နိုင်လား ရှုံးလား ရုရှား

ရုရှား အစိုးရ ရုပ်သံဌာန RT သတင်းအရ မတ်လ ၂၆ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ရုရှားတပ်မတော် စစ်ဆင်ရေးဌာန အကြီးအကဲ ဗိုလ်ချုပ်ကြီး Sergey Rudskoy က ရုရှားတပ်ဖွဲ့တွေဟာ သူတို့ရဲ့ ပထမ အဆင့် စစ်ဆင်ရေး ရည်မှန်းချက်တွေကို အောင်မြင်ခဲ့ပြီ၊ ယူကရိန်းတပ်ဖွဲ့တွေရဲ့ စစ်ရေးစွမ်းအားကို သိသိ သာသာ အားနည်းသွားအောင်လုပ်နိုင်ခဲ့ပြီ၊ ဒါ့ကြောင့် ဒွန်းဘက်စ်ဒေသ ( နိုင်ငံအရှေ့တောင်ဘက်က ခွဲ ထွက်ရေးသမားတွေ ထိန်းချုပ် ထားတဲ့နယ်မြေ အပါအဝင် ရုရှား စကားပြောယူကရိန်းနိုင်ငံသားတွေ အများဆုံးနေထိုင်တဲ့ ဒေသ) လွတ်မြောက်ရေးကို ပိုပြီးအာရုံစိုက်နိုင်တော့ မယ် လို့ ပြောကြားခဲ့တယ်။

ဒါ့အပြင် ဗိုလ်ချုပ်ကြီး Sergey Rudskoy က ယူကရိန်းမြို့တော် ကိဗ် အပါအဝင် မြို့ကြီး တွေကို တိုက်ခိုက်နေတာဟာ ယူကရိန်းတပ်တွေကို အဲဒီဒေသတွေမှာ ထိန်းချုပ်ထားပြီး ရုရှားတွေ အနေနဲ့ အရှေ့ဘက်ဒေသ စစ်ဆင်ရေးကို အာရုံစိုက်နိုင်ဖို့ဖြစ်တယ်လို့ ဆိုတယ်။

ဒီပြောကြားချက်ဟာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ယူကရိန်းနိုင်ငံကို ကျူးကျော်ဝင်ရောက် တိုက်ခိုက်ချိန်က ရုရှားသမ္မတ ပူတင်ပြောကြားခဲ့တဲ့ စစ်ပွဲ ရည်မှန်းချက်တွေနဲ့ ကွဲလွဲ နေ တယ်။ ဒါ့အပြင် ယူကရိန်းတပ်ဖွဲ့တွေရဲ့ စစ်ရေးစွမ်းအားလျော့ကျသွားပြီဆိုတာကလည်း မြေပြင် အခြေအနေနဲ့ ကွဲလွဲနေပြန်တယ်။

ပူတင် ပြောစကား

ယူကရိန်းစစ်ပွဲနဲ့ပတ်သက်တဲ့ ပူတင် ရဲ့ မိန့်ခွန်းလို့ ပြောလိုက်ရင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မိန့်ခွန်းကို ပဲ လူပြောများတယ်။ တကယ်တော့ ပူတင်က ဖေဖော်ဝါရီ ၂၁ ရက်နေ့ နဲ့ ၂၄ ရက် နေ့ နှစ်ကြိမ်တိုင်တိုင် ရုရှားပြည်သူတွေကို ရုပ်မြင်သံကြားကတဆင့် မိန့်ခွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

အတိုချုပ်ပြောရရင် ဖေဖော်ဝါရီ ၂၁ ရက်နေ့မိန့်ခွန်းက ယူကရိန်းပြဿနာနဲ့ပတ်သက်ပြီး ရုရှား နိုင်ငံရဲ့ တောင်းဆိုချက်တွေ မှန်ကန်ကြောင်း သမိုင်း ကြောင်းနဲ့ချီရှင်းပြခဲ့တဲ့ မိန့်ခွန်းရှည်ကြီး ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက်နေ့မိန့်ခွန်းကတော့ ပထမ မိန့်ခွန်းမှာ ပါတဲ့တောင်းဆိုချက်တွေ ကို မရလို့ ယူကရိန်းကို ဝင်တိုက်ရတဲ့အကြောင်းနဲ့ ယူကရိန်းစစ်ပွဲရဲ့ ရည်မှန်းချက်တွေက ဘာလဲဆိုတာ ရှင်းပြတာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့မိန့်ခွန်းမှာ ပူတင်ဟာ နေတိုးနဲ့ ယူကရိန်းက ရုရှားရဲ့ တောင်းဆိုချက် တွေကို မလိုက်လျော တဲ့အတွက် ယူကရိန်းကို တိုက်ရတဲ့အကြောင်းပြောတယ်။ အဲဒီအခါမှာ ၁၉ ၄၁ ခုနှစ်က နာဇီ ဂျာမနီတွေ စစ်ပြင်နေတာ သိပေမယ့် အလေးမထားခဲ့လို့ စစ်ပွဲအစပိုင်းမှာ ဆိုဗီယက် တပ်နီတော် အထိနာခဲ့ရတဲ့အကြောင်းကို ဥပမာပေးပြီး ဒါ့ကြောင့် ရုရှားက လက်ဦးမှု ယူ တိုက်ရတာဖြစ်တယ်လို့ အကြောင်းပြတယ်။

ပူတင်က ဒီစစ်ပွဲရဲ့ ရည်မှန်းချက်က ယူကရိန်းအစိုးရရဲ့ လူမျိုးတုန်းသတ်ဖြတ်မယ့် အန္တရာယ်နဲ့ ရင် ဆိုင်နေရတဲ့ ဒွန်းဘက်စ်ဒေသက ပြည်သူတွေကို ကာကွယ်ဖို့၊ ယူကရိန်းက စစ်ဝါဒီတွေနဲ့ နာဇီ လက်သစ်တွေကို ဖယ်ရှားဖို့၊ ဒွန်းဘက်စ်ဒေသပြည်သူတွေအပြင် ရုရှားပြည်သူတွေအပေါ်မှာပါ ရာဇဝတ်မှုကျူးလွန်ခဲ့သူတွေကို တရားစွဲဆို အပြစ်ပေးဖို့ ဖြစ်တယ်လို့ ပြောခဲ့တယ်။

ဒါ့အပြင် ယူကရိန်းပြည်သူတွေကိုလည်း ရုရှားနဲ့ပူးပေါင်းဆောင်ရွက်ဖို့၊ နှစ်နိုင်ငံကြား ချစ်ကြည် ရင်းနှီးမှုကို ပြန်လည်တည်ဆောက်ဖို့ တိုက်တွန်းခဲ့ပြီး ယူကရိန်းတပ်မတော်သားတွေကိုတော့ နာဇီ လက်သစ်အစိုးရရဲ့ အမိန့်ကို နာခံခြင်းမပြုဖို့နဲ့ ရုရှားတပ်များကို ခုခံတိုက်ခိုက်ခြင်းမပြုဖို့ ပန် ကြားခဲ့တယ်။

ဒီမိန့်ခွန်းနှစ်ရပ်လုံးကို ခြုံငုံသုံးသပ်လိုက်ရင် သမ္မတ ပူတင်အနေနဲ့ ယူကရိန်းအစိုးရကို ဖြုတ် ချ ပြီး ရုပ်သေးအစိုးရနဲ့ အစားထိုးဖို့၊အစိုးရ ဟောင်းက တာဝန်ရှိသူတွေကို အရေးယူဖို့ ၊ ဒွန်းဘက်စ်ဒေသက ခွဲထွက်ဒေသတွေကို ယူကရိန်း အစိုးရသစ်က လွတ်လပ်သောနိုင်ငံတွေအဖြစ် အသိအမှတ်ပြုဖို့ ရည်ရွယ်ပြီး စစ်တိုက်ခဲ့တယ် ဆိုတာ ထင်ရှားပါတယ်။

လက်ရှိအခြေအနေ

အခု ဗိုလ်ချုပ်ကြီး Sergey Rudskoy ရဲ့စကားအရဆိုရင်တော့ ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်း စစ်ပွဲမှာ ထင်တိုင်းမပေါက်တော့တဲ့အတွက် ယူကရိန်းအရှေ့ပိုင်းနဲ့ တောင်ပိုင်းမှာပဲ ကန့်သတ် ရည်မှန်းချက် ထားပြီး စစ်ဆင်ရေးလုပ်တော့မယ်အခြေအနေဖြစ်သွားပါပြီ။ ရုရှားတပ်တွေ ထိုးစစ်ဆင်မှု အခြေ အနေနဲ့ မတ်လ ၂၈ ရက်နေ့ထိ နယ်မြေသိမ်းပိုက်ရရှိမှုအခြေအနေကို ပုံ ၁ နဲ့ ၂ မှာ တွေ့နိုင် ပါတယ်။

အဲဒီမြေပုံတွေအရ ရုရှားတပ်တွေဟာ ယူကရိန်းနိုင်ငံမြောက်ပိုင်းမှာ အခြေမလှပေမယ့် နိုင်ငံတောင်ဘက်ပိုင်းမှာ အရေးကြီးတဲ့ အောင်မြင်မှု နှစ်ခုရခဲ့တယ်။ ပထမ တစ်ခုက ကရိုင်းမီးယားကျွန်းဆွယ်ကို ရေပေးဝေနေတဲ့ အရင်းအမြစ် နေရာတွေကို သိမ်းပိုက်လိုက်နိုင်တဲ့ အတွက် ၂၀၁၄ ခုနှစ်ထဲက ယူကရိန်းအစိုးရက ရေဖြတ်ထားလို့ အခက်အခဲတွေ့နေတဲ့ ကရိုင်းမီးယားဒေသအတွက် အဆင်ပြေ သွားတာဖြစ်ပါတယ်။

ဒုတိယတစ်ခုက အာဇော့ဖ်ပင်လယ်ကမ်းခြေအတိုင်း ကရိုင်းမီးယားနဲ့ ဒွန်းဘက်စ်ဒေသကို ဆက်သွယ်တဲ့ မြေပြင်လမ်းကြောင်းပွင့် သွားတာဖြစ်ပါတယ်။ ဒါဟာ ကရိုင်းမီးယား ဒေသလုံခြုံရေးအတွက် အရေးပါသလို အာဇော့ဖ် ပင်လယ် Sea of Azov ထိန်းချုပ်ရေး အတွက်လည်း အရေးကြီးတယ်။ အရင်ကတော့ အာဇော့ဖ် ပင်လယ်က ရုရှားနဲ့ ယူကရိန်း နိုင်ငံ ကြားမှာရှိတဲ့အတွက် နိုင်ငံတကာပင်လယ်ပြင်ဖြစ်နေတယ်။ ယူကရိန်းတောင်ပိုင်းဒေသကို ကရိုင်းမီးယားလိုပဲ ရုရှနိုင်ငံထဲ သိမ်းသွင်းလိုက်ရင် အာဇော့ဖ် ပင်လယ်က ရုရှားပိုင်ရေပိုင် နက်လုံးလုံးဖြစ်သွားမယ်။ အနောက်အုပ်စု ရေတပ်သဘောၤတွေ ဝင်ထွက်လို့မရတော့ဘူး။

ဒါပေမယ့် ယူကရိန်းနိုင်ငံရဲ့ ပင်လယ်နက်ထွက်ပေါက်ကိုပါ ပိတ်ဆို့နိုင်ဖို့ဆိုရင် ပင်လယ်နက် ကမ်းခြေက အဓိက ဆိပ်ကမ်းမြို့ဖြစ်တဲ့ အိုဒက်ဆာ မြို့ကို သိမ်းဖို့လိုတယ်။ အဲဒီရည်မှန်း ချက်ကို ရုရှားတပ်တွေ မရသေးဘူး။ နောက်တစ်ခုက ဒွန်းဘက်စ်ဒေသတစ်ခုလုံးကို သိမ်းပိုက်နိုင်ဖို့ အတွက် ဆိုရင် နောက်ထပ်စစ်ဆင်ရေးတွေလုပ်ရဦးမယ်။ သမိုင်းအစဉ်အလာရ သတ်မှတ် ထားတဲ့ ဒွန်းဘက်စ် ဒေသ နဲ့ အခုလက်ရှိ ရုရှားလိုလားတဲ့ ခွဲထွက်ရေးဝါဒီတွေသိမ်းထား တဲ့ နယ်မြေကို ပုံ ၃ မှာ နှိုင်းယှဉ်ကြည့်လို့ရပါတယ်။

ဘာဆက်ဖြစ်မလဲ

ယူကရိန်းစစ်ပွဲကို ရက်ပိုင်းအတွင်း အနိုင်ရမယ်လို့ မေ ျှာ်လင့်ခဲ့တဲ့ ပူတင်ရဲ့ အိပ်မက် ပျက်သွား တာတော့ သေချာနေပါပြီ။ ဒါကို ဝန်မခံချင်တဲ့အတွက် ရုရှားပြည်သူတွေကို ပထမအဆင့် ရည်မှန်းချက်အောင်မြင်သွားပြီ၊ ဒွန်းဘက်စ်ဒေသကိုပဲ အာရုံစိုက်တော့မယ်ဆိုပြီး ချွေးသိပ် နေတာ ဖြစ်ပါတယ်။

ပူတင်လိုချင်တဲ့ ယူကရိန်းကို ကြားနေနိုင်ငံအဖြစ်ထားဖို့ရည်မှန်းချက် အောင်မြင်ဖို့ကလည်း အလှမ်းဝေးပါသေးတယ်။ ယူကရိန်းဘက်က ကြားနေနိုင်ငံကိစ္စနဲ့ နေတိုးအဖွဲ့မှာ ပါဝင်မှု မပြု ရေး ဆိုတဲ့တောင်းဆိုချက်တွေအတွက်ဆွေးနွေးမှုကို ရုရှားတပ်ဖွဲ့တွေ ရုပ်သိမ်းပေးရမယ် ဆိုတဲ့ အချက်နဲ့ ချိတ်ဆက်ထားသလို ရုရှားနဲ့ ရရှိတဲ့သဘောတူညီချက်ကို ပြည်သူ့ဆန္ဒခံယူပွဲနဲ့ မှ အတည်ပြုမယ်လို့ပြောထားတဲ့အတွက် ရုရှားဘက်က လက်ခံဖို့ မလွယ်လှဘူး။

ရုရှားတပ်တွေ ယူကရိန်းနယ်မြေကို သိမ်းထားသရွေ့ ယူကရိန်းတွေရဲ့ ခုခံမှု၊ အမေ ရိကန်နဲ့ နေတိုးအဖွဲ့ဦးဆောင်တဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေက ပြီးသွားမှာမဟုတ်ဘူး။ ပူတင် က ဖေဖော်ဝါရီ ၂၄ ရက်နေ့မိန့်ခွန်းမှာ အနောက်အုပ်စုရဲ့ စီးပွားရေး၊ ဘဏ္ဍာရေးအရ ပိတ်ဆို့မှု တွေကို ခံနိုင်ဖို့ ပြင်ဆင်ထားတယ်လို့ပြောခဲ့ပေမယ့် အခုလောက်ပြင်းထန်တဲ့ တုန့်ပြန်မှု မျိုး ကို မေ ျှာ်လင့်ထားပုံမရဘူး။ အထူးသဖြင့် ရုရှားရေနံနဲ့ သဘာဝဓာတ်ငွေ့ကို မှီခိုနေရတဲ့ ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဟာရုရှားပေါ်အရေးယူမှုနဲ့ပတ်သက်ရင် အမေရိကန်နဲ့ သဘောထား ကွဲလွဲမှုတွေ ရှိနိုင်တယ်လို့ မေ ျှာ်လင့်ခဲ့ပေမယ့် ထင်သလိုဖြစ်မလာခဲ့ဘူး။

ရုရှားဟာ ဆိုဗီယက်ပြည်ထောင်စု ဘဝက အနောက်အုပ်စုရဲ့ ပိတ်ဆို့မှုကို ခံခဲ့ရဖူးတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ဆိုဗီယက်နဲ့ အနောက်အုပ်စု စီးပွားရေးဆက်ဆံမှုက ဂျုံနဲ့ ရေနံ ပဲရှိတယ်။ ဆိုဗီယက် စီးပွားရေးကလည်း အခုလို ကမ္ဘာ့စီးပွားရေး၊ ဘဏ္ဍာရေး၊ ငွေရေးကြေးရေး ဈေးကွက် နဲ့ ချိတ်ဆက်နေတာမဟုတ်ဘူး။ ဒါ့အပြင် ဆိုဗီယက် ဦးဆောင်တဲ့ အရှေ့အုပ်စုရဲ့ COMECON လို့ ခေါ်တဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအုပ်စု အတွင်းမှာ ကုန်သွယ်မှုတွေ ၊ ရင်းနှီးမြှုပ်နှံမှု တွေလုပ်လို့ရတယ်။ အခု ရုရှားစီးပွားရေးပုံစံက ဆိုဗီယက်ခေတ်နဲ့ မတူတဲ့အတွက် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုရဲ့ အကျိုးသက်ရောက်မှုက ပိုပြင်းထန်မှာသေချာပါတယ်။

အခုတော့ယူကရိန်းစစ်ပွဲက ရေရှည်စစ်ပွဲဖြစ်သွားပြီ။ စစ်မြေပြင်မှာတင် မဟုတ် ဘူး၊ စီးပွားရေးအရ၊ သံတမန်ရေးအရ ၊ သတင်းပြန်ကြားရေးအရ ဘက်စုံတိုက်ပွဲဖြစ်သွားပြီ။ စစ်ပွဲရဲ့ အဆုံးသတ် က ဘယ်လို ဖြစ်မလဲဆိုတာ မသိနိုင်သေးပေမယ့် ယူကရိန်းစစ်ပွဲဟာ ရုရှားသမ္မတ ပူတင်အတွက် နိုင်ငံရေးသိက္ခာရော၊ အာဏာပါ လောင်းကြေးထပ်ရတဲ့ပွဲဖြစ်သွားပြီ။ ပူတင် ဘယ်လဲ ဆိုတာ စောင့်ကြည့်ရတော့မှာပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: