ဘ၀ ရထား (၃)

အင်းစိန်ကို ရောက်တော့ မနက် ၁၁ နာရီ။ မူလ အစီအစဉ်ကတော့ အင်းစိန်ကနေ YBS စီးပြီး ပြန်ဖို့ပဲ။ ဒါပေမယ့် ဘူတာမှာ စုံစမ်းလိုက်တော့ ကျွန်တော်တို့ စီးလာတဲ့ ရထားက မွန်းလွဲ တစ်နာရီ ငါးဆယ့်ငါးမိနစ်မှာ အင်းစိန် – မင်္ဂလာဒုံ – ရန်ကုန် ပြန်ထွက်မယ်ဆိုတာနဲ့ အဲဒီရထားနဲ့ ပြန်ဖို့ ဆုံး ဖြတ်လိုက်တယ်။ ဒါဆိုရင် ဒညင်းကုန်းဈေးက ဈေးဝယ်ပြန်လာတဲ့ ဈေးသည်တွေနဲ့လည်း ဆုံပြီး ဈေးအခြေအနေလေးမေး လို့ရမယ်။

အင်းစိန်ဘူတာရုံကတော့ အရင်အတိုင်းပါပဲ၊ ရထားလမ်းတွေ၊ စင်္ကြတွေကတော့ အဆင့်မြှင့်ထား တယ်။ ဘူတာရုံတွေကို မြင်ရင် ကြုံခဲ့ဖူးတဲ့ ကမောက်ကမ အဖြစ်အပျက်လေးတွေကို သတိရတယ်။ တစ်ခါကတော့ ဘူတာရုံ သာယာလှပရေးဆိုပြီး ဘူတာရုံပတ်ဝန်းကျင်တွေမှာ ပန်းအလှပင်တွေ စိုက်ခိုင်း၊လူကြီးလာရင်ပန်းခြံစစ်တဲ့ခေတ်လည်းရှိခဲ့တယ်။ ပန်းပင်တွေ စိုက်ခိုင်းပေမယ့် ဟောင်းနွမ်း ညစ် ပတ်နေတဲ့ ဘူတာရုံ ရုံးခန်းတွေ၊ နားနေ ဆောင်တွေ၊ အိမ်သာတွေ အတွက် တော့ ဘတ်ဂျက် ချမပေးဘူး။ ဒီလို နဲ့ ဘူတာရုံလေးတွေဟာ မျက်နှာမှာ သနပ်ခါး၊ ပေါင်မှာ xxx ဆိုသလို ဖြစ်ခဲ့ ရတယ်။

ကြက်ဆူခေတ်ရောက်တော့ ကျွန်တော်တို့ တပ်ရင်းတွေ စိုက်ရသလို အရပ်ဘက် ဌာနတွေလည်း မလွတ်ဘူး။ ဘူတာရုံလေးတွေလည်း ပန်းခြံကို ခဏမေ့ပြီး ဘူတာအဝင်အထွက် ရထားလမ်းဘေး နေရာလွတ်တွေမှာ ကြက်ဆူပင်တွေစိုက်၊ ဆိုင်းဘုတ်တွေထောင်ရပြန်ရော။ အဲဒီအချိန်က ဘူတာ ရုံပိုင်တွေဆီက ရုံးချုပ်ရဲ့ ကြက်ဆူစိုက်ပျိုးမှု စစ်ဆေးရေး အရာရှိတစ်ယောက် သူ တို့အခေါ် ကြက်ဆူဗိုလ်ကြီးလာ စစ်တဲ့ အကြောင်းကြားခဲ့ဖူးတယ်။ ဒါပေမယ့် ရထားလမ်းဘေးမြေဆိုတာ မြေဆီ မြေနှစ် မရှိတော့ ဘူတာရုံနားက ကြက်ဆူပင်တွေ မသုံးလုံး (မကြီး၊ မသီး ၊ မသေ) ကြက်ဆူ ပင်တွေ အဖြစ်နဲ့ပြီးသွားတာပဲ။ နောက်ဆုံး ကြက်ဆူခေတ်ကုန်မှပဲ ဘူတာလေးတွေလည်း သက် သာ တော့ တယ်။

ဘူတာ ခြံစည်းရိုးဘေးက ထမင်းဆိုင်လေးမှာ ထမင်းစားပြီးတော့ ဘူတာပတ်ဝန်းကျင်နဲ့ အင်းစိန် ဈေးဘက်ကို လှည့်ပတ်သွားတယ်။ လမ်းမပေါ်က ကားတွေ၊ ဆိုင်ခန်းတွေကို ကြည့်ရင်း နေပြည် တော်မှာ အနေများတဲ့ မိတ်ဆွေတစ်ယောက်ကို သတိရတယ်။ တစ်လောက သူ ရန်ကုန် ရောက် လာတော့ ကျွန်တော့်ကို “ မင်းတို့က စီးပွားရေးကျပ်တယ်သာပြောတာ စားသောက်ဆိုင်ကြီးတွေ၊ ဘီယာဆိုင်တွေ၊ ဘားတွေမှာ လူတွေပြည့်နေတာပဲ၊ ဆီဈေးကြီးတယ်သာပြောတယ်။ မြို့ထဲမှာ လည်း ကားတွေများ၊လမ်းတွေပိတ်နေတာပဲ” လို့ ပြောတယ်။

