ကမ္ဘာကြီး နဲ့ လှိုင်သာယာ

ပန်းခြံထဲက ဒီဆိုင်လေးဟာ လမ်းလေ ျှာက်ပြီးတိုင်း ရေသန့်ဘူး ဝယ်နေကြ ဖောက်သည် ဆိုင် လေး။ အသက်လေးဆယ်ကျော်အမျိုးသမီးတစ်ယောက်ရောင်းတယ်။ ရေသန့်ဘူး၊ အချိုရည်၊ ပေါင်မုန့်ဘာညာ ရတယ်။ ခိုစာကျွေးလို့ရတယ်။ ဒါပေမယ့် သူပိုင်တဲ့ဆိုင်တော့ မဟုတ်ဘူး။ ဒီပန်းခြံထဲမှာ ကန်ထရိုက်ရထားတဲ့လုပ်ငန်းရှင်က ဖွင့်ထားတဲ့ဆိုင်၊ သူက အရောင်းသမားပေါ့။ ဒီနေ့မနက် ကျွန်တော်ကလည်း စောစောလမ်းလေ ျှာက်တာပြီး၊ သူ့ဆိုင်မှာလည်း လူရှင်း နေတော့ ဘယ်ကနေ လာရောင်းတာလဲ၊ ရောင်းရ ဝယ်ရ တာအဆင်ပြေ လား ဆိုပြီး မေးလိုက်တဲ့အခါ သူ့ဘ၀ ကက်ဆက်ဇာတ်လမ်းကို အခုလို ကြားခဲ့ရတယ်။

နေတာက လှိုင်သာယာမှာ။ ကျွန်မတို့ ရပ်ကွက်က တစ်ထိပ်မှတ်တိုင်ကနေ အထဲကို အတော် တော် ဝင်ရတယ်။ တစ်ထိပ် မှတ်တိုင်ဆိုတာက အောင်ဇေယျတံတားအဆင်းမှာ ရှိတဲ့ ဘတ်စ်ကား မှတ်တိုင်ကိုပြောတာ။

အိမ်မှာ ကျွန်မတို့လင်မယားနှစ်ယောက်ရယ်၊ အမေရယ်၊ သမီးရယ်၊ လေးယောက်ရှိတယ်။ အိမ်က အမေ့အိမ်၊ အိမ်ငှားမနေရလို့ တော်သေးတယ်။ ယောက်ျားက စက်ရုံမှာ လုပ်တယ်။ တစ်နေ့လုပ် တစ်နေ့နား၊ နားတဲ့နေ့ဆို ကြားပေါက် အလုပ် လုပ်ပေါ့။ သူ့လခက တစ်သိန်းရှစ်သောင်း။ ကျွန်မက နေ့စား၊ တစ်နေ့ ခုနှစ်ထောင်ရတယ်။ အရင်က ပန်းခြံတွေမှာ လူအလာများတော့ ရောင်းကောင်းတယ်။ အဲဒီလို နေ့တွေဆို သူဌေးက ဘောက်ဆူးပေးတာပေါ့။ အခုတော့ အရောင်းပါးလွန်းတော့ ကိုယ်ကတောင် သူဌေးကို ပြန်အားနာနေရ တယ်။

ကျွန်မက ယောကျ်ားထက် လစာပိုရတယ်ဆိုပေမယ့် မကိုက်ပါဘူး။ သူက စက်ရုံကို စက်ဘီး နဲ့ သွားလို့ရတယ်။ ကျွန်မက အိမ်ကနေ ကားဂိတ်အထိ ဆိုင်ကယ်ကယ်ရီနဲ့ လာရတယ်။ ပြီးတော့ ဘတ်စ်ကားစီးရတယ်။ အရင်က ကယ်ရီခ ငါးရာ၊ ကားခ နှစ်ရာ၊ တစ်နေ့ သွားပြန် တစ်ထောင့်လေးရာ ကုန်တယ်။ အခု ဆီဈေးတက်တော့ ကယ်ရီခက ခုနှစ်ရာ၊ ကားခက သုံးရာ၊ တစ်နေ့ သွားပြန် နှစ်ထောင်ဖြစ်နေပြီ။ ဒါတောင် ဝိုင်ဘီအက်စ်က ဈေးတက်ဦးမယ်လို့ပြောနေ တယ်။

ဘယ်လိုနေ၊ ဘယ်လို စားနေသလဲဆိုတော့ ဖြစ်သလို၊ အဆင်ပြေသလို စားနေရတာပဲ။ အမေက အသက် ရှစ်ဆယ်နားနီးနေပြီဆိုတော့ ဆန်မာမစားနိုင်ဘူး။ ဒါပေမယ့် ဆန်ချောသက်သက်လည်း ချက်မစား နိုင်ဘူး။ ဒီတော့ ဆန်မာနဲ့ ဆန်ချော ရော ချက်ရတယ်။ ဆန်မာက အရင်က တစ်ပြည် တစ်ထောင်၊ အခု ထောင့်ငါးရာ၊ ဆန်ချောက အရင်က နှစ်ထောင့်ငါးရာ၊ အခု နှစ်ထောင့်ရှစ်ရာ၊ အခု တစ်လော ရဲဘော်တွေ လာဝေလို့ ဆန်တစ်အိတ် ရထားတယ်။ ဆန်မာ ဝယ်ဖို့ မလို တော့ နည်းနည်းခံသာတယ်။

ဟင်းချက်ဆီလား၊ ထုံးစံအတိုင်း စားအုန်းဆီပဲပေါ့။ အောင်မယ်လေး၊ ပိဿာဈေးမသိပါဘူး။ ကျွန် မတို့က ရေသန့်ဘူးနဲ့ပဲ ဝယ်စားတာ။ မနှစ်က ရေသန့်တစ်ဘူး ၁၈၀၀၊ ၂၀၀၀ ကနေ တက်လာ လိုက်တာ အခု ၄၈၀၀ ဘယ်လိုလုပ်မလဲ။

ကျွန်တော်က ကြားဖြတ်ပြီး ကျွန်တော်တို့ လူမျိုးတွေ ဆီစားတာများနေတယ်၊ ချွေတာစားရမယ် လို့ သတင်းစာထဲမှာပါတယ်လို့ ပြောလိုက်တော့ သူ့အကြည့်က ချက်ခြင်းပြောင်းသွားတယ်။ အနားမှာ ရှိနေတဲ့ ရေသန့်ဘူးနဲ့ ကောက်ပေါက်ချင်တဲ့ပုံပဲ။

ဆီချွေတာစား ဟုတ်လား၊ ဒီထက်ချွေတာရဦးမလား၊ ကြက်ဥတောင် ကြော်မစားတာကြာပြီ။ ပြုတ်စားနေရတယ်။ ဟင်းချက်ရင် ရေသန့်ဘူး အဖုံးနဲ့ ချင်ထည့်နေရတယ်။ ပဲပြုတ်ထဲ ထည့် ဖို့တောင် ပုလင်းကို လက်မနဲ့ပိတ်ပြီး မွှေ့တာ နောက်ဆုံးမှ ဆီက ခေါင်းမူးပြီး တစ်စက် နှစ်စက် ပဲ ကျတော့တယ်။ ထမင်းဆီဆမ်း စားဖို့ဆိုတာ ဝေလာဝေးပဲ။

ဟင်းကတော့ ငါးပိရည်၊ တို့စရာက ပင်တိုင်ပဲ။ အသားဟင်းက တစ်ပတ် မှ တစ်ခါ ၊ နှစ်ခါ စားနိုင်တာ။ အရင်က အသား၊ ငါး ၁၀၀၀ ဖိုး၊ ၁၅၀၀ ဖိုးဝယ်လို့ရတယ်။ အခု ၂၀၀၀ ဖိုး က လေးယောက်စားမလောက်ဘူး။ နှစ်ထောင့်ငါးရာဖိုးမှာ စားလောက်ရုံပဲ။

ကြက်ဥက တစ်ခါပြုတ်ရင် ငါးလုံး။ အမေက နှစ်လုံး။ကျန်တဲ့သူတွေက တစ်လုံးစီ။ ကြက်ဥ ဈေးက အရင်က ၁၁၀၊ အခု ၁၅၀။ ဘာ့ကြောင့်ဈေးတက်သလဲ မေးလိုက်ရင် ဒေါ်လာဈေးတက်လို့ ဆီဈေး တက်လို့ ပြောတာပဲ။

ကျွန်တော်တို့ စကားပြောနေချိန်မှာ လူငယ်စုံတွဲလေး ရောက်လာတယ်။ သပ်သပ်ရပ်ရပ်၊ လှလှ ပပ ဝတ်စားထားတယ်။ ပေါင်မုန့်ဝယ်တယ်။ တစ်လုံး ငါးရာဆိုတော့ နှစ်ထောင်ဖိုး ငါးလုံး ထား ဆိုပြီး ဆစ်တယ်။ ဈေးသည်အမကြီးကလည်း သူဌေးချပေးတဲ့ ဈေးအတိုင်းရောင်းရတာပါ၊ မုန့် တွေကလည်းဈေးတက်တယ်ဆိုပြီး ဒေါ်လာဈေး၊ ဆီဈေး ကို ကိုးကားပြီး ငါးလုံးပေးလို့ မရ ကြောင်းရှင်းတမ်းထုတ်တယ်။ နောက်ဆုံးတော့ လေးလုံး နှစ်ထောင်နဲ့ပဲ ဝယ်သွားလေရဲ့။

ဈေးဝယ်နှစ်ယောက်ထွက်သွားတော့ အမကြီးက စကားဆက်တယ်။

အသားတင်ဈေးတက်တာမဟုတ်ဘူး။ ဟင်းသီးဟင်းရွက်လည်း တက်တာပဲ။ ကန်စွန်းရွက် တောင် အရင်က ငါးရာဖိုးနှစ်စည်း ၊ အခု တစ်ထောင်ဖိုး သုံးစည်းဖြစ်သွားပြီ။ ဟင်းမချက်နိုင်လို့ အသုပ် စုံ ကို ဟင်းလုပ်စားတော့လည်း အရင်က မုန့်ဖတ်သက်သက် အလွတ်တစ်ပွဲ ၃၀၀၊ အခု ၄၀၀၊ တို့ဟူးတွေ ဘာတွေထည့်ရင် အလွတ်တစ်ပွဲ ၅၀၀၊ အခု ၆၀၀၊ အကြော်ပါရင် အရင်က ၆၀၀၊ အခု ၇၀၀။ အကုန်တက်နေတာပဲ။

ဈေးသည်အမျိုးသမီးက ကုန်ဈေးနှုန်းတက်တဲ့ အကြောင်းပဲ ပြောနေတော့ ကျွန်တော် ကြားဝင် ပြောဖို့ဖြစ်လာတယ်။ ကျွန်တော်က ကြေးမုံ နဲ့ မြန်မာ့အလင်းကို နေ့တိုင်းဖတ်နေတဲ့ အတွက် ဘာ့ကြောင့်ကုန်ဈေးနှုန်းတက်တယ်ဆိုတာကို ကမ္ဘာ့အရေး ၊ မြန်မာ့အရေးတွေနဲ့ ယှဉ်ပြီး ပြော တာ၊ ရေးတာတွေကို ဖတ်နေရတာကိုး။

ဒါ့ကြောင့် သူ့စကားကို ဖြတ်ပြီး “အမကြီးရဲ့၊ ကုန်ဈေးနှုန်းတက်တယ်ဆိုတာက ကျွန်တော်တို့ တစ်နိုင်ငံတည်းမဟုတ်ဘူး။ ယူကရိန်းစစ်ပွဲကြောင့် ရေနံဈေးက xx ”

ကျွန်တော့်စကား မဆုံးလိုက်ဘူး။ ဈေးသည်အမျိုးသမီး က ကြားဖြတ်ပြီး

“ ဦးလေးရဲ့ ၊ ကျွန်မကတော့ ကမ္ဘာကြီးကို မသိဘူး။ လှိုင်သာယာပဲ သိတယ်။ လှိုင်သာယာမှာ အကုန် ဈေး တက်တယ်။ ကျွန်မ လစာ မတိုးဘူး။ ယောက်ျား စက်ရုံကလည်း ပိတ်တော့မလိုလို ၊ အဲဒီ အလုပ်ပြုတ်ရင် ဘာလုပ်စားရမလဲမသိဘူး။ အလုပ်ကလည်း ရှားလိုက်တာ။ ဘယ်လို လုပ်မလဲ”

လို့ ပြောလိုက်တယ်။

အမျိုးသမီးရဲ့ ညာဖြောင့်လက်သီးချက်ကြောင့် ကျွန်တော် ဖင်ထိုင်ကျသွားတယ်။ ဘာလုပ်ရမှန်း၊ ဘာပြန်ပြောရမှန်းမသိဘူး။ ဒါနဲ့ နှုတ်ဆက်ပြီးထွက်ခဲ့တယ်။ ဒါပေမယ့် ပါးစပ်ကတော့

“ကမ္ဘာကြီးကို မသိဘူး။ လှိုင်သာယာ ပဲ သိတယ်” ဆိုတဲ့ စကားကိုပဲ ရွတ်နေမိတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: