ပူတင်က ယူကရိန်းသာ နေတိုး အဖွဲ့ဝင်နိုင်ငံဖြစ်သွားရင် ရုရှားနိုင်ငံလုံခြုံရေးအတွက် အန္တရာယ် ရှိတယ်။ ဒါ့ကြောင့် ယူကရိန်းကို ဝင်တိုက်ရတာလို့ ပြောတယ်။ ပူတင်ကို ထောက်ခံသူတွေက လည်း ဒီစကားကို သံယောင်လိုက်ပြောတယ်။ ဒါပေမယ့် ဒီလူတွေဟာ ယူကရိန်းအနေနဲ့ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲတဲ့အချိန် ၁၉ ၉ ၂ ခုနှစ်က စလို့ နှစ်နှစ်ဆယ်ကျော်လောက် နေတိုးအဖွဲ့ဝင်ဖို့ မကြိုးစားခဲ့ပဲ ဘာဖြစ်လို့ အခု မှ ကြိုးစားရသလဲဆိုတဲ့ အဖြေကို ရှာဖို့ မစဉ်းစားကြဘူး။
တကယ်တော့ ဒီဇာတ်လမ်းအားလုံးရဲ့ အစ ဟာ ၁၉ ၉ ၄ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ ဟန်ဂေရီနိုင်ငံ မြို့တော် ဘူဒါပက်စ် မှ စခဲ့တာဖြစ်ပါတယ်။
ဆိုဗီယက် ပြည်ထောင်စုပြိုကွဲသွားတော့ ယူကရိန်းနိုင်ငံထဲမှာ ဆိုဗီယက် အနုမြူထိပ်ဖူးတပ် ဒုံးပျံ တွေကျန်နေခဲ့တယ်။ အဲဒီအချိန်က စာရင်းအရဆိုရင် အနုမြူ ထိပ်ဖူး ခြောက်ခု ပါတဲ့ တိုက်ချင်း ပစ်ဒုံးပျံ ၁၃၀ စင်း၊ အနုမြူထိပ်ဖူး ဆယ်ခု ပါတဲ့ တိုက်ချင်းပစ်ဒုံးပျံ ၄၆ စင်း ၊ အနုမြူဗုံး/ ဒုံးကျည် တွေ သယ်ဆောင်နိုင်တဲ့ ဗုံးကြဲလေယာဉ် ၃၃ စင်း နဲ့ တာလတ်ပစ်ဒုံးတွေ၊ စုစုပေါင်း အနုမြူဗုံး ၁၇၀၀ လောက် ယူကရိန်းလက်ထဲမှာ ရှိနေတယ်။ အဲဒီလက်နက်တွေကြောင့် ယူကရိန်း နိုင်ငံဟာ အမေရိကန် နဲ့ ရုရှား ပြီးရင် တတိယမြောက် အင်အားအကြီးမားဆုံးအနုမြူအင်အားကြီး နိုင်ငံ ဖြစ်လာတယ်။
အဲဒီအချိန်မှာ အမေရိကန်ရော၊ ရုရှားကရော ယူကရိန်းနိုင်ငံက အနုမြူလက် နက်နဲ့ နည်းပညာ တွေ အခြားနိုင်ငံတွေလက်ထဲရောက်သွားမှာ စိုးရိမ်တယ်။ ဒ့ါကြောင့် အမေရိကန်က ဦးဆောင်ပြီး ယူကရိန်းနိုင်ငံကို အနုမြူလက်နက်တွေ ဖျက်သိမ်းဖို့ တိုက်တွန်းတယ်။ အဲဒီအချိန်မှာ ယူကရိန်း နိုင်ငံမှာလည်း အနုမြူလက်နက်တွေကို စွန့်လွှတ်လိုက်ရင် နိုင်ငံလုံခြုံရေး အားနည်းသွားမှာကို စိုးရိမ်သူတွေရှိတယ်။
ဒါ့ကြောင့် အနုမြူလက်နက်တွေကို ဖျက်သိမ်းလိုက်ရင် ယူကရိန်းနိုင်ငံရဲ့ လုံခြုံရေးကို ဘယ်သူက အာမခံမလဲ လို့ မေးခွန်းထုတ်တယ်။ အဲဒီနောက်မှာတော့ အမေရိကန်၊ ရုရှား နဲ့ ယူကရိန်း သုံးနိုင်ငံကြားမှာ အပြန်အလှန်ဆွေးနွေးပြီး ၁၉ ၉ ၄ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ ဟန်ဂေရီနိုင်ငံ မြို့တော် ဘူဒါပက်စ် မှာ ယူကရိန်းနိုင်ငံ လုံခြုံရေး နဲ့ အနုမြူလက်နက် ဖျက်သိမ်းရေးဆိုင်ရာ သဘောတူညီချက်ကို အမေရိကန်၊ ရုရှား၊ ဗြိတိန် နဲ့ ယူကရိန်း တို့ လက်မှတ်ထိုးခဲ့တယ်။
ဘူဒါပတ်စ် သဘောတူညီချက်လို့ ခေါ်တဲ့ အဲဒီသဘောတူညီချက်မှာ အရေးကြီးတဲ့ အချက်တွေကို အတိုချုပ်ကောက်နှုတ်ဖော်ပြရရင် အမေရိကန်၊ ရုရှားနဲ့ ဗြိတိန် နိုင်ငံတို့က
၁။ ယူကရိန်းနိုင်ငံရဲ့ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနဲ့ နယ်နမိတ်ကို လေးစားအသိ အမှတ်ပြုတယ်။
၂။ ယူကရိန်းနိုင်ငံရဲ့ နိုင်ငံရေးလွတ်လပ်ခွင့်နဲ့ နယ်မြေပိုင်ဆိုင်မှုကို အင်အားသုံးပြီးခြိမ်းခြောက်မှု မလုပ်ဘူး။
၃။ ယူကရိန်းနိုင်ငံအပေါ် စီးပွားရေးအရ အကျပ်ကိုင်ဖိအားပေးတာမျိုး မလုပ်ဘူး။
၄။ ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်တိုက်ခိုက်မှုတွေရှိလာရင်၊ ဒါမှမဟုတ် ကျူးကျော်တိုက်ခိုက် မယ်လို့ ခြိမ်းခြောက်မှုတွေရှိလာရင် ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ အရေးယူဆောင်ရွက် မယ်။
လို့ ကတိပေးခဲ့ကြတယ်။
အဲဒီအချိန်တုန်းက ယူကရိန်းဘက်က ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်မှုတွေရှိလာရင် စစ်ရေး အရ အကာအကွယ်ပေးမယ်ဆိုတဲ့ အာမခံချက်မျိုးကို အမေရိကန်နဲ့ ဗြိတိန် ဘက်က ပေးစေချင်တယ်။ ဒါပေမယ့် မရခဲ့ဘူး။
နောက်ဆုံးတော့ ဘူဒါပတ်စ် သဘောတူညီချက်အရ ယူကရိန်းမှာ ရှိတဲ့ အနုမြူလက်နက်တွေကို ဖျက်ဆီးနိုင်ဖို့ အမေရိကန်က နည်းပညာနဲ့ ဘဏ္ဍာရေး အကူအညီပေးတယ်။ ရုရှားက ယူကရိန်း အနုမြူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံတွေအတွက် ယူရေနီယံပေးဖို့ ကတိပြုတယ်။ သဘာ၀ ဓာတ်ငွေ့ ကြွေးမြီတွေကို လေ ျှာ်ပေးတယ်။ ယူကရိန်းက အနုမြူလက်နက်မပံျ့ပွားရေး စာချုပ်မှာ လက်မှတ်ထိုးပြီး သူ့နိုင်ငံမှာ ရှိတဲ့ အနုမြူထိပ်ဖူးတွေကို ရုရှားနိုင်ငံကို လွှဲပြောင်းပေးတယ်။ ရုရှား နိုင်ငံက အမေရိကန်ရဲ့ နည်းပညာအကူအညီနဲ့ အဲဒီအနုမြူထိပ်ဖူးတွေကို ဖျက်ဆီးပစ်ခဲ့တယ်။
၂၀၀၈ ခုနှစ်မှာ ရုရှား-ဂျော်ဂျီယာစစ်ပွဲဖြစ်တယ်။ အဲဒီစစ်ပွဲကလည်း အခု ယူကရိန်းစစ်ပွဲပုံစံပါပဲ။ ဂျော်ဂျီယာကနေ ခွဲထွက်ဖို့ကြိုးစားနေတဲ့ ခွဲထွက်ရေးသမားတွေ ဘက်ကနေ ရုရှားက ဝင်တိုက်ခဲ့ တာပါ။ အဲဒီအချိန်မှာ ယူကရိန်း၊ ရုရှားဆက်ဆံရေးကလည်း ကောင်းလှတာမဟုတ်ဘူး။ သဘာ၀ ဓာတ်ငွေပိုက်လိုင်းကိစ္စ၊ ကရိုင်းမီးယားကျွန်းဆွယ်မှာရှိတဲ့ ရုရှားရေတပ်စခန်းငှားရမ်းခွင့်ကိစ္စတွေ နဲ့ ပတ်သက်ပြီး အဖုအထစ်တွေများတယ်။ ဒါ့ကြောင့် ဂျော်ဂျီယာဖြစ်စဉ်ကိုကြည့်ပြီး ယူကရိန်း နိုင်ငံကလည်း သူ့နိုင်ငံလုံခြုံရေး အတွက် နေတိုးအဖွဲ့ထဲဝင်ရင်ကောင်းမလားဆိုတဲ့ ဆွေးနွေးမှု တွေရှိလာတယ်။
ဒါပေမယ့် ၂၀၁၀ သမ္မတရွေးကောက်ပွဲမှာ ရုရှားဘက်ယိမ်းတဲ့ အစိုးရအဖွဲ့ အနိုင်ရလိုက်တော့ နေတိုးအဖွဲ့ထဲ ဝင်ဖို့ ကိစ္စ တစ်ခန်းရပ်သွားတယ်။ ဘူဒါပတ်စ်စာချုပ်ရှိနေတဲ့အတွက် ယူကရိန်း လုံခြုံရေးကို စိတ်ပူဖို့မလိုဘူးဆိုတဲ့ ဘက်က အားကောင်းလာတယ်။ဒါပေမယ့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလမှာ လွှတ်တော်က အတည်ပြုထားတဲ့ ယူကရိန်း – ဥရောပ သမဂ္ဂ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ကို သမ္မတက ပယ်ချရာကနေ အစိုးရ ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲ တွေဖြစ်တယ်။ ၂၀၁၄ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ယူကရိန်းလွှတ်တော်က သမ္မတ ကို ရာထူး ကဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့ပြီး ရုရှားလိုလားတဲ့ အစိုးရ ပြုတ်ကျသွားတယ်။ သမ္မတ လည်း ရှရှားကို ထွက်ပြေးရတယ်။
အဲဒီနောက် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ရုရှားလိုလားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ က ကရိုင်းမီးယားဒေသလွှတ်တော်ကို ဝင်သိမ်းပြီး ယာယီအစိုးရဖွဲ့တယ်။ ရုရှားနဲ့ ပူးပေါင်းမယ် လို့ကြေညာတယ်။ ကရိုင်းမီးယားမှာ ရှိတဲ့ ရုရှားစကားပြောလူမျိုးစုတွေကို ကာကွယ်ဖို့ ဆိုပြီး ရုရှားတပ်တွေ ကရိုင်းမီးယားကို ဝင်လာတယ်။ မတ်လ ၁၆ ရက်နေ့မှာ ကရိုင်းမီးယားယာယီ အစိုးရက ပြည်သူ့ဆန္ဒခံယူပွဲလုပ်ပြီး ရုရှားနဲ့ ပူပေါင်းဖို့ ဆုံးဖြတ်တယ်။ မတ်လ ၁၈ ရက်နေ့ မှာ ရုရှားအစိုးရက ကရိုင်းမီးယားကို ရုရှားနိုင်ငံအတွင်းသိမ်းသွင်းကြောင်းကြေညာခဲ့တယ်။ ဧပြီလ မှာ နိုင်ငံအရှေ့ပိုင်း ဒွန်းဘက်စ်ဒေသနယ်မြေအချို့ကို ခွဲထွက်ရေးသမားတွေက ရုရှားတပ်ဖွဲ့တွေ အကူအညီနဲ့ သိမ်းလိုက်ပြီး လွတ်လပ်တဲ့ နိုင်ငံနှစ်ခုအဖြစ်ကြေညာခဲ့တယ်။
ဒီလုပ်ရပ်တွေဟာ ရုရှားနိုင်ငံက ပါဝင်လက်မှတ်ထိုးထားတဲ့ ဘူဒါပက်စ်သဘောတူညီချက်ကို ပြောင်ချိုးဖောက်ခဲ့တာပါ။ ဒီလုပ်ရပ်နဲ့ပတ်သက်ပြီး အမေရိကန်နဲ့ နေတိုးက ရုရှားနိုင်ငံကို စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုလုပ်ပေမယ့် ကရိုင်းမီးယားကျွန်းဆွယ်ကနေ ရုရှားတပ်တွေ ပြန်ရုပ်သိ်မ်းသွားအောင် မစွမ်းဆောင်နိုင်ဘူး။ လုံခြုံရေးကောင်စီကနေ အရေးယူဖို့လုပ်ပေမယ့် ရုရှား ကဗီတိုအာဏာသုံးတဲ့အတွက် အလုပ်မဖြစ်ဘူး။
ဘူဒါပက်စ် စာချုပ်ကို ချိုးဖောက်ပြီး ရုရှားက ကရိုင်းမီးယားကျွန်းဆွယ်ကို သိမ်းပိုက်လိုက် တဲ့နောက် မှာ ယူကရိန်းက နိုင်ငံလုံခြုံရေးအတွက် ဘူဒါပက်စ်စာချုပ်ကို အားကိုးလို့မရတော့ဘူး ဆိုတာ လက်ခံလိုက်ပြီး နေတိုးအဖွဲ့ဝင်ဖို့ပြန် ကြိုးစားတယ်။ ၂၀ ၁၄ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက် နေ့မှာ ယူကရိန်းလွှတ်တော်က ယူကရိန်းနိုင်ငံရဲ့ ဘက်မလိုက်နိုင်ငံခြားရေးမူဝါဒကို စွန့်လွှတ် ကြောင်း ဆုံးဖြတ်ခဲ့တယ်။
၂၀၁၇ ခုနှစ် ဇွန်လမှာ ယူကရိန်းလွှတ်တော်က နေတိုးအဖွဲ့ဝင်အဖြစ် လေ ျှာက်ထားဖို့ အတွက် ဥပဒေပြဋ္ဌာန်းခဲ့တယ်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာ နေတိုး အဖွဲ့ကို ဝင်ဖို့လိုအပ်တဲ့ အခြေခံဥပဒေပြင်ဆင်ချက်ကို လွှတ်တော် မဲပေးခွင့်ရှိသူ ၃၈၅ ဦးအနက် ၃၃၄ ဦး ရဲ့ ထောက်ခံမှု နဲ့ အတည်ပြုခဲ့တယ်။
အဲဒီအခြေခံဥပဒေပြင်ဆင်ချက်အရ ပုဒ်မ ၈၅ မှာ လွှတ်တော်ဟာ ယူကရိန်း နိုင်ငံ ဥရောပသမဂ္ဂ အဖွဲ့ဝင် နဲ့နေတိုး အဖွဲ့ဝင်ဖြစ်ရေးအတွက် လိုအပ်တဲ့ မဟာဗျူဟာမူဝါဒတွေကို ချမှတ်ရမယ်လို့ ပြဋ္ဌာန်းခဲ့တယ်။ ပုဒ်မ ၁၀၅ မှာတော့ သမ္မတ က လွှတ်တော်က ချမှတ်ထားတဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင် နဲ့ နေတိုး အဖွဲ့ဝင်ဖြစ်ရေးဆိုင်ရာ မူဝါဒတွေကို အကောင်အထည်ဖော်ရမယ်လို့ ပြဋ္ဌာန်းခဲ့တယ်။
၂၀၁၉ ခုနှစ် မတ်လ သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဇာလန်းစကီး အနိုင်ရတော့ အခြေခံ ဥပဒေပါပြဋ္ဌာန်းချက်တိုင်း နေတိုးအဖွဲ့ဝင်ဖြစ်ရေးကို ဆက်လုပ်တယ်။ အဲဒီမှာ ရုရှားနဲ့ထိပ်တိုက် တွေ့ပြီး ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့အထိ ဖြစ်လာတာပဲ။
ဒါဟာ ယူကရိန်းနိုင်ငံ နေတိုး အဖွဲ့ဝင်ဖြစ်ရေးလုပ်ဆောင်လာတဲ့ သမိုင်းကြောင်းပဲ။ ယူကရိန်း နိုင်ငံ နေတိုး အဖွဲ့ဝင်ဖြစ်သွားရင် ရုရှားနိုင်ငံ လုံခြုံရေး အန္တရာယ်ရှိတယ်လို့ပြောရင် ယူကရိန်း ကို နေတိုးအဖွဲ့ဘက် တွန်းပို့ခဲ့တဲ့အတွက် ပူတင်မှာလည်း တာဝန်ရှိတယ်လို့ ပြောရမှာပဲ။
Absolutely
LikeLike