ဒါနဲ့ ကျွန်တော်က “ ရန်ကုန်တိုင်းမှာ လူဦးရေ ခုနှစ်သန်းကျော်၊ ရန်ကုန်မြို့ပေါ်မှာ လူငါးသန်းကျော် ရှိတယ်။ ငါးသန်းပဲ ထားပါ။ စားသောက်ဆိုင်တွေ၊ဘားတွေမှာ ပျော်နိုင်သူ ဘယ်လောက်ရှိမလဲ၊ အလုပ်ကြောင့်မဟုတ်ဘဲ ပျော်လို့ ကားလေ ျှာက်မောင်းနေတဲ့သူ ဘယ်လောက်ရှိမလဲ။ ငါးသိန်း ရှိတယ်ဆိုရင်တောင် ကျန်တဲ့ လေးသန်းခွဲ ဘယ်လိုနေထိုင်ရုန်းကန်နေရလည်း သိအောင်လုပ်ပါဦး၊ တစ်နိုင်ငံလုံးဆိုရင်တော့ ပြောမနေနဲ့တော့။ မချိသွားဖြဲ ကို ပြုံးနေတယ် မထင်နဲ့” လို့ ရှင်းပြ လိုက်တယ်။ ဘာမှတော့ ပြန်မပြောဘူး။ ဒါပေမယ့် ခပ်စိမ်းစိမ်းပဲ နေပါ့မယ်ဖြစ်သွားလေရဲ့။

ခုံးကျော်တံတားအောက်က ဂျပန်ဈေးကို ဖြတ်၊ လမ်းမကြီးပေါ်ရောက်တော့ အင်းစိန် စက်ခေါင်း စက်ရုံဘက်ကို သွားတဲ့ လမ်းထဲကို ချိုးဝင်လိုက်တယ်။ လမ်းနာမည်ကတော့ ဘာလဲမသိဘူး။ ရပ်ကွက်ကတော့ ပိန္နဲကုန်းရပ်ကွက်လို့ ဆိုင်းဘုတ်ရေးထားတာတွေ့တယ်။

လမ်းထိပ်ဘယ်ဘက်အခြမ်းမှာ မီးရထားဆေးရုံရှိတယ်။ ဆေးသုတ်မွမ်းမံထားတယ်။ ကျွန်တော် ဓာတ်ပုံရိုက်နေတာမြင်တဲ့ သူတစ်ယောက်က ဝန်ကြီးလာစစ်ပြီး ဆူသွားလို့ ဆေးသုတ်တာ၊ အရင်က ဒီလို မဟုတ်ဘူး လို့ လှမ်း ပြောပြီး ဆေးရုံအကြောင်းစကားဆက်သွားတယ်။ အခုနောက်ပိုင်း ခရီးတွေ သွားတဲ့အခါ သတိ ထား မိတာ က လူအတော်များများမှာ ပြော ချင်တာတွေ ရင်နဲ့ အပြည့်ရှိနေပြီး စကားစပ်မိတာနဲ့ ကက်ဆက် ခလုတ်နှိပ် လိုက်သလို အဆက်မပြတ်ပြောတော့တာပဲ။ အရင်ကတော့ မီးရထား ဆေးရုံ ဆိုတာ တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းရော၊ အငြိမ်းစားဝန်ထမ်းတွေပါ အားကိုးရတဲ့ ဆေးရုံပါ။ အခု လည်း အဲဒီအတိုင်းဖြစ်မယ်ထင်ပါတယ်။

ဆေးရုံရှေ့ ကားလမ်းဘေးသစ်ပင်တစ်ပင်မှာ “ ဆင်းရဲသူများ ကယ်တင်ရေးအဖွဲ့၊ အိမ်ငှားနေသူ၊ အိမ်လခမတတ်နိုင်သူများအား အခမဲ့ နေထိုင်ခွင့်ပေးမည်။ ရေ/ မီးအစုံ ( ငွေလုံးဝမယူပါ )ဆိုတဲ့ ကြော်ငြာတွေ့တယ်။ ဖုန်းနံပါတ်လည်း ရေးထားတယ်။

ပိန္နဲကုန်းလမ်း ဘယ်ဘက်အခြမ်းက မီးရထားပိုင်မြေပဲ။ အဲဒီမြေပေါ်မှာ မီးရထားက ငှားရမ်းထားတဲ့ ဆိုင်ခန်းတွေ အပြည့်၊ ဆိုင်ခန်းတွေကြားက လမ်းသွယ်လေးထဲကို လှမ်းကြည့်လိုက်ရင် မီးရထား ဝန်ထမ်းအိမ်ယာတွေကို လှမ်းမြင်ရတယ်။ မြန်မာ့မီးရထားက အရပ်ဘက်ဌာနတွေထဲမှာ ဝန်ထမ်း အိမ်ရာအများဆုံး ဌာနတစ်ခုဖြစ်မယ်ထင်တယ်။ ဒါပေမယ့် ဝန်ထမ်းအိမ်ရာအများစုက သက်တမ်း ကုန်နေပါပြီ။ နောက်ပြီး ပြုပြင်ထိန်းသိမ်းစရိတ်လည်း မလုံလောက်တော့ ( အထူးသဖြင့် အောက် ခြေဝန်ထမ်း) အိမ်တွေက ဖာထေးပြီး နေရတာများတယ်။ ရန်ကုန်မြို့မှာ အဆောက်အဦ အိုအို၊ အခန်း ကျဉ်းကျဉ်းနဲ့ ရထားဝန်ထမ်းလိုင်းတွေ အတော်များ တယ်။ နှစ်ထပ်အိမ်အို မည်းမည်း ကြီးတွေမှာ မိသားစု သုံးလေးစု ပေါင်းပြီးနေတာလည်း မြင်ဖူး တယ်။ သိမ်ဖြူရထားလိုင်း ဆိုရင် လူတွေ ရှုပ်ထွေး ကျဉ်းကျပ်တဲ့နေရာမှာ နာမည်ကြီးပေါ့။ တစ်ချို့ဘူတာတွေမှာတော့ အဆောက် အဦသစ်တွေ တွေ့ပါရဲ့။ ဒါပေမယ့် ဆင့်ပါးစပ် နှမ်းပက်သလိုပါပဲ။

ဆိုင်ခန်းတွေဆုံးတော့ “စက်ခေါင်းစက်ရုံ အင်းစိန်” ဆိုတဲ့ ဆိုင်းဘုတ်တွေ့တယ်။ အဲဒီလမ်းအတိုင်း လေ ျှာက်ဝင်လာတော့ ညာဘက်အခြမ်းမှာ ရိပ်သာအဆောက်အဦ၊ ပြီးတော့ “အင်းစိန် စက်ခေါင်း စက်ရုံ လုပ်သားများ စာကြည့် တိုက်” ဆိုတဲ့ အဆောက်အဦတစ်ခုတွေ့တယ်။ အဆောက်အဦက အတော်ကြီးတယ်။ ဝင်းတံခါး ရော၊ အဆောက်အဦ အဝင်တံခါးရော သော့ခတ်ထားတယ်။ အတွင်း မှာ လည်း မှောင်မဲလို့၊ အပြင်က ကြည့်ရသလောက် စာအုပ် ဘီဒိုတွေဘာတွေတော့ မတွေ့ရဘူး။ အဝင်တံခါးအပေါ်မှာတော့ “ အင်းစိန်မြို့နယ် ၊ ဈေးကုန်း (အရှေ့ရပ်ကွက်) ၊ မဲရုံအမှတ်(၅) ဆိုတဲ့ ဆိုင်းဘုတ်လေးရှိတယ်။

ဖြတ်သွားတဲ့ ဝန်ထမ်းတစ်ယောက်ကို မေးကြည့်တော့ စာကြည့်တိုက် ပိတ်ထားတာ ဆယ်နှစ် ကျော်သလိုလို၊ စာအုပ်တွေကို ရုံးမှာပဲ သိမ်းထားသလိုလို ဝေေ၀ဝါးဝါး ပြောတယ်။ လမ်းစဉ် ပါတီ ခေတ် ကျွန်တော်တို့ ကျောင်းသားဘဝကတော့ အင်းစိန် စက်ခေါင်းစက်ရုံ မှာ စာပေဟောပြောပွဲ တွေ လုပ်ဖူးတယ်လို့ မှတ်မိတယ်။ အစဉ်အလာကြီးတဲ့ စာကြည့်တိုက် တွေ ပျောက်မသွား စေချင် ဘူး။

မန္တလေး မီးရထားဝင်းထဲမှာလည်း ဆရာကြီး ရွှေဥဒေါင်း စာကြည့်တိုက်ဆိုတာ ရှိတယ်။ ဆရာကြီးရဲ့ ကိုယ်တစ်ပိုင်း ရုပ်တုလည်း ရှိတယ်။ ကျွန်တော်ဝန်ကြီးဘ၀ မန္တလေးရောက်တော့ စာကြည့်တိုက်ကို သွားကြည့်ပြီး အဆောက် အဦပြင်ဖို့ လိုတာကို ကူညီခဲ့ဖူးတယ်။ အဲဒီမှာလည်း တစ်ချိန်က စာပေ ဟောပြောပွဲတွေ အကြီးအကျယ်လုပ်ခဲ့ဖူးတာပဲ။

စာကြည့်တိုက်ကို ကျော်လာတော့“ မြန်မာ့မီးရထား အင်းစိန် ရေကူးကန် နံနက်(8) မှ ညနေ (6) နာရီထိ ” ဆိုပြီး မြန်မာ- အင်္ဂလိပ် ရောရေးထားတဲ့ အဆောက်အဦတစ်ခုတွေ့တယ်။ ကျွန်တော် ရောက်တာ ရုံးဖွင့်ရက် ဖေဖော်ဝါရီ ၂၄ နေ့လယ် ၁၂ နာရီ ကျော်ကျော်ပဲရှိသေးပေမယ့် သော့ခတ် ပိတ်ထားတယ်။ ကိုဗစ် ကြောင့် လိုလို၊ ကလေးတစ်ယောက်ရေနစ်ဆုံးသွားလို့ ပိတ်ထားရသ လိုလိုပဲ။ တိတိကျကျ ပြောနိုင်သူနဲ့ တွေ့ခွင့်မရတော့လည်း လိုလိုနဲ့ပဲ ပြီးသွားတာပေါ့။

ရေကူးကန်ကျော်တော့ နှစ်ထပ်အဆောက်အဦတစ်ခု၊ “ မြန်မာ့မီးရထား စက်ခေါင်းစက်ရုံ ( အင်းစိန်) လို့ ဆိုင်းဘုတ်တင်ထားတယ်။ သံဘာဂျာတံခါးကို စိထားပြီး အပြင်မှာ ဝန်ထမ်း တစ်ယောက်၊ အထဲမှာ တစ် ယောက်ထိုင်နေတယ်။ လှုပ်ရှားမှုမရှိသလောက်ပဲ။ ထမင်းစားနား ချိန်ဖြစ်လို့ များ လားမဆိုနိုင်ဘူး။

တကယ်တော့ စက်ခေါင်းစက်ရုံက စက်မှုလုပ်ငန်းမှာ အစဉ်အလာကြီးတဲ့ စက်ရုံကြီးပါ။ လမ်းစဉ် ပါတီခေတ်ရော၊ နဝတ ခေတ် အစောပိုင်းမှာပါ အင်းစိန် စက်ခေါင်းစက်ရုံက အခြား စက်မှုကဏ္ဍ တွေအတွက်လိုအပ်တဲ့ ပစ္စည်းတွေကို ပါ တီထွင် ထုတ်လုပ်ပေးတဲ့ သတင်းတွေ ဖတ်ခဲ့ရဖူးတယ်။ ပုဂ္ဂလိက လုပ်ငန်းရှင်တွေလိုအပ်တဲ့ပစ္စည်းတွေ ပြောရင် ထုတ်လုပ် ပေးမယ်လို့တောင် ကြော်ငြာ ခဲ့ဖူးတယ်။ အဲဒီအချိန်က တီထွင်ထုတ်လုပ်မှုတွေကို ဦးဆောင်ခဲ့တဲ့ အင်ဂျင်နီယာက ဦးခင်မောင် သွင် လို့ ထင်တာပဲ၊ အမှန်သိသူများ မှတ်ချက်ရေးပြီး ပြင်ပေးကြပါ။

စက်ရုံအဆောက်အဦပြီးတာနဲ့ စက်ရုံဝင်းဆုံးပြီ။ စည်းရိုး အုတ်တံတိုင်းပေါ်မှာ လူကူး တံတား တစ်ခုရှိတယ်။ အဲဒီပေါ်ကနေ တဆင့် ဘူတာဘက်ကို ပြန်လာခဲ့တယ်။ တံတားပေါ်က ကြည့် လိုက်တော့ စက်ရုံရော၊ ဘူတာပါ တိတ်ဆိတ်ငြိမ်သက်လို့။ သံလမ်းတေ လ ျှာက်မှာတော့ နေပူရှိန် ကြောင့် တံလ ျှပ်တွေ လက် လက် ထနေတယ်။ တံလ ျှပ်ကို ရေထင်တယ်ဆိုတဲ့ ဆိုရိုးစကားရှိပေမယ့် ခုခေတ်မှာတော့ တံလ ျှပ်ကို ရေဆိုပြီး လှည့်စားလို့မရတော့ဘူး။

ဆက်လက်ဖော်ပြပါ့မယ်။

ဝန်ထမ်းအိမ်ရာသွားတဲ့ လမ်းကြားလေး

One thought on “ဘ၀ ရထား (၃)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: