ဒီနေ့ မနက် အိမ်က ထွက်မယ်ဆိုတော့ အိမ်ကလူတွေက ဘာဖြစ်လဲမသိဘူး၊ ဆီဆိုင်တွေရှေ့မှာ ကားတွေအများကြီး တန်းစီနေတဲ့ သတင်းတွေတက်နေတယ်ဆိုပြီး သတင်းပေးတယ်။ ကားစက်နှိုး ပြီး ဆီ လက်ကျန်စစ်လိုက်တော့ ဆီက တစ်ဝက်အောက်နည်းနည်းဆင်းနေပြီ။
ဆီလက်ကျန်လည်း နည်းနေပြီ၊ ဆီဆိုင်တွေမှာကားတွေအများကြီး တန်းစီနေပြီ ဆိုတဲ့ အချက် နှစ်ချက် ပေါင်းစဉ်းစားလိုက်တော့ ဆီထည့် ရမယ်ဆိုတဲ့ အဖြေထွက်တယ်။ ဒါနဲ့ လမ်းကြော သင့်တဲ့ ကမ်းနားလမ်းနဲ့ အလုံလမ်းထောင့်က Max ဆီဆိုင်ကို သွားတယ်။
အလိုလေး အရင်က ကမ်းနားလမ်းမှာ Gas ထည့်မယ့် တက္ကစီတွေ တန်းစီတာပဲ မြင်ဖူးတယ်။ အခု တော့ Max ဆီဆိုင်မှာ ဆီထည့်မယ့် ကားတန်းကြီးက အလုံလမ်းထောင့်ကနေ ကမ်းနားလမ်းနဲ့ သစ်တောလမ်းဆုံကိုကျော်နေပြီ။ မသေချာလို့ ရှေ့က ကားကို မေးတော့ ဟုတ် တယ်။ ဆီထည့် ဖို့ တန်းစီနေတာတဲ့။ ပြီးတော့ တစ်ခြားဆိုင်သွားဖို့ မစဉ်းစားနဲ့ ဆိုင်တိုင်း ဒီလိုပဲ။ လေ ျှာက်သွား နေရင် ဆီကုန်တာပဲ အဖတ်တင်မယ်လို့ သတိပေးတယ်။ ဒါနဲ့ သူ့နောက်ကပဲ ဆက် တန်းစီထားလိုက်တယ်။
ဘာ့ကြောင့် ကားတွေအများကြီးဆီလာထည့်နေသလဲလို့ မေးတော့ စင်္ကာပူက ကိစ္စလိုလို၊ သီလဝါ က ကိစ္စလိုလို၊ ရုရှား ပြဿနာလိုလို နဲ့ တိတိကျကျမသိရဘူး။ ဟိုမြို့ ဒီမြို့မှာ တော့ ဆီ ပြတ်သွားလို့ ဆီဆိုင်တွေပိတ်လိုက်ပြီးဆိုတာလည်း ပါရဲ့။ ဆီဆိုင်ရှေ့မှာရှိတဲ့ကားသမားတွေထဲမှာ ဒီသတင်းဟာ ကောလာဟလ လား၊ အဖြစ်မှန်လား အတည်ပြုနိုင်တဲ့သူ မရှိဘူး။ မနက်ဖြန် ဘာဖြစ်မလဲဆိုတာ မသေချာတဲ့အတွက် စိုးရိမ်စိတ်နဲ့ လာတဲ့သူတွေပဲရှိတယ်။
ဒီတော့ ကျွန်တော်လည်း မသေချာတဲ့ သတင်းအချက်အလက်တွေကြောင့် အချိန်ကုန်ခံပြီး တန်း စီနေမလား၊ နောက်နေ့တွေမှ ဆီထည့်မလား စဉ်းစားရတယ်။ ဒါပေမယ့် မနက်ဖြန်မှာ ဆီဈေး မတက်ဘူး၊ ဆီမပြတ်ဘူးလို့ ဘယ်သူအာမခံမှာလဲလို့ စဉ်းစားကြည့်တော့ အဖြေမရှိဘူး။ အဲဒီ အချိန်မှာဘဲ သခင်မြပန်းခြံနားက ဆီဆိုင် ဆီကုန်သွားလို့ ဆိုပြီး အဲဒီမှာ တန်းစီနေတဲ့ ကား တွေ ကျွန်တော်တို့နောက်ရောက်လာတယ်။ ဒီလိုနဲ့ ဘာဖြစ်ဖြစ် ဒီနေ့တော့ ရသလောက်ထည့်သွား မယ်ကွာဆိုပြီး ဆက်တန်းစီနေလိုက်တယ်။
ဒီဖြစ်စဉ်ကို ကြည့်ပြီး လူတွေကို အစိုးရိမ်ကြီးတယ်၊ ကောလာဟလကို လွယ်လွယ်ယုံတယ်ဆိုပြီး အပြစ်တင်ဖို့တော့မသင့်ဘူး။ ပြဿနာတစ်ခု ၊ ကိစ္စရပ်တစ်ခု နဲ့ပတ်သက်ပြီး သတင်းအချက် အလက်ပြည့်ပြည့်စုံစုံမရဘူး၊ ဒီပြဿနာကို စီမံခန့်ခွဲနေသူတွေအပေါ် ယုံကြည်မှုမရှိဘူးဆိုရင် လူတွေကြားမှာ စိုးရိမ်စိတ်တွေမြင့်တက်လာတယ်ဆိုတာ ကိုဗစ် လှိုင်းအဆင့်ဆင့်မှာလည်း ကြုံခဲ့ပြီးပြီ။ ဒီတော့ လူထုကို အပြစ်တင်မယ့် အစားမိမိရဲ့ စီမံခန့်ခွဲမှုအပေါ် လူထု ယုံကြည်မှုရှိအောင်ပဲ ကြိုးစားသင့်တယ်။
တန်းစီထားတဲ့ ကားတွေကတော့ မေ ျှာ်လင့်ချက်နဲ့ တစ်လိမ့်ပြီး တစ်လိမ့် ရှေ့ကို တိုးနေတယ်။ အခြေအနေက မရေရာတော့ ရှိပြီးသား ဆီလေးကို ပိုတန်ဖိုးထားလာတယ်။ ဒီလိုနဲ့ လေအေး စက်ပိတ်၊ မှန်တံခါးဖွင့်၊ နေပူပူ ၊ လေပူပူမှာ ၊ စက်နှိုးလိုက်၊ ရှေ့တိုးလိုက်၊ စက်ပြန်ပိတ်ထား လိုက် နဲ့ ၊ အစိုးရဆိုင်တွေမှာ စာအုပ်လေးနဲ့ ဆီတန်းစီထည့်ရ၊ ဆီပြန်ထုတ်ပြီးရောင်းရ တဲ့ခေတ်ကို ပြန်သတိရစရာပေါ့။
ဟိုင်းဂျက်လေးတစ်စီးကတော့ ဆီဆိုင်နားနီးမှ ဆီကုန်သွားလို့ ဆင်းတွန်းနေရတယ်။ ကားဆရာ က ခါတိုင်းလို ထင်လို့ ဆီလက်ကျန်နည်းမှ လာထည့်တာဗျာ၊ အခုတော့ သေပြီ ဆိုပြီး ငြီးငြူနေ တယ်။ တန်းစီနေတဲ့ ကားသမားတွေလည်း စပြီးတန်းစီကာစကတော့ အပြန်အလှန်စကားတွေ ဘာတွေ ပြော ကြသေးတယ်။ တန်းစီတာ တစ်နာရီနီးပါးရှိလာတော့ စကားပြောချင်စိတ်လည်း မရှိကြတော့ ဘူး။ မျက်နှာတင်းတင်း ဘာကို ဒေါသဖြစ်နေမှန်းမသိတဲ့ပုံနဲ့။ ကျွန်တော်ကတော့ အခုနေ ရုပ်သံ အဖွဲ့တွေက မိုက်လေးထိုးပြီး “ ဦးလေးရှင့်၊ အခုလို တန်းစီနေ ရတဲ့ အပေါ် အမြင်လေး ပြောပါဦး” လို့ လာမေးရင် ဘာတွေဖြစ်ကုန်မလဲလို့ တွေးကြည့်မိ တယ်။
မနက် ၁၁ နာရီ ၁၅ မိနစ်က စပြီးတန်းစီလိုက်တာ ၁၂ နာရီ ၂၅ မိနစ်မှာ ဆီဆိုင်ထဲကို ရောက် တယ်။ 95 က တစ်လီတာ ၁၉ ၇၅ ကျပ်၊ ကားတစ်စီးကို ငါးသောင်းဖိုးပဲရမယ်တဲ့။ ထည့်ပေါ့။ ဆီကလည်းငါးသောင်းဖိုးထည့်တာတောင် တိုင်ကီမပြည့်ချင်ဘူး။ ဒါပေမယ့် နောက်ထပ် ငါးရက်၊ ခြောက်ရက် စိတ်မပူရတော့တဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဆိုင်ထဲက ပြန်ထွက်လာတော့ ကမ်းနားလမ်းပေါ်မှာ မနက်ဖြန်ကို မယုံကြည်နိုင်သူများရဲ့ ကားတွေ တန်းစီနေဆဲပဲ။

