လှိုင်သာယာသူ

သူ့ကို ကျွန်တော့်မိတ်ဆွေရုံးခန်းမှ တွေ့ခဲ့တာပါ။ အသက်လေးဆယ်ပတ်ဝန်းကျင် ပိန်ပိန်သွယ် သွယ်။ အရပ်က မြန်မာအမျိုးသမီးတစ်ယောက် အတွက် မြင့်တယ်လို့ပြောနိုင်တယ်။ ဘောင်းဘီ ရှည် နီညိုရောင်နဲ့၊ စပို့ရှပ်နဲ့။ စပို့ရှပ်မှာ သူတို့ သန့်ရှင်းရေး ကုမ္ပဏီအမည်နဲ့ တံဆိပ် ရိုက်ထားတယ်။ ဒီတံဆိပ် နဲ့ ဝန်ထမ်းတွေကို ဆူပါမားကက်တစ်ချို့မှာ တွေ့ဖူးတယ်။ မိတ်ဆွေ ရုံးခန်းကို ရောက်တိုင်းတွေ့နေရတော့ သူနဲ့ မျက်မှန်းတန်းမိနေပြီ။

သင်္ကြန်မတိုင်ခင်က မိတ်ဆွေရုံးခန်းကို သွားတော့ အပြင်ခဏသွားနေတယ်တဲ့။ ဒါနဲ့ သူ့ကို စောင့်ရင်း ရုံးက ဝန်ထမ်းတွေကို ခွင့်တောင်းပြီး အဲဒီသန့်ရှင်းရေးအမျိုးသမီးကို သူ့ဘ၀ အကြောင်းမေး မိ တယ်။ ထိုင်ခုံမှာ ထိုင်ပြောပါဆိုတော့ သူတို့ စည်းကမ်းအရ အဲဒီနေရာမှာ ထိုင်လို့မရဘူးဆိုတာနဲ့ နှစ်ယောက်သား မတ်တပ်ရပ်တွေ့ဆုံမေးမြန်းခန်း လုပ်ရတယ်။

သူဟာ ကျေးလက်ဒေသမှာ အလုပ်အကိုင်ရှားပါး၊ စိုက်ပျိုးစားလို့ အဆင်မပြေတဲ့ အတွက် အလုပ်အကိုင်ပေါတဲ့ ရန်ကုန်မြို့ကို တက်လာတဲ့ ကျေးလက်ပြည်သူတွေ ထဲက တစ်ယောက်ပေါ့။

သူတို့ရွာက ဟင်္သာတ ခရိုင်ထဲက ရွာလေး။ ကားလမ်းမကနေ အထဲကို ဆိုင်ကယ်နဲ့ နာရီ ဝက် လောက်ဝင်ရတယ်။ အဖေနဲ့ အမေက အသက် ၇၀ ကျော်ပြီ။ အမတစ်ယောက်ရှိတယ်။ သူတို့ နှစ်ယောက်လုံး အိမ်ထောင်နဲ့ အဖေနဲ့ အမေမှာ ကိုင်းတစ်ကွက်ရှိတယ်။ ဒါပေမယ့် စားလို့မလောက်တော့ တစ်ခြားသူတွေ ဆီမှာ အခစားလိုက်လုပ်ရတယ်။ နောက်ပိုင်းမှာ စက်တွေ သုံးလာတော့ ကောက်စိုက်၊ ပျိုးနှုတ် အလုပ်တွေမရှိတော့ဘူး။ ဒါနဲ့ ၂၀၁၂ ခုနှစ်မှာ အမနဲ့ သူ့ခင်ပွန်းက ရန်ကုန်တက်သွားတယ်။ လှိုင်သာယာမှနေပြီး အလုပ်ရှာတယ်။ သံချီသံကွေး အလုပ် ရတယ်။ အဲဒီအချိန်က ဆောက်လုပ်ရေး လုပ်ငန်းတွေ ခေတ်ကောင်းတော့ ဝင်ငွေ ကောင်းတာပေါ့။

အမတို့ အခြေအနေကောင်းလာတော့ ၂၀၁၄ မှာ သူတို့ကို လှမ်းခေါ်တယ်။ ဒါနဲ့ ရွာမှာ ရှိတဲ့ ကိုင်းကွက်ကို ရောင်းတယ်။ အိမ်ဝိုင်းကိုတော့ အမျိုးတွေလက်အပ်ထားပြီး သူတို့ မိသားစု ရော၊ မိဘနှစ်ပါးရော ရန်ကုန်တက်လာတယ်။ လှိုင်သာယာ ၃ ရပ်ကွက်နောက်က ကွင်း ထဲမှာ ပိုင်ရှင်ဆိုတဲ့သူက ၂၀ x ၆၀ အကွက် တွေ ပိုင်း ရောင်း တာကို အရပ်စာချုပ်နဲ့ဝယ်တယ်။ ၂၅ သိန်းပေးရတယ်။ တောက တက်လာ တော့ ဂရန် တွေ၊ ပါမစ်တွေ ဘာတွေ နားမလည်ဘူး။ အရပ်စာချုပ်ချုပ်တယ်၊ ရပ်ကွက်အုပ်ကြီးက အသိ အမှတ်ပြုတယ်ဆိုရင် ရပြီပဲ ထင်တာ။ အဲဒီပတ်ဝန်းကျင်မှာ သူတို့လို ဝယ်နေတဲ့သူတွေ ရာချီရှိပြီး ရပ်ကွက်ကြီးတစ်ခုလိုတောင်ဖြစ်နေပြီ။

အဲဒီမြေကွက်မှာ ထရံကာ ၊ သွပ်မိုး အိမ်လေးဆောက်ပြီး သူတို့မိသားစု သုံးယောက် ၊ အမမိသားစု သုံးယောက်၊အဖေ၊ အမေ ပေါင်း ရှစ်ယောက်နေတယ်။ ယောကျ်ားနှစ်ယောက်နဲ့ သူက အလုပ်လုပ် တယ်။ အမက အိမ်မှာနေပြီး အဖေနဲ့အမေကို စောင့်ရှောက်၊ ဝိုင်းလုပ်၊ဝိုင်းစား ပဲ။

ရန်ကုန်ရောက်တော့ ခင်ပွန်းက ပန်းရံ အကူက နေ စပြီး အလုပ်ဝင်တယ်။ အခုတော့ ပန်းရံဆရာဖြစ်နေပြီ။ နေ့စား တစ်နေ့ တစ်သောင်းရတယ်။ ဒါ ပေမယ့် မနှစ်က စပြီး အလုပ်က ပုံမှန်မရှိဘူး။ ကန်ထရိုက်က အလုပ်ရှိရင် ခေါ်တယ်။ မရှိရင် လှိုင်သာယာထဲမှာပဲ ပျံကျ အလုပ်ရှာလုပ်ပေါ့။ ကန်ထရိုက်ကလည်း အခု ဆောက်လုပ်ရေး ပစ္စည်းတွေ ဈေးတက်နေလို့ မကိုက်ဘူးဆိုပြီး နားနေတာများတယ်။ သူကတော့ ရန်ကုန်ရောက်ထဲက ဒီသန့်ရှင်းရေး ကုမ္ပဏီမှာပဲ လုပ်တယ်။ အရင်က ဆူပါမားကက်ကြီးတစ်ခုမှာလုပ်ရတယ်။ ဆူပါမားကက် တွေမှာ တာဝန်ကျရင် လခပိုကောင်းတယ်။ ပင်ပန်းတယ်။ အခုလို ရုံးတွေ၊ အိမ်တွေမှာ လုပ်ရတဲ့ ဆားဗစ် က လခနည်းနည်းလျော့တယ်။ အလုပ်တော့ သက်သာတယ်။ ဒါပေမယ့် တစ်ချို့ အိမ်ရှင်တွေ က အရမ်းဆိုးတယ်။

မနှစ်က ခင်ဗျားတို့လှိုင်သာယာအခြေအနေပြောပါဦးဆိုတော့ တွန့်သွားတယ်။ ကျွန်တော့်ကို ဘယ်သူမှန်းမသိပေမယ့် အစိုးရ အရာရှိဟောင်းတစ်ယောက်ဆိုတာတော့ သူရိပ်မိနေတာကိုး။ ဒါနဲ့ စိတ်ထဲရှိတဲ့အတိုင်းပြောပါ။ ဘာမှမဖြစ်ဘူး။ စာရေးရင်တောင် သူ့နာမည်တွေ၊ ကုမ္ပဏီ အမည်တွေထည့်မရေးပါဘူးလို့ အာမခံတော့မှ ပြောပြတယ်။ ပြောတော့လည်း ကက်ဆက် ခလုတ်နှိပ်လိုက်သလို ဆက်တိုက်ပြောတာပါပဲ။

သူကတော့ ပါတီတွေကို နာမည်နဲ့မပြောဘူး။ အစိမ်း ၊ အနီ လို့ပဲပြောတယ်။ ကျန်တဲ့ပါတီ နာမည်တွေ ရွတ်ပြတော့ သူမသိဘူး။ သူသိတာ အနီနဲ့ အစိမ်းပဲ။ လှိုင်သာယာရောက်မှ မဲ နှစ်ခါ (၂၀၁၅၊၂၀၂၀) ထည့်ပြီးပြီတဲ့။ စည်ပင်သာယာရွေးကောက်ပွဲကို သိလားဆိုတော့ မသိဘူးတဲ့။ သူမဲထည့်တဲ့ နှစ်ခါ လုံးမှာ အနီ ကိုပဲထည့်တယ်လို့ပြောတယ်။ လွှတ်တော်ကိုယ်စားလှယ်နာမည် သူမသိဘူး။ အနီ ပါတီက ဒေါ်အောင်ဆန်းစုကြည်ပါတီ၊ ၂၀၁၅ မှာ ဒေါ်အောင်ဆန်းစုကြည် အစိုးရ တက်ရင် ပိုကောင်းမယ်ထင်လို့ မဲထည့်တယ်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရတက် တော့ သူတို့ကို ပိုဂရုစိုက်လို့ ကြိုက်တယ်။ ဒါ့ကြောင့် ၂၀၂၀ မှာ ်အနီကိုပဲ မဲထည့်တယ်။ ဒါပဲ။

အစိမ်းကို ဘာ့ကြောင့်မဲမထည့်တာလဲလို့မေးတော့ လူကြီးတွေကတော့ ကောင်းချင် ကောင်းမှာ ပေါ့။ အောက်က ဖြတ်စားလတ်စား များတယ် ဆိုပြီး သူတို့ရွာကဖွံ့ဖြိုးရေးလုပ်ငန်းတွေ အကြောင်းပြောတယ်။

သူ့စကားကကျေးလက်ပြည်သူတွေ၊ အခြေခံလူတန်းစားတွေဟာ အဖွဲ့အစည်း တစ်ခု ၊ ဒါမှမဟုတ် အစိုးရတစ်ရပ်ကို သူတို့ နေ့စဉ်ဘဝမှာ ကြုံတွေ့ရတဲ့ အခြေအနေနဲ့ ပဲ အကဲဖြတ် တယ် ဆိုတဲ့ သင်ခန်းစာပဲ။ တစ်ချို့ကတော့ ကျွန်တော်က အခြေခံလူတန်းစားတွေ အမြင် အကြောင်း ရေးတဲ့ အခါ ဆိုက်ကားသမား အမြင်၊ ဈေးသည်အမြင် က အရေးမပါဘူး ဆိုတဲ့ သဘော မှတ်ချက် ရေးကြတယ်။ မြန်မာနိုင်ငံလူဦးရေ ၇၀% က ကျေးလက် နဲ့ အခြေခံ လူတန်းစားတွေ ဆိုတာ နားလည်ရင် ဒီလို စကားပြောမှာမဟုတ်ဘူး။

၂၀၂၀ ရွေးကောက်ပွဲမှာတော့ သူတို့ တစ်ရပ်ကွက်လုံးလိုလို အနီပဲလို့ပြောတယ်။ ခင်ဗျားက ဘယ်လို စာရင်းကောက်တာလဲ လို့မေးတော့ “အိမ်တိုင်းလိုလို အလံတွေထောင်တယ်လေ၊ အနည်း ဆုံး စက္ကူအလံတော့ ထောင်တာပဲ။ တစ်ရပ်ကွက်လုံး ရဲပဒေါင်းခတ်လို့” တဲ့။ အင်း ၊ လက်တွေ့ဘ၀ ဆာဗေးပဲ။

ဖေဖော်ဝါရီ ဆန္ဒပြမှုတွေမှာလည်း သူပါခဲ့တယ်။ “ ကျွန်မလည်း ဘာသာနဲ့ထုထားတာမှတ်လို့၊ စိတ်တိုတာပေါ့” တဲ့။ လှိုင်သာယာမှာ ပစ်ခတ်မှုတွေ၊ မီးလောင်မှုတွေ၊ သတ်ဖြတ်မှုတွေ ဖြစ် လာ တော့ အိမ်မှာပဲနေတော့တယ်။ “အဖေတို့ အမေတို့ရှိသေးတယ်၊ သားလေးလည်းရှိတယ်” တဲ့။ ဖေဖော်ဝါရီလနှောင်းပိုင်းက သူ့ခံစားချက်ကိုတော့ “ ကျွန်မလေ၊ ထမင်းလည်း မစားနိုင်ဘူး၊ အိပ် လို့လည်း မရဘူး။ ဘယ်လိုကြီးမှန်းမသိဘူး၊ ကြာတော့ အားပြတ်ပြီး နားထဲကပါ လေထွက်တယ်။” လို့ ပြောပြတယ်။

နောက်တော့ အိမ်မှာရှိတဲ့ ယောကျ်ားသားနှစ်ယောက်လုံးက အလုပ်မရှိတော့ သူပဲ အလုပ် ပြန် ဆင်းရတယ်။ ကိုဗစ်တတိယလှိုင်းဖြစ်တဲ့အချိန်ကတော့ အဆိုးဆုံးပဲ၊ ကံကောင်းလို့ သူ့အဖေနဲ့ အမေ ဘာမှ မဖြစ်ဘဲလွတ်လာတယ်။ ကိုဗစ်ငြိမ်သွားတော့ လှိုင်သာယာက ကျူးကျော်ရပ်ကွက် တွေဖျက်တဲ့အထဲမှ သူတို့လည်း ပါသွားတယ်။ စာချုပ်လည်း ဘာမှလုပ်လို့မရဘူး။ ရန်ကုန် တိုင်းဒေသကြီးအစိုးရက ထုတ်ပေးထားတဲ့ စလစ်ပြားလည်း အသုံးမဝင်ဘူး။ ဒီလိုနဲ့ ၅ ရပ်ကွက် ထဲမှာ အိမ်ငှားပြီးနေရတယ်။ ညောင်တုန်းဘက်မှာတော့ အကွက်ရိုက်ရောင်းနေတယ် ကြား တယ်။ ဒါပေမယ့် ထပ်မဝယ်ရဲ တော့ဘူး။

အခုကတော့ စီးပွားရေးကလည်း မကောင်း၊ နေရတာကလည်း မလုံခြုံတော့ ရွာပြန်မလား ဆိုပြီး စဉ်းစားနေရပြီ၊ သင်္ကြန်တွင်းတော့ တစ်ခေါက်ပြန်ကြည့်မယ်၊ အခြေအနေကောင်းတယ် ဆိုရင် တော့ အဖေနဲ့ အမေကို ခေါ်ပြီး ရွာပြန်မယ်လို့ ပြောတယ်။

နောက်တစ်ခါ ရွေးကောက်ပွဲ လုပ်ရင် မဲပေးဦးမှာလားလို့မေးတော့ ချက်ခြင်း မဖြေဘူး။ စဉ်း စား တယ်။ ပြီးတော့မှာ ကျွန်တော့်ကို “ မဲမပေးရင် ဖမ်းလို့ရလား” လို့ပြန်မေးသဗျ။ “ ပေးချင်ပေး၊ မပေးချင်နေ၊ ခင်ဗျား အခွင့်အရေးပဲ။ ခင်ဗျားကို နှောင့်ယှက်တဲ့လူကိုတောင် အရေးယူလို့ ရတယ်။” လို့ဖြေလိုက်တော့ “အဲဒါမှတ်ထားရမယ်။” လို့ပြောတယ်။ ပြီးတော့ “ဆရာ၊ ကျွန်မ အလုပ်သွားလုပ်လိုက်ဦးမယ်။” ဆိုပြီး ထွက်သွားတယ်။

ကြည့်စမ်း၊ အာဂ အမျိုးသမီး၊ ကျွန်တော့်မေးခွန်းကို မဖြေဘဲ မေးခွန်းပြန်ထုတ်သွားတယ်။ ပြောရေး ဆိုခွင့်ရှိသူဘဝက မီဒီယာတွေကို အရှောင်အတိမ်း လုပ်လာခဲ့သမ ျှ ဝဋ်လည်တာပဲ။

2 thoughts on “လှိုင်သာယာသူ

Leave a Reply to Melody Aung Cancel reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: