိုတွေ ဘာတွေထည့်တဲ့ ကွမ်းယာအချိုအကြောင်းရှင်းပြတယ်။ ထုံးစပ်နည်းကိုတော့ လုံး၀ မပြောဘူး။ အိမ်ကမိန်းမကိုတောင်မပြောဘူးဆိုပဲ။

ကော်ဖီ၊လက်ဖက်ရည်ရောင်းတဲ့လူငယ်လေးကတော့ အရင်က မုန့်တွေ၊ တိုလီမိုလီတွေ ရောင်းတာတဲ့။ အခုတော့ ကော်ဖီပြောင်းရောင်းတာ ခုနှစ်လလောက်ရှိပြီ။ လူငယ်လေး ဆိုတော့ အိုင်ဒီယာကောင်းရှိတယ်။ သန့်သန့်ရှင်းရှင်း ဝတ်စားထားတဲ့အပြင် ရှေ့မှာလည်း ခါးစည်းရင်ဖုံး နဲ့။ တစ်ခါသုံးခွက်တွေထည့်ထားတဲ့ခြင်းတောင်း၊ ရေနွေးဓာတ်ဘူးတွေကလည်း သန့်ရှင်းတယ်။ စကားပြောတာလည်း ယဉ်ကျေးသိမ်မွေ့တော့ ရောင်းကောင်းမယ့်ပုံပဲ။

ပဲပြားသုပ်သည်ကတော့ ဗန်းထဲမှာ အဝါရောင်ပဲပြားတွေရယ်၊ ဂေါ်ဖီထုပ်ပါးပါးလှီးထားတာရယ် ပုံ ထားတယ်။ ပလတ်စတစ်ဘူးထဲမှာ အနီရောင်တောက်တောက် အချဉ်ရေတွေထည့်ထားတယ်။ ဘူးဘေးမှာ ကပ်ချည်ထားတဲ့ ခွက်ထဲမှာ ဝက်သားဒုတ်ထိုးစားတဲ့ တုတ်တံလေးတွေရှိတယ်။ ပဲပြား တစ်ခု တစ်ရာ၊ ဘူတာမှာလည်း ရောင်းတယ်။ ရထားပေါ်မှာ ဝယ်သူရှိရင်လည်း ရောင်း တယ်။ သူရောင်းပုံက ပလတ်စတစ်အိတ်လေးထဲကို ပဲပြားထည့်၊ ဂေါ်ဖီထုတ်ပါးပါးလှီးထားတာလေးဖြူး၊ ပြီးရင် အချဉ် ရေလောင်းထည့်၊ တုတ်ချောင်းလေးထိုးထည့်ပေးလိုက်တာပဲ။ အစားအသောက် မရွေးတဲ့ ကျွန်တော်တောင် သူ့အချဉ်ရေကို ကြည့်ပြီး မစားရဲဘူး။

ဒညင်းကုန်းဘူတာကျော်တော့ ခရီးသည်နည်းသွားတယ်။ အောင်ဆန်း၊ ဖော့ကန်၊ ရွာမ ဘူတာတွေ ဖြတ်တယ်။ အင်းစိန် ဘူတာမရောက်ခင် ရထားပေါ်ကနေ အင်းစိန်ထောင်ဝင်းကို မြင်ရတော့ ကျွန်တော့်ပို့စ်တွေ အောက်မှာ အင်းစိန်ရောက်တော့မယ်လို့ မှတ်ချက်ရေးသူတွေကို သတိရမိတယ်။

ဒီလိုနဲ့ ရထားဟာ စနစ်သစ်အရ မြို့ပတ်ရထား ဂိတ်ဆုံးဘူတာဖြစ်တဲ့ အင်းစိန် ဘူတာကို ရောက်တယ်။ ရန်ကုန်ဘူတာကြီး အစား အင်းစိန်ဘူတာက စ၊ အင်းစိန် ဘူတာမှာ ဆုံးနေ တာ အင်းစိန် ကို စည်ကားစေချင်လို့များလားလို့တွေးမိတယ်။ စည်ကားရမယ့် ရန်ကုန် ဘူတာ ကြီး မစည်ကားဘဲ အင်းစိန်ဘူတာ စည်ကားနေရင်လည်း မဟုတ်ပြန်ဘူး။ ဒါပေမယ့်လည်း မဟုတ်တာ တွေကို ဟုတ်တယ်ဆိုပြီး လက်ခံခဲ့ရတာ အခုမှ မဟုတ်ဘူး။ ကြာခဲ့ပြီပဲ။

ဆက်လက်ဖော်ပြပါမယ်

One thought on “ဘ၀ ရထား (၂)

Leave a Reply to Khin Maung Soe Cancel reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: