ယူကရိန်းစစ်ပွဲဖြစ်တော့ မြန်မာတွေကြားမှာလည်း ဘယ်သူမှန်လဲ။ ဘယ်သူ့ထောက်ခံမလဲ ငြင်းကြ ပြန်ရော။ မြန်မာနိုင်ငံသား ပုဂ္ဂိုလ်တစ်ဦးချင်းအနေနဲ့ ယူကရိန်းနဲ့ ရုရှား ကြိုက် တဲ့ ဘက်ကို ထောက်ခံလို့ရတယ်။ အားပေးလို့ရတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက ဘယ်လိုရပ်တည် ရမလဲ ဆိုတာကို ဆုံးဖြတ်နိုင်ဖို့ ဆိုရင် မြန်မာ့နိုင်ငံခြားရေးဝါဒကို သိဖို့လိုပါတယ်။
၁၉ ၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရတဲ့အချိန်ကစလို့ ဒီနေ့အထိ ဘယ်အစိုးရ တက်တက် ၊ နိုင်ငံရေးစနစ် ဘယ်လိုပြောင်းပြောင်း၊ အုပ်ချုပ်ပုံစနစ် ဘယ်လိုဖြစ်ဖြစ်၊ မပြောင်းလဲတာ တစ်ခု ပဲရှိတယ်။ အဲဒါကတော့ အစိုးရတိုင်းက နိုင်ငံခြားရေးဝါဒနဲ့ပတ်သက်ရင် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေးမူကြီးငါးချက် နဲ့ နိုင်ငံတကာရေးရာတွေမှာ ကြားနေတဲ့ ၊ ဘက်မလိုက်တဲ့ ဝါဒကို ကျင့်သုံး တဲ့အချက် ပဲဖြစ် ပါတယ်။ ဒီအချက်ကို မြန်မာအစိုးရ အဆက် ဆက်ရဲ့ နိုင်ငံခြားရေးဝါဒများမှာ အောက်ပါအတိုင်းတွေ့ရပါတယ်-
ဖြောင့်မတ်သောကြားနေရေးဝါဒ
ဖဆပလ အစိုးရ လက်ထက်မှာ ကျင့်သုံးခဲ့တဲ့ နိုင်ငံခြားရေးဝါဒဖြစ်ပါတယ်။
ဝန်ကြီးချုပ် ဦးနုက “ ဖြောင့်မတ်သောနိုင်ငံခြားရေးဝါဒကို “ ကမ္ဘာ့ရေးရာပြဿနာတစ်ခုခု ပေါ်ပေါက်လာတဲ့အခါ ကိုယ်ကျိုးကို မငှဲ့ဘဲ၊ ဘယ်သူ့မျက်နှာကိုမှ မထောက်ထားဘဲ၊ မိတ်ဆွေ ရယ်၊ ရန်သူရယ်လို့ မခွဲခြားဘဲ ဓမ္မ အဓိဋ္ဌာန်နဲ့ စဉ်းစားဝေဖန်ပြီး ကျွန်တော်တို့ မှန်တယ်ထင်တာ ကို ဆုံးဖြတ်ရဲတဲ့ သတ္တိ” ဆိုပြီး ဖွင့်ဆိုခဲ့တယ်။
လွတ်လပ်ပြီးစ မြန်မာနိုင်ငံက ကြားနေရေးဝါဒကို နိုင်ငံခြားရေးဝါဒအဖြစ် လက်ခံကျင့်သုံးခဲ့ ရတဲ့ အကြောင်းအရင်းကို ဝန်ကြီးချုပ်ဦးနုက မြန်မာနိုင်ငံအပေါ် အရှေ့အုပ်စု ရော၊ အနောက်အုပ်စု ရောက တစ်ဘက်အုပ်စုရဲ့ လက်ကိုင်တုတ်လို့ အထင်လွဲမှုတွေ ရှိခဲ့တဲ့ အတွက် ဖြောင့်မတ် သောကြားနေရေးဝါဒ၊ နိုင်ငံတကာနဲ့ ချစ်ကြည်ရေးတည်ဆောက်မှု၊ ကမ္ဘာ့ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှု တို့ကို နိုင်ငံခြားရေးဝါဒအဖြစ် ကျင့်သုံးခဲ့ရတယ်လို့ရှင်းပြခဲ့ ဖူးတယ်။
ဖဆပလ အစိုးရလက်ထက်မှာ အရေးကြီးဆုံး နိုင်ငံခြားရေးမူဝါဒ အောင်မြင်မှုကတော့ ဘန်ဒေါင်း ညီလာခံနဲ့ ဘက်မလိုက်လှုပ်ရှားမှု Non-Aligned Movement (NAM) ကို ဦးဆောင်တဲ့နိုင်ငံအဖြစ် ပါဝင်နိုင်ခြင်းပဲဖြစ်ပါတယ်။
၁၉ ၅၄ ခုနှစ် ဧပြီလ မှာ အိန္ဒိယ၊ သီရိလင်္ကာ( သီဟိုဠ်) ၊ မြန်မာ၊ ပါကစ္စတန် နဲ့ အင်ဒိုနီးရှား ငါးနိုင်ငံက ခေါင်းဆောင်တွေ သီရိလင်္ကာနိုင်ငံမြို့တော် ကိုလံဘို မှာ အစည်းအဝေးလုပ် တယ်။ အဲဒီအစည်းအဝေးကနေ လွတ်လပ်ပြီးစ အာရှ- အာဖရိက နိုင်ငံများအစည်းအဝေးတစ်ခု ကျင်းပ ပြီး အရှေ့၊ အနောက် အုပ်စုတိုက်ပွဲတွေကြားမပါဘဲ ကမ္ဘာ့ ငြိမ်းချမ်းရေး အတွက် အဖြေရှာဖို့ ဆုံးဖြတ်ခဲ့တယ်။
အဲဒီဆုံးဖြတ်ချက်အရ ၁၉ ၅၅ ခုနှစ် ဧပြီလ ၁၈ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ အင်ဒိုနီးရှား နိုင်ငံ ဘန်ဒေါင်းမြို့မှာ အာရှ-အာဖရိက နိုင်ငံများ အစည်းအဝေးကို ကျင်းပတယ်။ နိုင်ငံ ပေါင်း ၂၉ နိုင်ငံတက်တယ်။ အဲဒီညီလာခံက ဘက်မလိုက်လှုပ်ရှားမှုကို စတင်ဖြစ်ပေါ်စေပြီး ၁၉ ၆၁ ခုနှစ် စက်တင်ဘာလ မှာ ဘက်မလိုက်လှုပ်ရှားမှု ပထမအကြိမ်အစည်းအဝေးကို ယူဂိုဆလားဗီးယား နိုင်ငံ၊ ဘဲလ်ဂရိတ်မြို့မှာ ကျင်းပနိုင်ခဲ့တယ်။
၁၉ ၅၅ ခုနှစ် ဘန်ဒေါင်းညီလာခံက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ရေးမူကြီးငါးချက် ကို ညီလာခံဆုံးဖြတ်ချက်မှာ ထည့်သွင်းဖော်ပြခဲ့တယ်။ အဲဒီငါးချက်က
၁။ တစ်နိုင်ငံ၏ နယ်မြေတည်တံ့မှုနှင့် အချုပ်အခြာအာဏာပိုင်မှုကို တစ်နိုင်ငံ က လေးစားရန်။
၂။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကျူးကျော်တိုက်ခိုက်မှုမပြုရန်။
၃။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်။
၄။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ တန်းတူ ရှိရန် နှင့် နှစ်ဦးနှစ်ဘက် အကျိုးဖြစ်ထွန်းစေရန်။
၅။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ ထိုင်ရန် တို့ဖြစ်ပါတယ်။
ဒီမူငါးချက်ဟာ ဒီကနေ့အချိန်ထိ မြန်မာ့ နိုင်ငံခြားရေးမူဝါဒရဲ့ အခြေခံမဏ္ဍိုင်အဖြစ်ရှိနေတုန်းပဲ။
တိကျမှန်ကန်သော ကြားနေရေးဝါဒ
တော်လှန်ရေးကောင်စီရဲ့ နိုင်ငံခြားရေးဝါဒဖြစ်ပါတယ်။
၁၉ ၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တပ်မတော်က အာဏာသိမ်း ပြီးတဲ့နောက် တော်လှန်ရေး ကောင်စီက ဖဆပလ အစိုးရချမှတ်ခဲ့တဲ့ ကြားနေရေး ဝါဒ နဲ့ ငြိမ်းချမ်း စွာအတူယှဉ်တွဲနေထိုင်ရေးမူဝါဒ ကိုပဲ ဆက်လက် ကျင့်သုံးမယ်လို့ ထုတ်ပြန် ကြေညာခဲ့တယ်။ အခေါ်အဝေါ်ကိုတော့ “တိကျ မှန်ကန်သောကြား နေ ရေးဝါဒ” လို့သုံးတယ်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက “ တိကျမှန်ကန်တဲ့ ကြားနေရေးဝါဒ ဆိုတာ နိုင်ငံတကာ အရေးအခင်းတွေနဲ့ပတ်သက်ရင် အကောင်းနဲ့ အဆိုး၊ အမှားနဲ့ အမှန် ကြားမှာ ကြားနေတဲ့ မူဝါဒမဟုတ်ဘူး။ အကောင်းကို ထောက်ခံ၊ အဆိုးကို ဆန့်ကျင်တဲ့ ဝါဒ၊ ဘယ်အုပ်စုမှာမှ မပါဘဲ နိုင်ငံတကာရေးရာတွေမှာ မိမိဘာသာ လွတ်လပ်စွာ အမှန်တရားဘက်က ရပ်တည်စဉ်းစား ဆုံးဖြတ် ဆောင်ရွက်တဲ့ မူဝါဒဖြစ်တယ်လို့” ဖွင့်ဆိုခဲ့တယ်။
လွတ်လပ်သောနိုင်ငံခြားရေးဝါဒ
၁၉ ၇၄ အခြေခံဥပဒေမှာ ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံခြားရေးဝါဒ ဖြစ်ပါတယ်။
တော်လှန်ရေးကောင်စီအစိုးရ လက်ထက်မှာပဲ ဘက်မလိုက်လှုပ်ရှားမှု အတွင်းမှာ မော်စီတုန်းရဲ့ ကမ္ဘာသုံးခု အယူအဆကို အခြေခံပြီး ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့ ကို တတိယကမ္ဘာအုပ်စု အဖြစ် အရှေ့အုပ်စု၊ အနောက်အုပ်စု တို့နဲ့ အပြိုင် ဖွဲ့စည်းဖို့ ကြိုးစားတဲ့ နိုင်ငံတွေပေါ်ပေါက် လာခဲ့တယ်။
မြန်မာနိုင်ငံကတော့ အဲဒီလို အုပ်စုဖွဲ့စည်းတာကို ဆန့်ကျင်ခဲ့တယ်။ ၁၉ ၆၉ ခုနှစ်မှာ ကျင်းပတဲ့ တတိယအကြိမ် ဘက်မလိုက်လှုပ်ရှားမှု အစည်းအဝေးအကြိုညှိနှိုင်းပွဲမှာ မြန်မာကိုယ်စား လှယ် အဖွဲ့က “ မြန်မာနိုင်ငံက ဘက်မလိုက်နိုင်ငံများအနေနဲ့ တတိယကမ္ဘာ အုပ်စု ဖွဲ့စည်း တာကို သဘောမတူကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြားရေးရာမှာ အုပ်စုတစ်ခုခုတွင် ပါဝင် နေရခြင်း သို့မဟုတ် နှောင်ဖွဲ့နေရခြင်းကို မလိုလားကြောင်း ” အတိအလင်းပြောကြားခဲ့တယ်။ ဒါ့ အပြင် ၁၉ ၇၀ ပြည့်နှစ် မှာ ကျင်းပတဲ့ တတိယအကြိမ် ဘက်မလိုက်လှုပ်ရှားမှု အစည်း အဝေး ကို လည်း နိုင်ငံတကာအခြေအနေ တိုးတက်ကောင်းမွန်ရေးအတွက် အထောက်အကူ ပြု နိုင်မယ့် အခြေအနေ မရှိဘူးလို့ သုံးသပ်ပြီး တက်ရောက်ခြင်းမပြုခဲ့ဘူး။
၁၉ ၇၁ ခုနှစ် ပထမအကြိမ် ပါတီညီလာခံမှာတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒကို “လွတ်လပ် သော နိုင်ငံခြားရေးဝါဒ” လို့ တရားဝင် ပြင်ဆင်သတ်မှတ်ခဲ့တယ်။ ၁၉ ၇၄ ခုနှစ် အခြေခံဥပဒေ ပုဒ်မ ၂၆ မှာလည်း “ နိုင်ငံတော်သည် လွတ်လပ်သောနိုင်ငံခြားရေးမူဝါဒကို အစဉ်တစိုက် ကျင့်သုံး၍ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေး ကို ရှေ့ရှုသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းသည်။” လို့ ပြဋ္ဌာန်းခဲ့တယ်။
လမ်းစဉ်ပါတီက “ လွတ်လပ်သော နိုင်ငံခြားရေးဝါဒ” ဆိုတာ “ တိကျမှန်ကန်သော ကြားနေ ရေးဝါဒ” ကို ပစ်ပယ်တာမဟုတ်ဘူး။ ကမ္ဘာ့ရေးရာတွေနဲ့ပတ်သက်ပြီး အမှန်တရားဘက်က အစဉ် လွတ်လပ်စွာ ရပ်တည်ဆုံးဖြတ်ဆောင်ရွက်နေတာကို ပိုမို တိကျမှန်ကန်စွာဖော်ပြနိုင်ဖို့အတွက် ပြင်ဆင်ခေါ်ဝေါ်ခြင်း ဖြစ်တယ်လို့ ရှင်းလင်းခဲ့တယ်။
မြန်မာအစိုးရရဲ့ လွတ်လပ်သောနိုင်ငံခြားရေးဝါဒ အခိုင်အမာကျင့်သုံးမှုကို ဘက်မလိုက်လှုပ်ရှားမှု ကနေ နုတ်ထွက်တဲ့ဖြစ်စဉ်မှာ အထင်အရှားတွေ့ခဲ့ရတယ်။ ၁၉ ၇၉ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့ကနေ ၉ ရက်နေ့အထိ ကျူးဘားနိုင်ငံ ဟာဗာနာမြို့တော်မှာ ကျင်းပတဲ့ ဆဌမ အကြိမ်မြောက် ဘက်မလိုက်လှုပ်ရှားမှု အစည်းအဝေး မှာ မြန်မာကိုယ်စားလှယ်အဖွဲ့က ဘက်မလိုက် လှုပ်ရှားမှုရဲ့ အခြေခံမူတွေ ပျက်ပြားနေပြီး ဆိုဗီယက် အုပ်စု ဘက်ကို ယိမ်းယိုင် နေတာကို ပြင်ဆင်ဖို့အတွက်တောင်းဆိုခဲ့ပေမယ့် မအောင်မြင်ဘူး။
ဒါ့ကြောင့် အဲဒီနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ ကုလသမဂ္ဂ အထွေထွေညီလာခံအစည်း အဝေး မှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးမြင့်မောင်က ဘက်မလိုက်လှုပ်ရှားမှုဟာ မူလ အခြေခံမူတွေက နေ သွေဖည်လာတဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ ဘက်မလိုက်လှုပ်ရှားမှု ကနေ နုတ်ထွက် ကြောင်းကြေညာခဲ့တယ်။ ( နဝတ အစိုးရလက်ထက် ၁၉ ၉ ၂ ခုနှစ်မှာ ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့ကို ပြန်လည်ဝင်ရောက်ခဲ့တယ်။ )
လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးဝါဒ
၁၉ ၈၁ ခုနှစ်မှာ ကျင်းပတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ စတုတ္ထအကြိမ်ပါတီညီလာခံ က အတည်ပြုခဲ့တဲ့ နိုင်ငံခြားရေးမူဝါဒဖြစ်ပါတယ်။ ဒါပေမယ့် အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ “ လွတ်လပ်သောနိုင်ငံခြားရေးဝါဒ” ဆိုတဲ့ စကားရပ်ကိုတော့ ပြန်လည် ပြင်ဆင်ခဲ့ခြင်းမရှိဘူး။
ပါတီညီလာခံမှာတင်သွင်းတဲ့ ဗဟိုကော်မတီ ရဲ့ နိုင်ငံ ရေးအစီရင်ခံစာမှာ “လွတ်လပ်၍ တက်ကြွသောနိုင်ငံခြားရေးမူဝါဒ” ရဲ့ အခြေခံမူတွေအဖြစ် အချက် ရှစ်ချက်ကို ဖော်ပြခဲ့တယ်။ အဲဒီရှစ်ချက်ရဲ့ အနှစ်ချုပ်ကတော့ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးမူငါးချက်ကို ထိန်းသိမ်းခြင်း၊ ကမ္ဘာ့ရေးရာများမှာ ဘက်မလိုက်ဘဲ အမှန်တရားကို လွတ်လပ်စွာ ဆုံးဖြတ် ရပ်တည်ခြင်း၊ နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီး စွာဆက်ဆံခြင်း၊ကုလသမဂ္ဂမှာ တက်ကြွစွာ ပါဝင်ခြင်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကို လွတ်လပ်သောနိုင်ငံခြားရေးဝါဒနှင့် အညီ ဆောင်ရွက်ခြင်း၊ ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် တက်ကြွစွာဆောင်ရွက်ခြင်း နဲ့ နှောင်ကြိုးမပါသော ပြည်ပအကူအညီများကို လက်ခံရယူခြင်းတို့ဖြစ်ပါတယ်။
၁၉ ၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့ တပ်မတော်က အာဏာသိမ်း ပြီးတဲ့နောက် နဝတ ကြေညာချက်အမှတ် ၃/ ၈၈ နဲ့ မြန်မာနိုင်ငံဟာ “ လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေး ဝါဒ” ကို ဆက်လက် ကျင့်သုံးမယ်လို့ ကြေညာခဲ့တယ်။
ဒါပေမယ့် မြန်မာ့နိုင်ငံရေးအခြေအနေကို အကြောင်းပြုပြီး အနောက်အုပ်စုနိုင်ငံတွေနဲ့ ဆက်ဆံ ရေး အဆင်မပြေတဲ့အတွက် နိုင်ငံအားလုံးနဲ့ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေး ဆိုတာကိုတော့ အပြည့်အ၀ အကောင်အထည်မဖော်နိုင်ဘူး။
မြန်မာနိုင်ငံဘက်ကလည်း မြန်မာနိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ ဝေဖန်မှု အားလုံးကို “နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုရ” ဆိုတဲ့ အထိုင်ပေါ်ကနေ ဆန့်ကျင်ခုခံခဲ့တယ်။
နဝတ/နယက အစိုးရ လက်ထက်မှာ ထူးခြားတဲ့ နိုင်ငံခြားရေးဝါဒ အပြောင်းအလဲကတော့ ၁၉ ၉ ၇ ခုနှစ်မှာ အာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့တာပါပဲ။
အာဆီယံအဖွဲ့ကို ၁၉ ၆၇ ခုနှစ်မှာ တည်ထောင် ချိန်ထဲက မြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ်ပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒီအချိန်က အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ထိုင်း နဲ့ ဖိလစ်ပိုင်မှာ အမေရိကန်စစ်အခြေစိုက်စခန်းတွေရှိနေတာ ကြောင့် တော်လှန်ရေးကောင်စီအစိုးရ က အာဆီယံအဖွဲ့မှာပါဝင်လိုက်ရင် အနောက်အုပ်စုဘက်ယိမ်းတဲ့ သဘောဖြစ်သွားနိုင်တယ်လို့ သုံးသပ်ပြီး အာဆီယံမှာ ပါဝင်ဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။
စစ်အေးခေတ်လွန်ကာလမှာတော့ ထိုင်းနဲ့ ဖိလစ်ပိုင်မှာ အမေရိကန်အမြဲတမ်းအခြေစိုက်စခန်း တွေ မရှိတော့တဲ့အပြင် ဗီယက်နမ်၊ လာအို နဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ကလည်း အာဆီယံ အဖွဲ့ ဝင်အဖြစ်ပါဝင်ဖို့ ဆောင်ရွက်လာတဲ့ အခြေအနေကြောင့် မြန်မာနိုင်ငံကလည်း အာဆီယံ အဖွဲ့ ဝင်အဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။
လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ နိုင်ငံခြားရေးဝါဒဖြစ်ပါတယ်။
အခြေခံဥပဒေ ပုဒ်မ ၄၁ မှာ “ နိုင်ငံတော်သည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒကို ကျင့်သုံးသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်း ချင်း မိတ်ဝတ် မပျက်ပေါင်းဖက် ဆက်ဆံရေးကို ရှေ့ရှုသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေးမူများကို စောင့်ထိန်းသည်။” လို့ ပြဋ္ဌာန်းခဲ့တယ်။ ဒီပုဒ်မကတော့ လွတ်လပ်ရေး ရချိန် ကစပြီး ကျင့်သုံးခဲ့တဲ့ နိုင်ငံခြားရေးဝါဒတစ်ခုလုံးကို ခြုံငုံပြီးဖော်ပြလိုက်တာဖြစ်တဲ့အတွက် သီးခြား အနက်ဖွင့်ဖို့တောင်မလိုတော့ဘူး။
ဒါ့အပြင် ပုဒ်မ ၄၂ (ခ) မှာ “နိုင်ငံတော်အတွင်း မည်သည့်နိုင်ငံခြား တပ်ဖွဲ့ကို မ ျှ တပ်ချခွင့် မပြု။” ဆိုပြီး ထပ်ပြဋ္ဌာန်းထားတယ်။ ဒီအချက်က ၁၉ ၆၁ ခုနှစ် ဘက်မလိုက်နိုင်ငံများအဖွဲ့ ပထမအကြိမ် အစည်းအဝေးမှာ သတ်မှတ်ခဲ့တဲ့ “ဘက်မလိုက်နိုင်ငံ” စံ ငါးချက်ထဲက နံပါတ်ငါး အချက် နဲ့အတူတူပဲဖြစ်ပါတယ်။
ဒီနိုင်ငံခြားရေးဝါဒကို ၂၀၀၈ အခြေခံဥပဒေအရ ပေါ်ပေါက်လာခဲ့တဲ့ ပြည်ခိုင်ဖြိုး အစိုးရ ရော၊ အင်န်အယ်လ်ဒီအစိုးရရော လိုက်နာခဲ့တယ်။ နစက အစိုးရကလည်း သူ့ကိုယ်သူ အခြေခံဥပ ဒေနဲ့ အညီ ပေါ်ပေါက်လာတယ်လို့ ပြောရင် အခြေခံဥပဒေပါ နိုင်ငံခြားရေးဝါဒ ကို လိုက်နာ ရမှာပဲ။
သုံးသပ်ချက်
၁၉ ၄၈ ခုနှစ် လွတ်လပ်ရေးရချိန်ကနေ ဒီနေ့အထိ ကျင့်သုံးခဲ့တဲ့ မြန်မာ့နိုင်ငံခြားရေးဝါဒ ဟာ နာမည် အမျိုးမျိုးပြောင်းခဲ့ပေမယ့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူငါးချက် ကို လိုက်နာတာ၊ နိုင်ငံတကာအရေးအခင်းတွေမှာ ဘက်မလိုက်ဘဲ လွတ်လပ်စွာ ရပ်တည်တာတွေကတော့ ပြောင်းလဲမှုမရှိတာ ကို တွေ့ရမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့်မြန်မာအစိုးရအဆက်ဆက်ဟာ နိုင်ငံအချင်းချင်းကျူးကျော်တိုက်ခိုက်မှုမျိုးတွေကို လက်မခံခဲ့ဘူး။ ဥပမာအားဖြင့် ၁၉ ၆၈ ခုနှစ်မှာ ဆိုဗီယက် ပြည်ထောင်စုက ချက်ကိုစလို ဗက်ကီးယားနိုင်ငံကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ အချိန်မှာ ဆိုဗီယက် နဲ့ မိတ်ဆွေဖြစ်နေပေမယ့် တော်လှန်ရေး ကောင်စီက နိုင်ငံအချင်းချင်း ဖြစ်ပွားနေတဲ့ နိုင်ငံရေးပြဿနာကို အင်အားသုံး ဖြေရှင်းတဲ့ အပေါ် ဆန့်ကျင်ကြောင်းနဲ့ ဆိုဗီယက် တပ်ဖွဲ့တွေ အမြန်ရုပ်သိမ်းဖို့ တောင်းဆို ကြောင်း ကြေညာချက် ထုတ်ခဲ့တယ်။ တပ်မတော် အစိုးရ လက်ထက်မှာလည်း ဒီအခြေခံမူအပေါ် ရပ်တည်ပြီး ၂၀၀၃ ခုနှစ် အမေရိကန်ရဲ့ အီရတ်စစ်ပွဲ ကို ဆန့်ကျင်ခဲ့တာပဲ။
အခု ယူကရိန်းစစ်ပွဲမှာလည်း ယူကရိန်းနိုင်ငံဟာ အရင်က ဘာဖြစ်ခဲ့ ဖြစ်ခဲ့ လက်ရှိ အချိန်မှာ ကုလသမဂ္ဂ အဖွဲ့ဝင် အချုပ်အခြာအာဏာပိုင် နိုင်ငံ ဖြစ်တယ်။ ဒီလိုနိုင်ငံကို ကျူးကျော် တိုက်ခိုက် တာဟာ မြန်မာနိုင်ငံက လက်ခံထားတဲ့၊ အခြေခံဥပဒေမှာလည်း ထည့်သွင်းပြဋ္ဌာန်းထားတဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီးငါးချက်ကို ချိုးဖောက်ရာရောက် နေတယ်။
ဒါ့ကြောင့် ကျွန်တော်ကတော့ မြန်မာနိုင်ငံအနေနဲ့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားပြီး လက်ရှိ ကျင့်သုံး နေတဲ့ နိုင်ငံခြားရေးမူဝါဒအရ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော် စစ်ကို ထောက်ခံလို့မရဘူးလို့ပဲ ယုံကြည်ပါ တယ်။
A plausible explanation.
LikeLike
ဒါ့ကြောင့် ကျွန်တော်ကတော့ မြန်မာနိုင်ငံအနေနဲ့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားပြီး လက်ရှိ ကျင့်သုံး နေတဲ့ နိုင်ငံခြားရေးမူဝါဒအရ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော် စစ်ကို ထောက်ခံလို့မရဘူးလို့ပဲ ယုံကြည်ပါ တယ်
LikeLike